အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းမ်ဘဲလ်သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် လာရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းသည် မြန်မာနိုင်ငံသို့ မေ လ ၉ ရက်နေ့က ရောက်ရှိလာခဲ့ပြီး နေပြည်တော်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၀န်ကြီး၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၀န်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီးနှင့် ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ အလုပ်သ မားဝန်ကြီးဌာန၀န်ကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် တိုင်းရင်းသားအဖွဲ့အစည်းအချို့မှတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရှိသံတမန်အချို့၊ အင်န်ဂျီအိုများ၊ နိုင်ငံရေးပါတီအချို့အပါအ၀င်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။
၎င်းသည် မေလ ၁၀ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်မှ မွန်းလွဲ ၃ နာရီ ကျော်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မတိုင်မီက ကာ့တ်ကင်းမ်ဘဲလ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်ပြည်ထောင်စုသံရုံး၏ ဖိတ်ကြားမှုဖြင့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်ဟောင်းများ နှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး နေအိမ်၌ နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လက်ရှိမြန်မာ့ နိုင်ငံရေးအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုတက်ရောက်ခဲ့သူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ထို့ပြင် ၎င်းသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်ပြည်ထောင်စုသံရုံး၏ ဖိတ်ကြားမှုဖြင့် ယခုနှစ်တွင် ကျင်းပသွားမည့် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေကြသည့် နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများနှင့်လည်း အမေရိကန်သံအမတ်ကြီးနေအိမ်၌ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲအထိ နေ့လည်စာစားသုံးရင်း မြန်မာနိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်၍ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု တက်ရောက်ခဲ့သူတစ်ဦးကဆိုသည်။
အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းမ်ဘဲလ်သည် မေလ ၁၀ ရက်နေ့ ညနေ ၇နာရီတွင် ရန်ကုန်မြို့ရှိ American Center ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် "ယခုခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့ထိတွေ့ဆက်ဆံမှု မူဝါဒများနှင့် ရည်ရွယ်ချက်များကို မီးမောင်းထိုးပြရန်နှင့် ယနေ့အထိ မိမိတို့မြင်တွေ့နေရသည်များနှင့် ပတ်သက်၍ အကြောင်းရင်းများကို တင်ပြရန်ဖြစ်ကြောင်း၊ မြန်မာထိပ်တန်းခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးကြားတွင် အများယုံကြည်လက်ခံသည့် တွေ့ဆုံဆွေးနွေးမှုတစ်ခုနှင့်ပတ်သက် ၍ကမ်းလှမ်းချက်တစ်ခုအတွက် လိုရင်းအချုပ်ကို ပြောကြားခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာအစိုးရကို ရွေးကောက်ပွဲများမတိုင်မီ ကျန်ရှိ သည့်အချိန်အတွင်း open the process ဖြစ်ရေးအတွက်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း"စသည်တို့ ပါရှိသည်။
ကာ့တ်ကင်းမ်ဘဲလ်သည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့်ဒေသတွင်းဆိုင်ရာအစည်းအဝေးတစ်ခုသို့ တက်ရောက်ရင်း မြန်မာနိုင်ငံသို့ လာ ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းသည် မြန်မာနိုင်ငံမှ မေလ ၁၀ ရက်နေ့ ညပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အမေရိကန်တွင် အိုဘားမားအစိုးရတက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံအစိုးရနှင့် ပိုမိုထိတွေ့ဆက်ဆံသွားရန် အမေရိကန်ကတရားဝင် ပြောကြားထားပြီး ယင်းကဲ့သို့ ပိုမိုထိတွေ့ဆက်ဆံသွားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး အရှိန်ရလာ စေရန်ဖြစ်ကြောင်း သိရသည်။
၎င်းသည် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလဆန်းက နှစ်ရက်ကြာ လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ်၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ တရားဝင်မှတ်ပုံတင်ထားသောနိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။




|