Pages

Sunday, May 9, 2010

ဘင်္ဂလားပင်လယ်အော်မှ မိုးကြိုးတိမ်တိုက်ကြီးများ၏ သက်ရောက်မှုကို မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် သတိပြုရန်လိုကြောင်းသိရ






    ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ အချိန်တိုင်းထွာချက်များကို အသုံးပြုပြီး အမေရိကန် ပြည်ထောင်စု အမျိုးသားပင်လယ် သမုဒ္ဒရာနှင့် လေထုရေးရာဌာန (NOAA) ၏ သင်္ချာပုံစံမိုးလေ၀သ ခန့်မှန်းရေး ကွန်ပြူတာပရိုဂရမ်မှ ထွက်ရှိလာသောရလဒ်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အနောက်အလယ်ပိုင်း၊ အရှေ့အ လယ်ပိုင်း၊ အနောက်တောင်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် အလယ်ပိုင်းတွင် မိုးကြိုးတိမ်တိုက်ကြီးများ ဖြစ်ပေါ်ရန် အလားအလာရှိနေသည်ဟု သိရှိရသည်။

    ''မိုးကြိုးတိမ်တိုက်ကြီးတွေ ဖြစ်ဖို့ အလားအလာဟာ မြန်မာ့ကမ်းလွန်နဲ့ အနီးတစ်ဝိုက်ဒေသအတွက်ပါ အကျုံးဝင်ပါတယ်။ ဒီလို မိုးကြိုကာလတွေမှာ မိုးကြိုးတိမ်တိုက်တွေ ဟာ ကမ်းလွန်ဒေသ ကီလိုမီတာ ၅၀ ကနေ ၂၀၀ အတွင်းမှာ နေရာကွက်ပြီးဖြစ်နိုင်ပါတယ်''ဟု ဘင်္ဂလားပင် လယ်အော်တွင်း မိုးလေ၀သအခြေအနေများအား လေ့လာလျက်ရှိသူ စင်ကာပူနိုင်ငံမှ ရေကြောင်းမိုးလေ၀သဆိုင်ရာ ကျွမ်းကျင်သူက သုံးသပ် ပြောကြားသည်။

    ''မိုးကြိုးတိမ်တိုက်ကြီးတွေရဲ့ အောက်ခြေနဲ့အနီး ၀န်းကျင်တစ် ၀ိုက်မှာ အချိန်ပိုင်း မိုးနဲ့မိုးပြေးတွေ ရွာသွန်းနိုင်ပြီးတော့ အဲဒီအရှိန်နဲ့ ပင်လယ်ရေလှိုင်းတွေ ယာယီမြင့်တက်နိုင်ပါတယ်။ အလွန်ကြီးမားပြီးဆဲလ် တစ်ခုထက်မက စုဖွဲ့နေတဲ့ မိုးကြိုး တိမ်တိုက်ကြီးတွေကတော့ သက်တမ်းအားဖြင့် ပိုကြာနိုင်တယ်။ မိုးသက်လေပြင်းတွေ ရေမိုင် ၄၀ က နေ ၅၀ ခန့်အထိ အချိန်ပိုင်းအတွင်း ပြင်းထန်စွာ တိုက်ခတ်နိုင်ပါတယ်'' ဟု အဆိုပါ ကျွမ်းကျင်သူက ဆက်လက်ပြောပြသည်။

    ယင်းသို့ ပြင်းထန်စွာ တိုက်ခတ်မှုကို ကြုံတွေ့ရပါက ရေယာဉ် အကြီး၊ အသေး၊ သယ်ဆောင်သည့် ၀န်အပေါ်မူတည်ကာ အန္တရာယ်ရှိနိုင်ကြောင်း သိရှိရသည်။ ဆိပ်ကမ်းတွင် အလွန်လေးလံသော ပစ္စည်းအတင် အချပြုလုပ်နေသူများ အထူးသတိထားသင့်သည် ဟုလည်း သိရသည်။

    ''ကျွန်တော်ကိုယ်တိုင်လည်း ၁၉၉၁ ခုနှစ် အောက်တိုဘာလလောက်က မြန်မာ့ကြယ်ငါးပွင့် သင်္ဘောနဲ့ မြိတ်နဲ့ထားဝယ်အကြား မှာ နှစ်နာရီ၊ သုံးနာရီလောက် မိုးကြိုးတိမ်တိုက်အောက်မှာ မိုးသက်လေပြင်းဒဏ်ကို ခံခဲ့ရဖူးပါတယ်''ဟု ရေကြောင်း မိုးလေ၀သကျွမ်းကျင်သူ က ပြောပြသည်။

    မိုးကြိုးတိမ်တိုက်ကြီးများ ဖြစ်ပေါ်နိုင်မှု အလားအလာခန့်မှန်းချက်သည် မေလ ၁၅ ရက်နေ့အထိ အကျုံးဝင်ပြီး မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မိုးလေ၀သအခြေအနေ ထူးခြားပြောင်းလဲမှုများကို သတိပြုကာ လုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည်ဟု သိရှိရပါသည်။