|
| ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းကို မေလ ၁၈ရက်နေ့ က တွေ့ရစဉ် |
ဘင်္ဂလားပင်လယ်အော်မှ မုန် တိုင်းငယ်သည် မေလ ၁၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်၌ တည်ရှိနေကြောင်း သတင်းရရှိပါသည်။
အဆိုပါ မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် မေလ ၁၇ ရက်နေ့က စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့သည်ဟု သိရှိရသည်။
မေလ ၁၈ ရက်နေ့ မြန်မာ စံတော်ချိန် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရှိရသည်။
မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ အနောက်မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်းနှင့် မြန်မာနိုင်ငံသို့ ဦးတည်ခြင်းမရှိသေးကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
''မုန်တိုင်းက လတ်တလောမှာ မြန်မာနိုင်ငံကို ဦးတည်ခြင်းမရှိဘဲ အ၀ါရောင်အဆင့်လို့ သိရပါတယ်။ ဒါပေမယ့် ကမ်းခြေတစ်ခုခုကို ဖြတ်ကျော်မသွားဘဲ ပင်လယ်ပြင်မှာပဲ ရှိ နေဦးမယ်ဆိုရင်တော့ အဲဒီလိုတည်ရှိ နေသမျ မြန်မာနိုင်ငံက သတိပြုရဦး မှာပါ''ဟု အဆိုပါ မုန်တိုင်းနှင့်ပတ် သက်၍ လေ့လာမှုပြုလုပ်နေသူ မိုး လေ၀သပညာရှင် ဒေါက်တာ ထွန်း လွင်က သုံးသပ်သည်။
''ဒီရာသီမှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဖြတ်နိုင်ခြေများတယ်။ အိန္ဒိယလည်းပဲဖြစ်နိုင်တယ်။ နောက်နှစ်ရက်လောက်သာ ပင်လယ်ပြင်မှာဆက်ပြီး တည်နေမယ်ဆိုရင်တော့ မြန်မာနိုင်ငံဘက်လည်း အချိန်မရွေး ပြန်လှည့်လာနိုင်တဲ့အတွက် သတင်းထုတ်ပြန်ချက်တွေကို သတိပြုစေချင်ပါတယ်''ဟု ၄င်းက မေလ ၁၈ ရက်နေ့တွင် ပြောကြားသည်။
လတ်တလောကာလသည် မြန်မာနိုင်ငံသို့ မုတ်သုံဝင်ရောက် ခြင်း မရှိသေးသည့်အတွက် မုန်တိုင်းကို သတိပြုရလေ့ရှိသည့် မိုးကြိုကာလကို ဖြတ်သန်းနေရဆဲဖြစ်သည်ဟု သိရှိရသည်။
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ မုန်တိုင်းဖြစ်ပေါ်ချိန်မှသာ ၀င်ရောက်နိုင်မည်ဟု ခန့်မှန်းမှုများလည်း ရှိခဲ့ပြီး မကြာမီတွင် မုတ်သုံလေ တောင်ပိုင်းဒေသများသို့ ၀င်ရောက်ဖွယ်ရှိသည်ဟုလည်း သိရှိရပါသည်။
''မုန်တိုင်းနဲ့ ပတ်သက်လို့တော့ လုံးဝမသက်ရောက်ဘူးလို့ ပြောလို့မရပါဘူး။ အနည်းဆုံးတော့ မိုး သက်လေပြင်းကျတာတွေ၊ မိုးကြီးတာတွေ ကြုံရနိုင်ပါတယ်''ဟု ဒေါက်တာ ထွန်းလွင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အပူပိုင်းမုန်တိုင်းကို သတိပြုရသောကာလများမှာ မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန်ကာလဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့ ဖြစ်သည်ဟု သိရှိရသည်။ နောက်ပိုင်းတွင် မုတ်သုံဝင်ရောက်ချိန် နောက်ကျပြီး မိုးကြိုကာလရှည်လျားလာခြင်းက မုန်တိုင်းရာသီကိုလည်း ရှည်လျားလာစေပြီး မိုးကြိုမုန်တိုင်းများကို ပိုမို သတိပြုလာခဲ့ရသည်။
''သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ သတင်းမျိုး၊ မိုးလေ၀သ သတင်းမျိုးကို မှန်ကန်တိကျပြီး အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးဖို့ဟာ အလွန်အရေးကြီးပါတယ်။ မုန်တိုင်းလို သဘာဝဘေးမျိုးဆို သတင်းထုတ်ပြန်မှုတွေရှိခဲ့ရင် ပြင်ဆင်ချိန်ကောင်းကောင်း ရပါတယ်။ ပြီးခဲ့ တဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတုန်း က လူအသေအပျောက်များပြီး ပျက်စီးဆုံးရှုံးမှုတွေများခဲ့ရတာဟာ ကျွန်တော်တို့မှာ ကြိုတင်ပြင်ဆင်ချိန် မရခဲ့လို့ပါ''ဟု ဂျာနယ်လစ်တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်နှစ်များ၏ မိုးကြိုကာလတို့တွင် မြန်မာနိုင်ငံသို့ အပူပိုင်းမုန်တိုင်းများ သက်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းတို့ ဖြစ်သည်။ |