| | | |
ရန်ကုန်မြို့၌ ရွေးကောက်ပွဲ မဲရုံသရုပ်ပြပွဲ အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် အ.ထ.က(၁) ကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါရွေးကောက်ပွဲ မဲရုံသရုပ်ပြပွဲအခမ်းအနားကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မဲဆန္ဒပေးမည့်သူများထဲတွင် ကရင်တိုင်းရင်းသားမဲဆန္ဒရှင်များ၊ ရခိုင် တိုင်းရင်းသား မဲဆန္ဒရှင်များနှင့် မကျန်းမာသူများ ဆန္ဒမဲပေးသည့် ပုံစံများကိုလည်း သရုပ်ပြခဲ့ကြောင်း သိရှိရသည်။ မဲရေတွက်ရာတွင်လည်း ဆန္ဒမဲများပေးပြီးလျှင် မဲရုံမှူးက အများပြည်သူရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမည်ဖြစ်ကြောင်း သိရသည်။ ကြိုတင်မဲပေးရန်အတွက် စီစဉ်ပေးရန် လိုအပ်သူများမှာ အနာကြီးရောဂါသည်၊ ရောဂါပြင်းစွာခံစားရသူလူနာ၊ အသက်အရွယ်ကြီးရင့်သူ၊ သားဖွားနေသူ၊ အချုပ်သား (ထောင်သားမဟုတ်)၊ ဆေးရုံအတွင်း လူနာ၊ ယာယီတာဝန်သွားရမည့်သူ တို့ဖြစ်ကြောင်း သိရှိရသည်။ ရွေးကောက်ပွဲနေ့တွင် မဲရုံများကို နံနက် ၆ နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ညနေ ၄ နာရီတွင် ပိတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မဲစာရင်းပေးခွင့်ရှိသူအားလုံး မဲပေးပြီးလျှင် စောစီးစွာမဲရုံအားပိတ်နိုင်ပြီး ညနေ ၄ နာရီပြည့်ပြီးနောက် မဲရုံ ပရ၀ဏ်အတွင်း၌ မဲပေးရန်လူများကျန်ရှိသေးလျှင် မဲပေးသူများ မဲပေးပြီးသည့်အချိန်အထိ မဲရုံအား ဖွင့်ပေးထားမည်ဖြစ်ကြောင်း သိရှိရသည်။ |