Pages

Tuesday, June 22, 2010

အရည်အသွေးပြည့်ဝပြီး ဖြောင့်မတ်သော ခေါးဆောင်များပေါ်ထွက်လာရန်(ခေါးဆောင်တွေလားခွေးတွေလား) Eleven Journalရယ်

အရည်အသွေးပြည့်ဝပြီး ဖြောင့်မတ်သော ခေါးဆောင်များပေါ်ထွက်လာရန် အရေးကြီးကြောင်း ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးသမားများပြောကြား      PDF Print E-mail
Share
Election Vote Room
Election Demostrator
        မြန်မာနိုင်ငံတွင် ယခုနှစ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပသွားရန် စီစဉ်ထားရာ အရည်အသွေးပြည့်ဝပြီး ဖြောင့်မတ်သော ခေါင်းဆောင်များ ပေါ်ထွက်လာရန် အရေးကြီးကြောင်း ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး သမားများက ပြောကြားခဲ့ကြသည်။
        "တိုင်းပြည်မှာ အရည်အသွေးပြည့်ဝပြီး ဖြောင့်မတ်တဲ့ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့ အရေးကြီးတယ်ဆိုတာကို လက်ခံပါတယ်။ ဒါက မရှိမဖြစ် လိုအပ်တဲ့ကိစ္စပါ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးသမားတွေအနေနဲ့ ဗိုလ်ချုပ်လိုမျိုး ကြိုးစား ဆောင်ရွက်သင့်ပါတယ်"ဟု ပြည်ထောင်စုဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
        "မိမိရွေးချယ်မယ့် ကိုယ်စားလှယ်အမတ်လောင်းဟာ ပြည်သူလူထုအကျိုးအတွက် ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပေးနိုင်သူဖြစ်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ အရေးကိစ္စတွေမှာ ဦးဆောင်မှုပေးနိုင်သူလည်း ဖြစ်ရပါလိမ့်မယ်။ ပြည်သူ လူထုအပေါ် စာနာစိတ်နဲ့ မေတ္တာ ကရုဏာထားတတ်ပြီး နှိမ့်ချတဲ့စိတ် ထားတတ်သူဖြစ်ဖို့ လိုအပ်ပါတယ်။ ရည်ရွယ်ချက်အပြည့်အ၀နဲ့ အဆုံးအဖြတ်ပေးနိုင်သူကို ရွေးချယ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ ကိုယ်စားလှယ်အမတ်တွေ ပါလီမန်လွှတ်တော်ထဲ ရောက်ရှိမှသာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေအတွက် အဆိုပြုလွှာတွေ တင်သွင်းနိုင်မှာ ဖြစ်ပါတယ်"ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဒေါ်သန်းသန်းနုက ပြောကြားခဲ့သည်။
        လက်ရှိအစိုးရအနေဖြင့် ပြည်သူများလက်ထဲသို့ အာဏာပြန်လည်လွှဲပြောင်းပေးရန် ရည်ရွယ်သည့်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ယခုနှစ်တွင် ကျင်းပပေးသွားမည်ဟု ပြောကြားထားရာ ယင်းရွေးကောက်ပွဲများသည် နိုင်ငံ၌နှစ်ပေါင်း ၂၀ အတွင်း  ပထမဆုံး ကျင်းပသွားမည့် ရွေးကောက်ပွဲများ ဖြစ်လာမည်ဖြစ်သည်။
        ယင်းကဲ့သို့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်လာမည့် ရွေးကောက်ပွဲများ ကျင်းပသွားရန် ရှိနေသော်လည်း ပြည်သူအများစုမှာ မိမိတို့ လတ်တလောကြုံတွေ့နေရသော စား၊ ၀တ်၊ နေရေး ကိစ္စရပ်များအတွက်သာ အာရုံစိုက်အလေးထား နေကြရကြောင်း တွေ့ဆုံမေးမြန်းခဲ့သည့် ပြည်သူများ၏ အဆိုအရ သိရသည်။
        အသက် ၃၀ ၀န်းကျင် ရန်ကုန်မြို့ခံတစ်ဦးက ''နိုင်ငံရေးဆိုတာ ကိုယ့်ဘ၀ကိုလည်း သက်ရောက်မှုတွေရှိတဲ့အတွက် စိတ်ဝင်စားပေမယ့်လည်း လတ်တလော နိစ္စဓူဝအရေးတွေဖြစ်တဲ့ စားဝတ်နေရေးကို အာရုံစိုက်နေရတယ်။ အခု သူတို့ ပြောနေဆိုနေ တာတွေကို ကြားနေ၊ ဖတ်နေရသလောက်ကတော့ အဓိကဖြစ်တဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းပေးမယ်ဆိုတာမျိုး အတိအကျမသိရတော့ ကိုယ်လည်း သိပ်စိတ်မ၀င်စားဘူး။ အားလုံးက ဝေေ၀၀ါးဝါးတွေချည်းပဲ။ အားမရ ပါဘူးဗျာ''ဟု ညည်းတွားခဲ့သည်။
        မြန်မာနိုင်ငံတွင် လက်ရှိ၌ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျောက်ထားသည့် ပါတီ  ၄၂ ပါတီရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၃၆ ပါတီ အနက် ၃၃ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
        ၎င်းတို့အနက် နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီမှာ ငါးပါတီဖြစ်ပြီး ၎င်းတို့မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကရင်အမျိုးသားများ အဖွဲ့ချုပ်၊ မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီတို့ ဖြစ်ကြသည်။
        ကျန်ပါတီများမှာ ပါတီသစ်များဖြစ်ကြပြီး ယင်းတို့အနက် ထက်ဝက်ခန့်မှာ တိုင်းရင်းသားပါတီများ ဖြစ်သည်ကို တွေ့ရသည်။
        မှတ်ပုံတင်ခွင့်ပြုချက် ရရှိခဲ့သည့် ပါတီများအနက် အများစုမှာ တိုင်းရုံးခွဲများ ဖွင့်လှစ်နိုင်ရန် ကြိုးစားလျက်ရှိပြီး မဲဆွယ်စည်းရုံးရေးကိုလည်း စတင်ပြုလုပ်လျက်ရှိသည်။
        နိုင်ငံရေးတွင် ပြည်သူများ၏ စိတ်ပါဝင်စားမှုမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့်နှိုင်းယှဉ်ပါက နည်းပါးနေသေးကြောင်း မဲဆွယ်စည်းရုံးရေးဆင်းနေသည့် နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများက ဆိုကြသည်။
        မဲဆန္ဒနယ် တစ်နယ်တွင် ရွေးကောက်တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိပါက ယင်းပုဂ္ဂိုလ်သာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမည်ဖြစ်၍ မဲဆန္ဒနယ်အားလုံးကို ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် ပါတီအနေဖြင့် ရွေး ကောက်ပွဲတွင် အခြေအနေကောင်း နိုင်ဖွယ်ရှိသည်ဟု ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးသမားများက သုံးသပ်ထားကြသော်လည်း လက်ရှိ၌ မဲဆန္ဒနယ်အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေးပါတီမှာ လက်ချိုးရေတွက်၍ပင်ရကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ခဲ့ကြသည်။
        "ပြည်သူတွေရဲ့အမြင်မှာ  နိုင်ငံရေးနဲ့ပတ်သက်မိရင် အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ အမြင်တွေက အမြစ်တွယ်နေပြီး နိုင်ငံရေးပါတီတွေနဲ့ ပြည်သူကြားမှာ ထိတွေ့ဆက်ဆံမှုဆိုတာလည်း နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ မရှိသလောက် နည်းပါးခဲ့တော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ့် ပါတီတွေအနေနဲ့ ပြည်သူတွေအတွက် ကိုယ်ဘာလုပ်ပေးနိုင်သလဲဆိုတာကို ထုတ်ဖော်ပြောဆိုပြီး မဲဆွယ်စည်းရုံးမှသာ တော်ကာကျမယ်"ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ခဲ့သည်။
        ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြီးစီးပါက ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာသွားမည်ဟု ပြောကြားထားသည်။
        ကျင်းပသွားမည့် ရွေးကောက်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်သွားမည့် အမတ်လောင်းများအနေဖြင့် ပြည်သူများ၏ မျှော်လင့်ချက်များ ပြည့်ဝစေရေး ဆောင်ရွက်ပေးနိုင်ကြသူများ ဖြစ်ကြရုံသာမက အရည်အသွေးပြည့်ဝပြီး ဖြောင့်မတ်သော ခေါင်းဆောင်များ ဖြစ်ကြပါစေဟု တွေ့ဆုံမေးမြန်းခဲ့သော ပြည်သူများကလည်း တိုက်တွန်းခဲ့သည်။