Pages

Tuesday, July 6, 2010

ဒလိုင်းလားမား ၇၅ နှစ်ပြည့် မွေးနေ့


July 6, 2010 Freedom News Group
3
0
မဲပေးပါ
Quantcast

ရဲမြင့်ကျော်၊                ၊ကမ္ဘာ့ အကျော်ကြားဆုံး ဗုဒ္ဓဘာသာ ရဟန်းဖြစ်သူ ၁၄ ဆက်မြောက် ဒလိုင်းလာမားသည်
ယနေ့ အင်္ဂါနေ့တွင် သက်တော် ၇၅ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ ၁၉၃၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် အရှေ့မြောက် တိဘက်ဒေသ၊ အမ်ဒို ပြည်နယ် လယ်သမား မိသားစုမှ ဖွားမြင်ခဲ့ပြီး၊ နှစ်နှစ်သား အရွယ်တွင် ၁၃ ဆက်မြောက် ဒလိုင်းလာမား ပြန်လည် ၀င်စားသူအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
ယခု ဒလိုင်လာမား၏ သက်တော် ၇၅ နှစ်ပြည့် မွေးနေ့သည် ထူးခြားမှုများနှင့် ပြည့်နေသည်ဟု ဆိုကြသည်။ ပထမဆုံး ဒလိုင်လာမား Gedun Drupa (၁၃၉၁-၁၄၇၄) တစ်ဦးသာလျှင် သက်တော် ၇၅ နှစ်ထက် ပိုရှည်ပြီး၊ ၈၄ နှစ်အထိ နေနိုင်ခဲ့သည်။
ဒုတိယ လာမား Gedun Gyatso (၁၄၇၅-၁၅၄၂) က ၆၇ နှစ်၊ ပဉ္စမ လာမား Ngawang Lobsang Gyatso (၁၆၁၇-၈၂)မှာ သက်တော် ၆၅ နှစ်အထိသာ နေခဲ့ကြသည်။ န၀မမြောက် ဒလိုင်းလာမား Kungtok Gyatso မှာ အသက် အတိုဆုံးဖြစ်ပြီး၊ သက်တော် ကိုးနှစ် အရွယ်တွင် ပျံလွန်တော်မူသည်။
လက်ရှိ ဒလိုင်လာမား Tenzin Gyatso မှာ ဆယ်စုနှစ် ငါးခုကျော် ပြည်ပြေးဘ၀ဖြင့် အိန္ဒိယတွင် နေထိုင်ခဲ့သည်။ ၁၉၈၉ နှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ပြီး၊ တစ်ကမ္ဘလုံးရှိ ဘာသာပေါင်းစုံ ပြည်သူများနှင့် နိုင်ငံ ခေါင်းဆောင်များကို ဗုဒ္ဓဘာသာ အမြိုက်တရား အဆက်မပြတ် ဟောပြောချီးမြှင့်နေသည်။ သူ၏ ရိုးရှင်းမှု၊ သီလဖြူစင်မှု၊ ဘာသာရေးနှင့် နိုင်ငံတကာ အသိကြွယ်ဝမှု၊ ဘာသာစကား မြောက်များစွာ တတ်ကျွမ်းမှု တို့ကြောင့် သူ့တရားပွဲတိုင်းတွင် ကမ္ဘာ့ တရားနာ ပရိတ်သတ် ထောင်သောင်းပေါင်းများစွာ ပြည့်နှက်နေသည်။
၁၉၄၉ ခုနှစ်တွင် ရက်စက်သည့် တရုတ်ကွန်မြူနစ် အစိုးရ တိဘက်ကို ၀င်ရောက် သိမ်းပိုက်ပြီးနောက်၊ ဒလိုင်းလာမားသည် တိဘက် လူထု၏ နိုင်ငံရေး အာဏာ အပြည့်အ၀ အပ်နှင်းခြင်းကို ရရှိခဲ့သည်။ ၁၉၅၄ တွင် ပေကျင်းမြို့သို့ သွားရောက်ပြီး အာဏာရှင် မော်စီတုန်း၊ ချူအင်လိုင်၊ တိန့်ရှောင်ပင် တို့နှင့် ငြိမ်းချမ်းရေးစကား ပြောဆိုခဲ့သည်။
၁၉၅၉ ခုနှစ်တွင် တရုတ်စစ်တပ်များ တိဘက်မြို့တော် လာဆာ ကိုသိမ်းပိုက်ပြီးနောက်၊ အိန္ဒိယကို ထွက်ပြေး ရောက်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ ဟင်မာချယ် ပရာဒရှ် ပြည်နယ်ရှိ ဒါရမ်ရှလာမြို့တောင်ကုန်းပေါ်တွင် နေထိုင် သီတင်းသုံးခဲ့သည်။ ထိုတောင်ကုန်းသည် တိဘက် ပြည်ပြေး နိုင်ငံရေး အဖွဲ့ ရုံးစိုက်ရာဖြစ်သည်။
၁၄ ဆက်မြောက် ဒလိုင်းလာမားသည် နိုင်ငံခေါင်းဆောင်လည်း ဖြစ်သလို၊ ဘာသာရေး ခေါင်းဆောင်လည်း ဖြစ်သည်။ တိဘက်ဒေသဆီ ပြန်လိုကြောင်း အမြဲပြောတတ်ပြီး၊ တရုတ်အစိုးရ လက်အောက်တွင် လွတ်လပ်စွာ ခွဲထွက်ခွင့် မတောင်းဆိုဘဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် နေနိုင်ကြောင်း မြွက်ဟသည်။ တရုတ် ကွန်မြူနစ် အစိုးရက သူ့ကို လုံးဝ လက်မခံကြောင်း၊ တိဘက် ခွဲထွက်ရေးသမားဟုသာ ရှုမြင်ကြောင်း တုန့်ပြန်ထားသည်။
တရုတ် အစိုးရကို အပြုံးမပျက် ရဲရဲတောက် ခုခံအာခံနေသူမို့၊ ၂၀၀၇ ခုနှစ်တွင် အမေရိကန် ကွန်ဂရက်မှ သူ့ကို အမြင့်ဆုံး Gold Medal ဆုကို ချီးမြှင့်ခဲ့သည်။ အသက်အရွယ် ထောက်လာလင့်ကစား၊ ဒလိုင်းလာမားသည် ကမ္ဘာအနှံ ခရီးထွက်ပြီး သမ္မတများ၊ ၀န်ကြီးချုပ်များ၊ ဘာသာရေး ခေါင်းဆောင်မျိုးစုံနှင့် တွေ့ဆုံပြီး ဗုဒ္ဓဘာသာ အမြင်များကို ဆွေးနွေးတင်ပြသည်။ ၀ိပဿနာ တရားကို သိပ္ပံအမြင်များနှင့် သုတေသနပြုရင်း၊ လက်တွေ့ ဘ၀ အသုံးပြုနိုင်အောင် ချပြသည်။
အိန္ဒိယတွင် နိုင်ငံရေး ခိုလှုံနေရပေမယ့်၊ ပဲရစ်၊ ဗင်းနစ်၊ ရောမ တို့လို မြို့ကြီးများ နိုင်ငံများ၏ ဂုဏ်ထူးဆောင် နိုင်ငံသား အဖြစ် များစွာ ချီးမြှင့် ခံထားရသူဖြစ်သည်။ ငြိမ်းချမ်းရေး၊ အကြမ်းမဖက်ရေး၊ ဘာသာတရား အချင်းချင်း အပြန်အလှန် နားလည်မှုရှိရေး၊  ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူမှုနှင့် မေတ္တာ ဂရုဏာ ထားရှိရေး၊ လူမှုရေး လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသော ဒဿန စာအုပ်ပေါင်းများစွာ ရေးထားသည်။ တိဘက် ရဟန်းတော်များ၏ နိုင်ငံရေး လူမှုရေး ဆောင်ရွက်မှုများကို သူ့စာများတွင် အမြဲ ရောင်ပြန်ဟပ်ထားသည်။ အင်္ဂလိပ် ဘာသာစကားဖြင့် သူကိုယ်တိုင် စာအုပ် ၇၀ ကျော် ရေးထားပြီး အကြိမ်ကြိမ် ပုံနှိပ် ထုတ်ဝေနေရသည်။
ဗုဒ္ဓ သာသနာ့ ၀န်ဆောင် ရဟန်း တစ်ပါးအနေဖြင့် ဒလိုင်းလာမား၏ တိဘက်လူထု လွတ်မြောက်ရေး၊ ကမ္ဘာသူ ကမ္ဘာသားတို့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများမှာ လေးစားအားကျဖွယ်ပင် ဖြစ်သည်။ လာမား ကိုယ်တော်ကြီး သက်တော်ရာကျော် ရှည်ပါစေ…။
(ဒလိုင်းလာမား သက်တော် ၇၅ နှစ်ပြည့်အတွက် ရဲမြင့်ကျော် ပူဇော်သည်)