ကရင်နှင့် ရခိုင်တော်လှန်ရေး ၃၄ဦးအား တရားစီရင်ချက်ချလိုက်ပြီ
Submitted by Karen Information Center on Wednesday, 14 July 2010No Comment
ဇူလိုင်လ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
အိန္ဒိယနိုင်ငံ ကလကတ္တားအကျဉ်းထောင်တွင် နှစ်ရှည်ထောင် ချုပ်နှောင်ခံထားရသော ကရင်နှင့် ရခိုင်တော်လှန်ရေးသမား အ ကျဉ်းသား ၃၄ဦးကို ကလကတ္တား တရားရုံးတခုက တစ်ဦးလျှင် ထောင်ဒဏ် ၁နှစ်၊ ၃လနှင့် ဒဏ်ငွေ အိန္ဒိယရူပီ ၆,၀၀၀ဖြင့် ဇူလိုင်လ ၁၂ ရက်နေ့က စီရင်ချက်ချလိုက်ပြီဟု သိရသည်။အိန္ဒိယနိုင်ငံရှိ ဗဟိုထောက်လှမ်းရေးဗျူရို (စီဘီအိုင်)၏ တရားစွဲဆိုခြင်းခံရသော ၎င်းအကျဉ်းသားများသည် အိန္ဒိယပိုင်နက် အန်ဒမန်နှင့် ဂရိတ်နီကိုဘာကျွန်းစုထဲမှ လန်းဖောလ်ကျွန်း(Landfall)တွင် လက်နက်နှင့် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်ထားရှိ မှု၊ ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိမှု၊ နိုင်ငံခြားသား အက်ဥပဒေအရ အိန္ဒိယနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မှုတို့ ဖြင့် အမှုစစ်ဆေးခြင်းမရှိဘဲ ၁၂နှစ်ကြာ ထိန်းသိမ်းခံရပြီးနောက် ယခုလို ထောင်ဒဏ်စီရင်ခံရခြင်း ဖြစ်သည်။ အဆိုပါစီရင်ချက်အပေါ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “အခု သူတို့ကို စီ ရင်ချက်ချလိုက်တယ်ဆိုပေမယ့် ထောင်ထဲမှာ နေရဦးမယ်။ နောက်တခုက ဒဏ်ငွေကိစ္စ။ မပေးနိုင်ရင် နောက်ထပ် ထောင်ထဲ မှာ ၈လ နေရဦးမယ်လို့ ကြားတယ်။ ဒါ ငွေညစ်စားနေတာ။ အမှုကို မစစ်ဆေးဘဲ ၁၂နှစ်ကျော်ထားတာကလည်း ဥပဒေနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခြေအနေရောက်မှတော့ သူတို့ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်”ဟု ဆိုသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(အေအယ်လ်ပီ)၏ ခေါင်းဆောင်တဦးဖြစ်သူ ခိုင်နေလင်းကလည်း “ဒီလို စီရင်ချက်ချလိုက်တာ ဟာ လွတ်မြောက်တာနဲ့ အတူတူပဲ။ သူတို့ ထောင်ဒဏ်ချခံရပြီးရင် လွတ်လာမယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် ၁၂နှစ် ချုပ် နှောင်ထားပြီးမှ အခုမှ ချတယ်ဆိုတာ တရားတယ်လို့ ဘယ်လိုမှ ပြောလို့ မရဘူး”ဟု ကေအိုင်စီကို ပြောသည်။
စီရင်ချက်ခံရသူ အကျဉ်းသားများ၏ ဒဏ်ငွေနှင့် ပတ်သက်၍ အမှုတခုလျှင် ရူပီငွေ ၂,၀၀၀၊ အမှုသုံးခုပေါင်းလျှင် ရူပီငွေ ၆,၀၀၀ကိုယ်စီဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပြီး ယင်းဒဏ်ငွေတို့ကို ၎င်းတို့က ပေးဆောင်နိုင်ခြင်းမရှိပါက နောက်ထပ် ထောင် ဒဏ် ၂လစီကျခံရန် တရားရုံးက ဆုံးဖြတ်ထားကြောင်း သိရသည်။
အိန္ဒိယအစိုးရက နိုင်ငံခြားသားအက်ဥပဒေအရ အိန္ဒိယနိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်မှုဖြင့် ၎င်းတို့ကို ဆက်လက်ဖမ်းဆီး ရန် အစီအစဉ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ထိုသို့ မဖြစ်အောင် အကျိုးဆောင်ရှေ့နေများက ဆက်လက် ကြိုးပမ်းသွားမည်ဟုလည်း သိရှိရသည်။
မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် ရခိုင်ပြည်အမျိုးသားညီညွှတ် ရေးပါတီ(အဲန်ယူပီအေ) တပ်ဖွဲ့တို့သည် ၁၉၉၈ခုနှစ်တွင် အိန္ဒိယအစိုးရ စစ်တပ်တို့နှင့် အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် ဂရိတ်နီကို ဘာကျွန်းစုရှိ လန်းဖောလ်ကျွန်းပေါ်တွင် ရေတပ်စခန်းတည်ဆောက်ရန် သဘောတူညီမှုတခု ရှိခဲ့သည်။
ထိုသဘောတူချက်အရ ၎င်းတို့သည် အိန္ဒိယသို့ ထွက်ခွာကာ အိန္ဒိယရေပိုင်နက် လန်းဖောလ်ကျွန်း(Landfall Island)အ ရောက် ၁၉၉၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် အိန္ဒိယရေတပ်၊ စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးခြင်းခံရပြီး အဖွဲ့ခေါင်း ဆောင် ဗိုလ်စောထွန်း၊ ပဒိုစောမူးလွယ်၊ ဗိုလ်စောမြင့်၊ ဗိုလ်ရာဇာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လင်းဇံခိုင်တို့ ပစ်သတ်ခံခဲ့ရသည်။
ကျန်ရှိသည့် တော်လှန်ရေးသမား ၃၄ဦးအား အန်ဒမန်နှင့် ဂရိတ်နီကိုဘာကျွန်းစုရှိ ပို့ဘလဲယားအကျဉ်းထောင်တွင် တစုံတရာ တရားစီရင်စစ်ဆေးမှုမရှိဘဲ ၈နှစ်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ၂၀၀၆ခုနှစ်၌ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့များ၏ ကြိုးပမ်းမှု ကြောင့် ကလကတ္တားအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရကာ ယခု ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့တွင် အမှုကို အပြီးသတ် စီ ရင်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယဥပဒေအရ တရားစီရင်ခြင်းခံရသည့် မြန်မာတိုင်းရင်းသား တော်လှန်ရေးသမားများအနက် ကေအဲန်ယူ အဖွဲ့ဝင် ၁၁ဦးနှင့် အဲန်ယူပီအေ အဖွဲ့ဝင် ၂၃ဦး ပါဝင်သည်။