Pages

Saturday, July 17, 2010

ဘာကလေမြို့တော်ကောင်စီ မြန်မာ့ရွေးကောက်ပွဲကို အသိအမှတ်မပြု




၂၀၀၉သြဂတ်စ်လ ၈ ရက်နေ့ “မြန်မာနေ့”အခန်းအနား (ဘာကလေမြို့)

မြန်မာ့ဒီမိုကရေစီရေးကို အမြဲတမ်း ရှေ့တန်းကနေ အားပေးထောက်ခံလေ့ရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေ မြို့မှာ မြို့တော်ကောင်စီက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ၂ ရပ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ချမှတ်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရ ကျင်းပဖို့စီစဉ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီအင်အားစုတွေ ချန်လှပ်ထားပြီး လွတ်လပ်ပြီး တရားမျှတမှုတွေလဲ မရှိတာကြောင့် ဒီရွေးကောက်ပွဲတွေကို ဘာကလေ မြို့တော်ကောင်စီကတော့ လက်မခံတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာပါ။ အခုလို ဘာကလေမြို့မှာ ချမှတ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မြန်မာ-အမေရိကန် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ဥက္ကဌ ကိုညွှန့်သန်းက အခုလို ရှင်းပြပါတယ်။
“အဓိက ဆုံးဖြတ်ချက် ၂ ခုပါ။ တခုကတော့ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီဟာ မြန်မာပြည်က တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်သင့်တဲ့သူတွေ ဖြစ်တယ်။ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ အတုအယောင် လိမ်ညာမှုသာ ဖြစ်တယ်။ တရားမ၀င်ဘူး ဆိုတဲ့ အချက်အလက်တွေကို ထောက်ပြထားတဲ့ ကြေညာထားတဲ့ အချက်ဖြစ်တယ်။ နောက်တခုကတော့ အမေရိကန်ပြည်ထောင်စု လွှတ်တော်မှာ HR-898 ဆိုတာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက တင်ထားတယ်။ အဓိက ကတော့ မြန်မာပြည်မှာ စေ့စပ်ဆွေးနွေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းသားတွေ လွတ်မြောက်ရေး၊ အထူးသဖြင့်တော့ စစ်အစိုးရကနေပြီးတော့ ပြည်သူတွေ အပေါ်မှာ ကျူးလွန်နေတဲ့ Crimes Against Humanity ပေါ့နော်။ အဲဒီလို ပြည်သူတွေ အပေါ်မှာ ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်ပေါ့နော်။ အဲဒါကို ကျနော်တို့ဘက်မှာရှိတဲ့ လွှတ်တော် အမတ်တယောက်ပေါ့နော် ဘာဘရာ လီး (Barbara Lee) ကနေပြီးတော့ အဲဒီ bill ကို စပွန်ဆာ လုပ်ပေးပါ ဆိုပြီးတော့ City Council ကနေ တိုက်တွန်းတဲ့ resolution က နောက်တခု ဖြစ်ပါတယ်။”
၂၀၀၉သြဂတ်စ်လ ၈ ရက်နေ့ “မြန်မာနေ့”အခန်းအနား (ဘာကလေမြို့)
အခုလို ဆုံးဖြတ်ချက်တွေက ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန့်လှုပ်ရှားနေသူတွေကို စိတ်ဓါတ်ရေးရာအရ အားပေးရာရောက်မှာ ဖြစ်သလို ဒီလိုမျိုး ဆုံးဖြတ်တွေနဲ့ ဖိအားတွေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့ တစုံတရာ တွန်းအားဖြစ်စေလိမ့်မယ်လို့လဲ ကိုညွှန့်သန်းက ပြောပါတယ်။
“ဒီလို ဆုံးဖြတ်ချက်တွေနဲ့ မြန်မာပြည်သူတွေ၊ မြန်မာပြည်တွင်းမှာ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် တို့လို အဲန်အယ်လ်ဒီ တို့လိုပေါ့နော်၊ ကျောင်းသားခေါင်းဆောင် အားလုံးဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို အသိအမှတ် ပြုတယ်။ သူတို့ကို မမေ့သွားဘူး။ သူတို့ရဲ့ လှုပ်ရှားမှုတွေရဲ့ နောက်မှာ ပြည်သူတွေ အများစုက ရှိနေတယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် သူတို့ကို အနည်းဆုံးတော့ ကျနော်တို့ စိတ်ဓါတ်ရေးရာအရ အလွန်အရေးကြီးပါတယ်။ ခွန်အားဖြစ်စေပါတယ်။ တဘက်ကလဲ ဒီလို လှုပ်ရှားမှုတွေ အနည်းငယ်စီ ပေါင်းပြီးတော့ပဲ ကမ္ဘာကြီးမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့ကြတာချည်းပဲ။ မြန်မာပြည် အခုလို သောင်မတင် ရေမကျနဲ့ အခြေအနေဆိုးကို သွားနေရတာက မြန်မာပြည်သူတွေရဲ့ လှုပ်ရှားမှုကို မပြည့်ဝလို့လဲ မဟုတ်ဘူး။ ဒီဘက်က ထောက်ခံမှုအား နည်းနေလို့လဲ မဟုတ်ဘူး။ စစ်အစိုးရနဲ့ အိမ်နီးနားချင်း နိုင်ငံတချို့ကနေ တိုင်းပြည်ရဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ်ပြီး သူတို့ကိုယ်ကျိုးအတွက် သုံးနေတာကြောင့် ဒီလောက်ထိ ဆက်ခံနေတာ ဖြစ်ပါတယ်။
"ကျနော် ဆိုလိုတာကတော့ ဒီဥစ္စာက အကျိုး အတိုင်းအတာ တခုအထိ ဖြစ်ပါတယ်။ လိုအပ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်ကြီး ပြောင်းလဲသွား လောက်အောင်တော့ ချက်ချင်းကြီး ဖြစ်မှာမဟုတ်သော်လဲ ဒီလို လှုပ်ရှားမှုတွေ စဉ်ဆက်မပြတ် ရှိနေမှသာလျင် တနေနေ့မှာ၊ မကြာတော့သော တနေ့နေ့မှာ အဲဒီလို ပြုပြင်ပြောင်းလဲမှုဆီကို ဦးတည်အောင် တွန်းပို့နေတယ်လို့ ကျနော် ယုံကြည်ပါတယ်။”
မြန်မာ-အမေရိကန် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ဥက္ကဌ ကိုညွှန့်သန်း ပြောပြခဲ့တာပါ။ ဘာကလေမြို့ဟာ မြန်မာ့ဒီမိုကရေစီရေးကို ရှေ့တန်းကနေ အားပေးထောက်ခံနေတဲ့ မြို့ဖြစ်ပါတယ်။ ဘာကလေမြို့ရဲ့ ဦးဆောင်လှုပ်ရှားမှုနဲ့ပဲ ၁၉၉၅ ခုနှစ်ကလဲ အမေရိကန် ပြည်ထောင်စုမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံနေတဲ့ ကုမ္ပဏီတွေက ကုန်ပစ္စည်းတွေကို ၀ယ်ယူခြင်းပိတ်ပင်တဲ့ Selected Purchasing Law လို့ခေါ်တဲ့ ဆုံးဖြတ်ချက်တခု စပြီးတင်ခဲ့ရာကနေ အမေရိကန်နိုင်ငံမှာရှိတဲ့ မြို့ကြီးတချို့နဲ့ မန်ဆာချူးဆက်ပြည်နယ်ကပါ ထောက်ခံခဲ့တဲ့ အတွက် ပက်စီကိုလာ အပါအ၀င် အမေရိကန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတချို့ မြန်မာပြည်ကနေ ထွက်ခွာသွားခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာလဲ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အသတ်အမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားခဲ့တဲ့ သြဂတ်စ်လ ၈ ရက်နေ့ကိုလဲ “မြန်မာနေ့” အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ဘာကလေ မြို့တော်ခမ်းမရှေ့မှာ မြန်မာနိုင်ငံတော်အလံနဲ့ ခွပ်ဒေါင်းအလံတွေကို လွှင့်ထူဂုဏ်ပြုတာတွေလဲ လုပ်လာခဲ့တာရှိပါတယ်။