Pages

Wednesday, July 21, 2010

အပိုပစ္စည်းရှားပါး၍ သက်တမ်းကြာမြင့်သော လေယာဉ်များနေရာတွင် တရုတ်နိုင်ငံလုပ် လုံခြုံစိတ်မချရသောအပေါစားလေယာဉ်သစ်များ ဖြင့်အစားထိုးမည်ဟု သိရ

PDF Print E-mail

    အပိုပစ္စည်းရှားပါး၍ သက်တမ်းကြာမြင့်သော လေယာဉ်များနေရာတွင် လေယာဉ်သစ်များ ၀ယ်ယူပြေးဆွဲနိုင်ရန် မြန်မာ့လေကြောင်းမှ စီစဉ်လျက် ရှိကြောင်းနှင့် လောလောဆယ်တွင် ဖော်ကာ F-27 လေယာဉ်များကို တရုတ်နိုင်ငံလုပ် လေယာဉ်သစ်များဖြင့် အစားထိုးပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့လေကြောင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    မြန်မာ့လေကြောင်းမှ ATR-72 နှစ်စင်း၊ ATR-42 တစ်စင်း၊ ဖော်ကာ F-28 သုံးစင်း၊ ဖော်ကာ F-27နှစ်စင်း စုစုပေါင်းရှစ်စင်းဖြင့် ခရီးစဉ် ၂၅ ခု အား ပျံသန်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
အဆိုပါပျံသန်းပြေးဆွဲ လျက်ရှိသည့်လေယာဉ်များမှ ဖော်ကာ F-27 လေယာဉ်မှာ ၁၉၆၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး လက်ရှိအချိန် တွင် နှစ်ပေါင်း ၄၇ နှစ်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ၁၉၇၈ ခုနှစ်တွင် စတင် အသုံးပြုခဲ့သည့် ဖော်ကာ F-28 လေ ယာဉ်မှာလည်း ၃၂ နှစ် သက်တမ်းရှိပြီ ဖြစ်ကြောင်း သိရသည်။

    ယင်းကြောင့် အဆိုပါလေယာဉ် များသည် အသုံးပြုမှုကြာမြင့်ပြီး လဲလှယ်ရန် အပိုပစ္စည်းရှားပါးလာသည့် သက်တမ်းရင့် လေယာဉ်များအဖြစ် သို့ရောက်ရှိလာခဲ့သည်။ မြန်မာ့လေကြောင်းသည် Safety၊ Service နှင့် Image အား အဓိကထားသော လေကြောင်းလိုင်းဖြစ်သည့်အတွက် အဆိုပါ လေယာဉ်များအား လေယာဉ်အသစ်များဖြင့် အစားထိုးပြေးဆွဲသွားမည် ဖြစ်သည်ဟု မြန်မာ့လေကြောင်းနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူက ထပ်မံပြောပြခဲ့သည်။

    ' F-27လေယာဉ်ကို အသုံးပြုခဲ့တာကြာပါပြီ။ ဒီတော့ အပိုပစ္စည်းရှားလာတဲ့ အနေအထားရှိတယ်။ သက်တမ်းရင့်လာရင် Safety ပိုင်း အားနည်းချို့ယွင်းလာနိုင်တယ်။  ခရီးသည်တွေကို အချိန်မှန်ပို့ဆောင်မှုပိုင်း အားနည်းလာမယ်။ အခု F-27 လေယာဉ်နေရာမှာ MA -60 လေယာဉ်တွေနဲ့ အစားထိုးပျံမှာပါ' ဟု ၎င်းက ရှင်းပြခဲ့သည်။

    လောလောဆယ်အားဖြင့် ဖော်ကာ F-27 နေရာတွင် တရုတ်နိုင်ငံလုပ် လေယာဉ် MA-60  လေယာဉ်များဖြင့် အစားထိုး ပြေးဆွဲသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဖော်ကာ F-28 လေယာဉ်များကိုလည်း ၎င်းတို့နှင့် အမျိုး အစားတူလေယာဉ်ဖြင့် ပျံသန်းပြေးဆွဲသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ MA -60 လေယာဉ်များသည် ပျံသန်းထားခြင်း မရှိသေးသည့် Time Since New (TSN 0) Turbo Prop လေယာဉ် အမျိုးအစားများဖြစ်ပြီး ခရီးသည် ၅၀ ဦးဆံ့ကြောင်း သိရသည်။

    မြန်မာ့လေကြောင်း၏ ATR-72 နှင့် ATR-42 လေယာဉ်များမှာမူ ပြေးဆွဲသည့်သက်တမ်း ၁၀ နှစ်နှင့် ၁၅ နှစ်သက်တမ်း ၀န်းကျင်သာ ရှိနေသေးသည့်အတွက် အဆိုပါလေယာဉ်များကိုမူ အစားထိုးလဲလှယ်သွားရန် အစီအစဉ်မရှိသေးကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောပြခဲ့သည်။