Pages

Thursday, August 26, 2010

ကြံ့ဖွတ်တွေသက်ကြီးပိုင်းတွေတောင်ချမ်းသာမပေး

အသက် ၅၀ ကျော် သက်ကြီးပိုင်းများအား ကြံ့ဖွံ့ပါတီဝင်အဖြစ် အဓမ္မ သွတ်သွင်းနေ

E-mail Print
တာချီလိတ်မြို့ကြံ့ဖွံ့ပါတီကော်မတီဝင်များ အချို့ရပ်ကွက်များအတွင်းလှည့်လည်ပြီး တစ်အိမ်တက်ဆင်း အသက် ၅၀-၆၀ ကျော်(အမျိုးသမီးခပ်များများ)အား ဓါတ်ပုံရိုက်ယူပြီးနောက် ပါတီဝင်ကဒ်ပြားပြုလုပ်ကာ ပါတီဝင်အဖြစ် အဓမ္မသွတ်သွင်း လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

“ခြံဝင်းထဲဝင်လာပြီးဘာမှမရှင်းပြဘူး။ ဓါတ်ပုံအတင်းခေါ်ရိုက်တယ်။ ဓါတ်ပုံပြန်ပို့လာပေးမယ်လို့ပြောတယ်။ ဘာ အတွက်ရိုက်လဲမသိဘူး။ ပြီးတော့ပြန်သွားကြတယ်။ အင်္ကျီဖြူထမီပုဆိုးစိမ်းကိုယ်စီနဲ့ဆိုတော့ ကျေးလက်ကနေမြို့ထဲ ပြောင်းနေတဲ့ မသိနားမလည်သူခပ်များများက ကြောင်အန်းအန်းနဲ့ဘာမှသိပ်မမေးရဲကြဘူး။ ၂-၃ ရက်ကြာတော့ ပါတီဝင်ကဒ်ပြားပို့လာတယ်” ဟု ပုန်းထွန်သူတစ်ဦးကပြောပါသည်။

သြဂတ်စ် ၂၀ ရက်မှစ၍ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးတို့က ကြံ့ဖွံ့ဝတ်စုံဖြင့် တာချီလိတ်မြို့ပေါ်ပုန်းထွန်နှင့် ဆန်ဆိုင်းရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းပြီး ထိုကဲ့သို့ဓါတ်ပုံရိုက်ယူကြသည်ဟုဆို၏။

“အသက် ၅၀-၆၀ လူကြီးပိုင်းအမျိုးသမီးခပ်များများဘဲယူတယ်။ လူငယ်ပိုင်းတော့သိပ်မပါဘူး။ အမျိုးသား ၂ ယောက် က သူတို့ပါလာတဲ့မိုးပြာရောင်နောက်ခံပိတ်စကို နံရံနားရပ်ပြီးကာထားပေးတယ်။ ပိတ်စရှေ့ရပ်ခိုင်းပြီး အမျိုးသမီးက ရိုက်ယူတယ်” ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်မှဒေသခံတစ်ဦးက ပြောပါသည်။

မယက၊ လ၀ကရုံးရှိ အိမ်ထောင်စုစာရင်းများတောင်းယူမိတ္တူလုပ်၍ နာမည်ရွေးကာဖောင်ဖြည့်ထားပြီး ဓါတ်ပုံကပ်ရန် ထိုကဲ့သို့ဓါတ်ပုံလိုက်ရိုက်ကြခြင်းဖြစ်ကြောင်း၊ ကြံ့ဖွံ့ပါတီအင်အားတောင့်တင်းရန် နည်းမျိုးစုံသုံး၍လုပ်နေခြင်းဖြစ် ကြောင်း တာချီလိတ်ဒေသခံတစ်ဦးကပြောပါသည်။

ဂျွန်လဆန်းပိုင်း ကြံ့ဖွံ့အသင်းမှကြံ့ဖွံ့ပါတီသို့ကူးပြောင်းစဉ် ကျိုင်းတုံမြို့နယ်ကြံ့ဖွံ့အကြီးအကဲများက ဒေသခံလူထု အား “အသက် ၁၈ နှစ်အထက် ရွာသူရွာသားအားလုံး ကြံ့ဖွတ်ပါတီဝင်ရမယ်။ မ၀င်တဲ့သူတွေ နိုင်ငံတော်ကိုပုန်ကန်တဲ့ စာရင်းထဲပါသွားမယ်” ဟု ခြိမ်းခြောက်၍အဓမ္မသွတ်သွင်းခဲ့ကြောင်း ကျိုင်းတုံသားတစ်ဦးကပြောပါသည်။