တရုတ်လေတပ်မှ SU-27 တိုက်လေယာဉ်တစ်စင်း |
တရုတ်နိုင်ငံက အကြီးစား လေတပ်စစ်ရေးလေ့ကျင့်မှုတစ်ခုကို ဇူလိုင်လ ၃ ရက်နေ့မှ စတင်၍ နိုင်ငံအလယ်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင် ၅ ရက်ကြာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Vanguard 2010 ဟု အမည်ပေးထားသည့် ယင်းစစ်ရေးလေ့ကျင့်မှုတွင် တိုက်ခိုက်ရေး ဂျက်လေယာဉ်များ၊ ထောက်လှမ်းရေး လေယာဉ်များ၊ ရဟတ်ယာဉ်များ ပါဝင်ခဲ့ကြောင်း သိရသည်။
အမေရိကန်၏ စစ်ရေးလေ့ကျင့်မှုများအား တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ရေတပ်စစ်ရေးလေ့ကျင့်မှုများ အပါအ၀င် ဇွန်လနှင့်ဇူလိုင်လများအတွင်း စစ်ရေးလေ့ကျင့်မှုများစွာကို ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ပြောကြားခဲ့သည်။
ယခုပြုလုပ်သည့် လေတပ်စစ်ရေးလေ့ကျင့်မှုတွင် စစ်သားအရေအတွက် ၁၂၀၀၀ ဦး ပါဝင်ပြီး နိုင်ငံအလယ်ပိုင်း ဟန်နန်ခရိုင်နှင့် အရှေ့ဘက်ကမ်းရိုတန်းမှ ရှန်ဒေါင်းခရိုင်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒေသများသည် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ စစ်ရေးအရ မဟာဗျူဟာကျသော နေရာများဖြစ်ကြောင်း သိရသည်။
တရုတ်စစ်တပ်ပိုင် 'စစ်ဘက်ရေးရာ အပတ်စဉ်'သတင်းစာက ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများသည် ပုံမှန်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဒေသတွင် သြဇာကြီးမားရေးအတွက် ပြုလုပ်ခြင်း မဟုတ်ကြောင်း၊ မိမိနိုင်ငံ အကျိုးစီးပွားအတွက် ခြိမ်းခြောက်လာမှုများကိုသာ တုံ့ပြန်ရန်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။
ဇူလိုင်လကုန်ပိုင်းတွင် ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပင်လယ်ဝါအတွင်း စစ်ရေးလေ့ကျင့်မှုသည် မိမိတို့နိုင်ငံ၏ လုံခြုံရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်မှု ဖြစ်စေကြောင်း တရုတ်အစိုးရအာဏာပိုင်များက ပြောကြားခဲ့သည်။
ထို့ပြင် တောင်တရုတ်ပင်လယ် ရေပိုင်နက်နှင့်ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံများတွင် တရုတ်နိုင်ငံ၊ တရုတ်(တိုင်ပေ)၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်တို့ ပါဝင်လာကြောင်း သိရသည်။ ယင်းရေပိုင်နက်မှာ မိမိတို့နှင့် သာ သက်ဆိုင်ကြောင်း တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ပိုမိုတင်းမာလာသော ရပ်တည်ချက်ကို အရှေ့တောင်အာရှ နိုင်ငံများကလည်း စိုးရိမ်လျက်ရှိကြောင်း သိရသည်။