Pages

Tuesday, August 24, 2010

တရုတ်နှင့် မြောက်ကိုရီးယားတွင် ရေကြီးမှုကြောင့် လူတစ်သိန်းကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့


Water Floating
        တရုတ်နိုင်ငံတွင် ဆိုးရွားသော ရေလျှံမှုများကြောင့် လူလေးဦး သေဆုံးပြီးနောက် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် လူ ၁၂၀၀၀၀ ကျော်အား ရွှေ့ပြောင်းပေးခဲ့ရသည်။
        အိမ်နီးချင်း မြောက်ကိုရီးယားတွင်လည်း ရေကြီးမှုများကြောင့် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ ရုတ်တရက်သည်းထန်စွာ ရွာသွန်းသော မိုးကြောင့် တရုတ်နှင့် မြောက်ကိုရီးယားကို ပိုင်းခြားထားသော ရာလူးမြစ်မှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ရာသီဥတု ခန့်မှန်းသူများက မိုးသည်းထန်စွာ ထပ်မံရွာသွန်းနိုင်ကြောင်း သတိပေးခဲ့သည်။
        မိုးကြီးမှုများကြောင့် သုံးရက်အတွင်း လျောင်နင်းပြည်နယ်တွင်  လူ ၁၂၇၀၀၀ ခန့်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု တရုတ် ပြည်သူ့ရေးရာဝန်ကြီးဌာနက သြဂုတ်လ ၂၂ ရက်နေ့က ကြေညာခဲ့သည်။ မြောက်ကိုရီးယားနယ်စပ် အ နီး တန်တောင်း မြို့တစ်မြို့တည်း၌ပင် လူ ၆၄၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ရပြီး လျှပ်စစ်ဓာတ်အားနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတချို့ ပြတ်တောက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
        ရေကြီးမှုများကြောင့် တန်တောင်းမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာရှိ ကူအန်ဒီယန်ခရိုင်တွင် လူလေးဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရေကြီးမှု ထိန်းချုပ်ရေး အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာက ဖော်ပြခဲ့သည်။
        အိမ်နီးချင်း မြောက်ကိုရီးယားတွင်လည်း တရုတ်နယ်စပ်အနီး ဆင်နွီဂျူးမြို့နှင့်အနီးရှိ ကျေးလက်ဒေသများတွင် ရေလျှံမှုများ ဖြစ်ပွားပြီးနောက်လူ ၅၀၀၀ ကျော်ကို ဘေးကင်းရာ နေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု အစိုးရ သတင်းအေဂျင်စီ ကေစီအန်အေက ဖော်ပြခဲ့သည်။
        ယခုနှစ်နွေရာသီတွင် တရုတ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူ ၃၉၀၀ ခန့် သေဆုံးခဲ့သည်ဟု တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများ အရ သိရသည်။