Pages

Sunday, August 15, 2010

၂၀၁၀ ရွေးကောက်ပွဲ အပေါ် ပြည်သူ လူထု စိတ်ဝင် စားမှု မရှိကြောင်း ပြည်တွင်းထုတ် Myanmar Time ဂျာနယ် တွင် ဖော်ပြ




လက်ရှိ အနေ အထားတွင် လူထု၏ နိုင်ငံရေး အပေါ် စိတ်ဝင် စားမှုမှာ အားရ ကျေနပ်ဖွယ် မရှိကြောင်း နှင့် အချို့မှာ မဲပေးရန်ပင် စိတ်ဝင် စားမှု နည်းနေသည်ကို တွေ့ရကြောင်း နိုင်ငံရေး သမားများ နှင့် နိုင်ငံရေး လေ့လာ သုံးသပ်သူ များက ပြောကြားကြောင်း ပြည်တွင်းထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည် ကိုတွေ့ရှိ ရသည်။

ထို မြန်မာတိုင်း(မ်) ဂျာနယ်တွင် မြန်မာပြည်ရှိ ပြည်သူ အများစုမှာ နိုင်ငံရေး ပါတီ ၀င်ရန်နှင့် နိုင်ငံရေး သမားများ နှင့် ပတ်သက်ရန် စိုးရွံ့ စိတ်များ ရှိနေပြီး ပါတ အချို့အပေါ် ယုံကြည် မှုမရှိ သည်ကိုလည်း တွေ့ရကြောင်း "ပါတီ တွေက လက်ရှိ အနေ အထား မှာ မီးစင် ကြည့်ပြီး ကနေတဲ့ အခြေ အနေ ဖြစ်နေတယ်။ လူထု ကလည်း ပါတီ တွေကို စိတ်မ၀င်စား ဘူး။ ရွေးကောက်ပွဲ ရလဒ် ထွက်လာပြီး နောက်ပိုင်း အခြေ အနေ ကိုတော့ စိတ်ဝင် စားနိုင်တယ်။ ရွေးကောက်ပွဲ ကာလမှာ ပါဝင် ဆောင်ရွက် ဖို့ကိုတော့ စိတ် မ၀င်စားဘူး" ဟု ရန်ကုန်မြို့နေ အသက် ၃၀ ကျော် အမျိုးသား တစ်ဦးက ပြောသည်

ထို့ပြင် ပါတီများက ခိုင်မာသည့် မူဝါဒ လမ်းစဉ် များကို ထုတ်နိုင်ခြင်း မရှိသေးခြင်း ကလည်း လူထု၏ စိတ်ပါ ၀င်စားမှုကို ရရှိရန် နှောင့်နှေး စေကြောင်း ၎င်းက ဆိုသည်။

အငှား ယာဉ်မောင်း ဦးစိုးမင်းအောင် ဆိုသူက လည်း "ပါတီတွေ အနေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံ၊ ပေါ်လစီ တွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့် လင်းလင်း ရှိသင့် သလို လူထုနဲ့ ဒီထက်ပိုပြီး ဆက်ဆံမှု လုပ်သင့်တယ် ထင်တယ်။ " လက်ရှိ အနေ အထားမှာ ပါတီတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သိတာက ဂျာနယ်တွေမှာ ပါသလောက်ပဲ သိရတာပါ။ ဒီ အချက် အလက် လောက်နဲ့ အရေးကြီးတဲ့ ဆန္ဒမဲ ပေးဖို့ ဆိုတာ မဖြစ်နိုင် ပါဘူး"ဟု ဆိုသည်။

"သူတို့ အနေနဲ့ လူထုရဲ့ ထောက်ခံ မှုကို ရချင်တယ် ဆိုရင် သူတို့ ဘာတွေ လုပ်နေတယ် ဆိုတာ၊ ဘယ်လို လည်ပတ်နေ တယ် ဆိုတာနဲ့ ပတ်သက်ပြီး လူထုကို ပွင့်ပွင့် လင်းလင်း အသိပေး သင့်တယ်လို့ ထင်ပါတယ်" ဟု ၎င်းက ဆိုသည်။ မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ ဥက္ကဋ္ဌ ဦးဇင်အောင်က ၎င်းတို့ ပါတီ အနေဖြင့် ဟောပြောပွဲများ လုပ်ရာတွင် မဲပေးရေးကို အဓိကထား ဟောပြော နေကြောင်း ပြောသည်။

"ကျွန်တော်တို့ ကတော့ လူထုနဲ့ တွေ့ တဲ့အခါမှာ ကျွန်တော်တို့ ပါတီ အတွက် မဟုတ်ရင်တောင် မဲပေး ဖြစ်အောင် ပေးဖို့ ပြောပါတယ်။ လူထု အနေနဲ့ နိုင်ငံကို တည်ငြိမ် အေးချမ်း စေတဲ့ ဘယ် ပါတီကို မဆို ရွေးချယ်ပြီး မဲ ပေးသင့် ပါတယ်။ တကယ်လို့ သူတို့တွေက မဲမပေး ဘူးဆိုရင် ဒါဟာ ဒီမိုကရေစီကို မယုံကြည်ရာ ရောက်သလို သူတို့ အနေနဲ့ ကိုယ့် အခွင့် အရေးကို နားမလည်ရာလည်း ရောက်တယ်လို့ ရှင်းပြရ ပါတယ်"ဟု ၎င်းက ပြောသည်။

မတူ ကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးနေမျိုးဝေ ကလည်း ပြည်သူ အများစုက နိုင်ငံရေးမှာ နိုင်ငံရေး သမားများ နှင့်သာ သက်ဆိုင် သည်ဟု သဘောထား နေကြောင်း ပြောသည်။" နိုင်ငံရေး သမားတွေ ဆိုတာ ကလည်း လူထုထဲက သာမန် လူတွေ ပါပဲ။ ဒါကြောင့် ကျွန်တော့ အနေနဲ့ လူထုကို ပြောချင် တာက သူတို့ ကိုယ်တိုင်လည်း အမတ်လောင်း အဖြစ် ရွေးချယ် ခံခွင့် ရှိတဲ့ အတွက် ကိုယ်တိုင်လည်း လုပ်ဆောင်သင့် ပါတယ်။ ဒါ့ပြင် ကိုယ်စားလှယ် လောင်းများများ ၀င်ရောက် နိုင်အောင် အကူ အညီ ပေးတာမျိုး၊ မဲရုံတွေမှာ ရုံတိုင်း ပါတီ ကိုယ်စားလှယ် မထားနိုင်တဲ့ အတွက် ပြည်သူ တွေကပဲ ပြည်သူ့ ကိုယ်စားလှယ် အနေနဲ့ စောင့်ကြည့်ပေး စေချင်ပါတယ်" ဟု ၎င်းက ပြောသည်။

ဝါရင့် သတင်းစာ ဆရာ ဆရာ မောင်ဝံသက လာမည့် ရွေးကောက် ပွဲတွင် လူထု၏ အခန်းကဏ္ဍမှာ အရေးကြီး သဖြင့် နိုင်ငံရေး လှုပ်ရှား သူများသည် လူထု၏ ထောက်ခံမှုကို ရရှိရန် အရေးကြီးကြောင်း တို့ ဖော်ပြထား ပါသည်။