Pages

Tuesday, August 17, 2010

သြဂုတ်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကမ္ဘာ့လူသားချင်း စာနာ ထောက်ထားသောနေ့ (World Humanitarian Day) ကိုကျင်းပမည်



                                               
    မြန်မာနိုင်ငံ၌ ကမ္ဘာ့လူသားချင်း စာနာ ထောက်ထားသောနေ့ (World Humanitarian Day) ကို သြဂုတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အင်းယားလိပ်ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
     လူသားများအတွက် ကူညီပံ့ပိုးနေသည့် လုပ်သားများအား ဂုဏ်ပြုသည့်အနေဖြင့် အဆိုပါနေ့ကို ကမ္ဘာတစ်ဝန်း ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ဒုတိယအကြိမ်မြောက် ဂုဏ်ပြုကျင်းပခြင်း ဖြစ်ကြောင်း သိရှိရသည်။ ကုလသမဂ္ဂအဖွဲ့မှ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ လူသားများအတွက် ကူညီပံ့ပိုးနေသည့် တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်ဗုံး ဖောက်ခွဲမှုကြောင့် ကျဆုံးသွားခဲ့ရသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Mr. Sergio Vieira de Mello နှင့်လူသားများအား အကူအညီပေးနေသည့် လုပ်သား ၂၂ ဦးတို့အား ဂုဏ်ပြုသည့်အနေဖြင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံက အဆိုပါနေ့ကို နှစ်စဉ် သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

     ကမ္ဘာတစ်ဝန်း စစ်ဘေးဒဏ်နှင့် သဘာဝဘေးဒုက္ခများ ကြုံတွေ့နေရသည့် ဒုက္ခသည်များကို ကူညီပံ့ပိုးပေးရန် လူသားချင်း စာနာထောက်ထား၍ အကူအညီပေးနေသူများအား အများက လက်ခံကြသကဲ့သို့ ၎င်းတို့အပေါ် အထင်အမြင်မှားပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများလည်း ရှိနေကြောင်း၊  ၎င်းတို့သည် ကမ္ဘာတစ်ဝန်း စစ်ဘေးဖြစ်နေသည့်နေရာများ၊ သဘာဝဘေးဒုက္ခ ကြုံတွေ့နေရသည့် ဒေသများသို့ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေး အ ထောက်အကူပြု ပစ္စည်းများရောက်ရှိ သွားရန်အတွက် များစွာ အထောက်အကူပြုသည့် အဆိုပါလူသားချင်း အကူအညီပေးနေသည့် သူများအား ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ ကုလသမဂ္ဂ အဖွဲ့မှဦးဆောင်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အင်န်ဂျီအိုပေါင်းစုံ ပါဝင်၍ ကျင်းပမည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အမှာစာကိုလည်း အဆိုပါအခမ်းအနားတွင် ဖတ်ကြားသွားမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပအင်န်ဂျီအိုများ၊ အလှူရှင်များ၊ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်မည်ဖြစ်သည်။