Pages

Saturday, September 25, 2010

ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ) ကိုမေးတဲ့အခါ ပြည်သူလူထုကြားမှာ နိုင်ငံရေး နဲ့ ပတ်သက်လို့ ဘယ်လောက် တက်ကြွနိုးကြားမှုရှိတယ်လို့ ထင်ပါသလဲ။


    အားလုံးတော်တော်များများ က ဒီဟာတွေက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူးလို့ ခံယူထားကြတယ်။

ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ) နှင့် တွေ့ဆုံခြင်း၊ 'ကျွန်တော်တို့ ၉၀ ရာခိုင်နှုန်းလောက် နိုင်မယ်လို့ မျှော်လင့်ပါတယ်' PDF Print E-mail
မေး ဆရာတို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေနဲ့ ဘယ်မဲဆန္ဒနယ်မှာ အများဆုံး အနိုင်ရရှိမယ်လို့ မျှော်လင့်ထားပါသလဲ။

    ကျွန်တော်တို့ မျှော်မှန်းထား တာကတော့ ၄၄ နေရာ ပြိုင်မှာပါ။ ၄၄ နေရာမှာ ကျွန်တော်တို့ ၉၀ ရာခိုင်နှုန်းလောက် နိုင်မယ်လို့ မျှော်လင့်ပါတယ်။


မေး - ၉၀ ရာခိုင်နှုန်းနိုင်မယ်လို့ မျှော်လင့်တာ ဘာကြောင့်ပါလဲ။

    ကျွန်တော်ခံယူတာက ကျွန် တော်တို့ ရခိုင်တိုင်းရင်းသားတွေက သမိုင်းကြောင်းလည်းရှိတယ်။ ကျွန်တော်တို့ ရခိုင်မှာ အရင်ကတည်းက ဖဆပလခေတ်တုန်းက ပမညတ၊ ရတညဆိုပြီး ရှိခဲ့ဖူးတယ်။ ဖဆပလ ပြည်မ ပါတီတဲ့ဗျာ။ ပြည်မက အင်အားကြီးမားတဲ့ ဖဆပလပါတီရခိုင်မှာ လာပြိုင်ပေမယ့်လည်း ရခိုင်သားတွေ က ကိုယ့်ရခိုင်က ပါတီကိုပဲ မဲပေးပါတယ်။ အဲဒီအစဉ်အလာက အရင်ကတည်းက ရှိခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ ရခိုင်သားတစ်ရပ်လုံး ကလည်း ဘယ်လိုခံယူသလဲဆိုတော့ ကိုယ့်ရခိုင်ပြည်နယ်ရဲ့အကျိုးကို ကိုယ့်ရခိုင်သားပါတီကပဲ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒါက ရခိုင်မျိုးချစ်စိတ်ရှိတဲ့ ရခိုင်သားတော်တော်များများ ရင် ထဲမှာရှိတဲ့ အကြောင်းအရာလေးပါ။ အဲဒီအကြောင်းအရာတွေကို ကျွန်တော်တို့က သုတေသနလုပ်ပြီးတော့ ကျွန်တော်တို့ပါတီက ရခိုင်ပြည်နယ်မှာ နိုင်လိမ့်မယ်လို့ ကျွန်တော် ပြောရဲတာ ဖြစ်တယ်။

တစ်သက်လုံး ကမ္ဘာကြီးတည်သ၍ ဒါကြီးနဲ့ သွားမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ တစ်ချိန်ချိန်မှာ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ပြုပြင် ပြောင်းလဲမှုတွေ လိုအပ်ရင် လုပ်သင့်သလို လုပ်သွားရမှာပါ။

မေး - တခြားပါတီတွေကလည်း ရခိုင်တိုင်းရင်းသားတွေကို ထည့်ထားပြီးတော့ ဆရာတို့နယ်မှာ ၀င်ပြိုင်တာမျိုးတွေအတွက် ဘယ်လိုစီစဉ်ထားပါသလဲ။

    တခြားပါတီက ကျွန်တော်တို့ ဆီမှာလာပြိုင်တာပေါ့။ ကျွန်တော်တို့ နယ်မှာ မပြိုင်တဲ့ပါတီဆိုရင် ဒီမိုကရေစီအင်အားစုပါတီဆိုရင် ကျွန်တော်တို့ အားပေးသွားမယ်။ ဒီမိုကရေစီ ဘက်တော်သားပါတီဆိုရင် ကျွန်တော်တို့ပါတီ မဟုတ်ပေမယ့်လည်း အားပေးသွားပါမယ်။ ကျွန်တော်တို့ မပြိုင်တဲ့ နေရာတွေမှာ ဒီပါတီတွေ ကို မဲထည့်ပါဆိုပြီး မဲဆွယ်စည်းရုံး ပေးသွားမှာပါ။

မေး - ဆရာတို့ပါတီကို ပြည်သူတွေ က ဘာကြောင့်မဲ ပေးသင့်တာပါလဲ။

    တခြားကလာတဲ့ ကိုယ့်ရခိုင် သားဦးဆောင်မဟုတ်တဲ့ ပါတီနဲ့ ကိုယ့်ရခိုင်သားတွေ လုပ်တဲ့ပါတီနဲ့ ဥပမာ အဖေအရင်းနဲ့ ပထွေး ကွာသလိုမျိုးပေါ့ဗျာ။ အဲလိုကွာပါတယ်။ ကျွန်တော်ကတော့ အဲလိုပဲခံယူပါ တယ်။ တချို့က ငါတို့ တက်လာရင် လုပ်ပေးနိုင်မယ်လို့ပြောတယ်။ လုပ်ပေးနိုင်တာ မလုပ်ပေးနိုင်တာ လက်တွေ့မကျပါဘူး။ တချို့လုပ်ပေးနိုင်တယ်ဆိုတာ အပေါ်က ဆရာကြီးတွေပေါ်မှာ မူတည်ပါတယ်။ အဲတော့ လုပ်ပေးနိုင်ဖို့အတွက် ပြောရေးဆိုခွင့် ရှိမှာလား မရှိဘူးလားဆိုတာကသာ အဓိက ကျပါတယ်။

မေး - ဆရာတို့ပါတီအနေနဲ့ တခြား ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတာမျိုးရော ရှိပါသလား။

    ကျွန်တော်တို့ ခံယူထားတာက လွှတ်တော်ကိုရောက်လာရင် ပြည်သူ အကျိုးအတွက်ဆိုရင်ဘယ်ပါတီဘယ် အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာပါ။ ဒါပေမယ့် ပြည်သူအကျိုးနဲ့ ဆန့်ကျင်လာရင် တော့ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကိုမဆို ကျွန်တော်တို့ ရဲဝံ့စွာရင်ဆိုင် တင်ပြသွားမှာပါ။ အဓိက ရခိုင်ပြည် သူတွေအတွက်ပေါ့ဗျာ။ အဲဒီတော့ ဘယ်တိုင်းရင်းသားပါတီနဲ့မင်းမဟာ မိတ်လုပ်ခဲ့ပါတယ်လို့ ပြောနေတာ ထက် ကျွန်တော်တို့က ကိုယ့်ပြည် သူ့အကျိုးအတွက် ဘယ်ပါတီ ဘယ် အဖွဲ့အစည်းနဲ့မဆိုလက်တွဲပြီးဆောင် ရွက်သွားမှာပါ။ ပြည်သူ့အကျိုး အတွက်ဆန့်ကျင်လာမယ်ဆိုရင်တော့ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကို မဆို တင်ပြတောင်းဆိုပါမယ်။

မေး - ပါတီရဲ့ မူဝါဒနဲ့ပတ်သက်လို့ သိချင်ပါတယ်။  

    ကျွန်တော်တို့ပါတီရဲ့ မူဝါဒက အတိုကောက်ပြောရမယ်ဆိုရင် DED ဆိုတဲ့မူနဲ့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ ကျွန်တော်အရေးကြီးတာကို ပြောပါမယ်။ နံပါတ်(၁)က ဘာလဲဆိုတော့ Development ကျွန်တော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေး၊ ရခိုင်ပြည်နယ် ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်မှ ကျွန်တော်တို့ ရခိုင်သူ ရခိုင်သားတွေဖွံ့ဖြိုးတိုးတက်မယ်။ Equality က ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး ပြည်ထောင်စု စည်းလုံးညီညွတ်ရေး ဘယ်လောက်ပဲပြောပြော Equality ရှိဖို့ အရေးကြီးပါတယ်။ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးဆုံးက Equality ရှိဖို့ အရေးကြီးပါတယ်။ Equality ရှိမှ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲမယ်။ ပြည်ထောင်စု စည်းလုံးညီညွတ်ရေး ပါးစပ်က အော်နေပြီးတော့ Equality မရှိရင် အလကားပဲ။ နောက်ီ တစ်ခုက ဒီမို ကရေစီ ရရှိရေးပါပဲ။ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာမှာ ဒီမိုကရေစီ အုပ်ချုပ်ရေးနည်းလမ်းသာ လျှင် အောင်မြင်မယ်ဆိုချင်ပါတယ်။ နိုင်ငံတစ်ခုရဲ့ လူမှုရေး စီးပွားရေး ကိစ္စတွေမှာ ဒီမိုကရေစီအုပ်ချုပ်ရေး နည်းလမ်းနဲ့ ဆောင်ရွက်မှသာ အောင်မြင်မယ်ဆိုတာ ပြောချင်ပါတယ်။ ဒါတွေကအရေးကြီးဆုံးပါပဲ။

မေး - ပြည်ထောင်စု စိတ်ဓာတ်ဆိုတဲ့ သဘောထားနဲ့ပတ်သက်လို့ ဆရာရဲ့ အမြင်ကို ဖွင့်ဆိုပြောကြားပေးပါ၊

    ပြည်ထောင်စု စိတ်ဓာတ်ခိုင်မာချင်ရင် တန်းတူညီမျှရေးဟာ အရမ်း အရေးကြီးပါတယ်။ ပြည်ထောင်စု ခိုင်မြဲချင်ရင် တန်းတူညီမျှရေးကို ဆောင်ရွက်ရမယ်။ တန်းတူညီမျှပေး မှ ပြည်ထောင်စုဆိုတာ ခိုင်မြဲမယ်။

မေး - ဆရာတို့ ပါတီအနေနဲ့ရော သဘောထား ဘယ်လောက်အထိ ကြီးနိုင်မလဲ။

    သဘောထားကြီးလို့ ဒီလောက်အထိ သည်းခံနေတာပေါ့ဗျာ။ သဘောထားကြီးသလား ဆိုလို့ရှိရင် အားလုံးကငုံ့ခံနေရတာပဲဗျာ။ မြန်မာ နိုင်ငံကသူတွေအားလုံးက သဘော ထားအင်မတန်ကြီးမားတာ။

မေး - သဘောထားကြီးတဲ့ အခါကျတော့ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုး တက်မှုမှာ မတူတာခွဲလုပ် တူတာတွဲ လုပ်လို့ ပြောကျတယ်။ ဆရာတို့ပါတီ အနေနဲ့အကြောင်းအရာတစ်ခုကို ရခိုင်လူမျိုးအတွက် ကောင်းတယ်။ ပြည် ထောင်စုအတွက်ကောင်းတယ်။ အဲဒါနဲ့ ပတ်သက်လို့ တခြားပါတီတွေနဲ့တူတာ တွဲလုပ် မတူတာခွဲလုပ်ဖို့တစ်ယောက် ကို တစ်ယောက်သဘောထားကြီးဖို့ လိုမယ်လို့ ယူဆပါသလား။

    ယူဆပါတယ်။ ကျွန်တော်တို့ ပါတီရော ပါတီဝင်တွေရော အကုန် လုံးကို ကျွန်တော်တို့လူကြီးတွေက ဘယ်လို Line Up ချပေးထားသလဲ ဆိုတော့ လူတိုင်းကိုမေတ္တာထားရမယ်။ ကိုယ်သွားရင်းလာရင်း ကားမောင်းရင်းနဲ့ စိတ်ထဲမှာ ဗြဟ္မစိုရ်တရား လွှတ်ထားရမယ်။ နံပါတ်တစ်မေတ္တာ ထားရမယ်။ နံပါတ်နှစ် ကရုဏာ ထားရမယ်။ ကိုယ့်ထက်နိမ့်ပါးတဲ့သူ တွေ့ရင် ကရုဏာထားရမယ်။ ကိုယ့် ထက်သာတဲ့သူ တွေ့ရင်လည်း မုဒိ တာပွားရမယ်။ နံပါတ်သုံးအချက်က ဥပေက္ခာထားရမယ်။ ဘဲဥကို ခြင်ကိုက်လို့မရဘူး။ ဘာဖြစ်လို့လဲဆို တော့ ဘဲဥက လက်မခံလို့၊ ကိုယ့်ကို စော်ကားတယ်၊ နှိပ်ကွပ်တယ်ဆိုရင် ဥပေက္ခာထားလိုက်။ ဥပေက္ခာထား လိုက်ရင် လောကကြီးက ငြိမ်းချမ်း မယ်။ ဒီမူနဲ့ ကျွန်တော်တို့ သွားနေတယ်။ နောက်အုပ်ချုပ်မယ့် အစိုးရလည်း ဒီဗြဟ္မစိုရ်တရားနဲ့အုပ်ချုပ် သွားမယ်ဆိုရင် တိုင်းပြည်အရမ်း ကောင်းစားသွားမယ်။

ခံယူထားတာက လွှတ်တော်ကိုရောက်လာရင် ပြည်သူအကျိုးအတွက် ဆိုရင် ဘယ်ပါတီ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာပါ။ ဒါပေမယ့် ပြည်သူအကျိုးနဲ့ ဆန့်ကျင်လာရင်တော့ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကိုမဆို ကျွန်တော်တို့ ရဲဝံ့စွာရင်ဆိုင်တင်ပြသွားမှာပါ။

မေး - ရခိုင်မှာ ဘယ်နှစ်ယောက်ပြိုင် မှာလဲ။

    ရခိုင်မှာ ၄၃ ယောက်ပြိုင်မှာပါ၊၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကလည်း ပြိုင်မယ်။ တစညကလည်း ပြိုင်မယ်။  မြို ခေါ် ခမိတိုင်းရင်းသားပါတီကလည်း ပြိုင်မယ်။ ဒါဒီမိုကရေစီပဲလေ။ ဒီလို ပြိုင်တာ အရမ်းဝမ်းသာတယ်။ ပြည်သူက ဆုံးဖြတ်ပေးလိမ့်မယ်။

မေး - ဒီလိုပြိုင်တဲ့ အုပ်စုတွေအထဲမှာ အားလုံးက ရခိုင်လူမျိုးတွေချည်း ဖြစ်နေတယ်။ ဒီတော့ ဆရာတို့ ဘယ်လို အားသာချက်ယူသွားမလဲဆိုတာ ရခိုင် လူမျိုးတွေကို ခုနက ဆရာတို့ ပြောသွားတဲ့လက်တွေ့ကျမယ့် ဆွဲဆောင်မှု၊ ဆွဲဆောင်မှုဆိုတာထက် ကျွန်တော်တို့ လက်ခံယုံကြည်မယ့် အဖြေ၊ ဒါမှမဟုတ် ပြယုဂ်တစ်ခု ကတိက၀တ် ဘယ်လိုများပြနိုင်မလဲ။

    ကတိက၀တ်ကတော့ ပြောရင် အလကားပဲ။ ကျွန်တော်ပြောချင် တာကတော့ အဲဒီမှာလာပြိုင်တဲ့ပါတီ တွေက ရခိုင်ကိုအခြေခံတဲ့ ပါတီသိပ်မရှိဘူး။ ဥပမာအားဖြင့် ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီဆိုရင် ပြည်မပါတီ ရခိုင် မှာ ပါတီအခွဲပေါ့ဗျာ။ နောက်တစ်ခု မြို ခေါ်ခမိကတော့ တိုင်းရင်းသားလူ မျိုးစုလူငယ်လေးတွေရဲ့ပါတီ။ သူတို့ ပါတီအတွက် သူတို့ပြိုင်တယ်။သူတို့ လူမျိုးရှိတဲ့နေရာတွေအတွက် ပြိုင် တယ်။ ဒါက ဒီမိုကရေစီပဲ၊ နောက် ပြည်မကနေပြီးလာပြိုင်တာတွေလည်း ရှိတယ်။ ဦးသုဝေ ပါတီက လာပြိုင် တယ်။ ဒါလည်း သူ့ဘာသာသူ ပြိုင် တာ၊ ဒါလည်း ဒီမိုကရေစီ ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမယ့် ကိုယ့် ဒေသကိုယ့်လူမျိုးရဲ့အကျိုးကို ကိုယ့် လူမျိုးကို ကိုယ်စားပြုတဲ့ပါတီက ၀င်ပြိုင်တာကို ပိုပြီးတော့ ရခိုင်လူမျိုး က လက်ခံပါတယ်။ ရှမ်းပြည်နယ် မှာဗမာသွားပြိုင်ပေမယ့် ရှမ်းပါတီကို ပိုအားထားကြတယ်။ ကိုယ့်နိုင်ငံကိုယ့် ရဲ့ အခွင့်အရေးကို ကိုယ့်ကိုကိုယ်စား ပြုတဲ့ ကိုယ့်ရဲ့မိဘအရင်းကပဲ ပြောရဲ ဆိုရဲမယ်ဗျာ။ အဲလိုပဲ ယူဆကြပါ တယ်။ ဒီပါတီက လူတွေ လွှတ်တော် မှာ နေရာများများရလာရင် ဒီဒေသ ဒီပါတီ ဒီပြည်သူလူထုရဲ့အကျိုးကို ဒီလူတွေက အရဲစွန့်ပြီး ပြောရဲတယ်။ အဲဒီလိုပဲ ကျွန်တော် ယူဆပါတယ်။ နောက် ကျွန်တော်ပြောချင်တာက ဟာ မနက်ဖြန်ပဲ ရခိုင်ပြည်ကြီးတစ်ခုလုံး မီးလင်းသွားစေရမယ်။ ဒါမျိုး ကတိတွေကို ကျွန်တော်တို့ အရမ်းမ ပေးရဲဘူး။ လာမယ့်နိုင်ငံရဲ့ အခင်းအကျင်းက ဘယ်လောက်လက်တွေ့ ကျမလဲအပေါ်မှာ မူတည်တယ်။ ဖြစ် ပေါ်လာတဲ့ နိုင်ငံရဲ့ အခင်းအကျင်း လက်တွေ့ကျမှုအပေါ်မှာ ကျွန်တော် တို့ပါတီက ကိုယ်ကျိုးစွန့်ပြီးတော့ ပြည်သူအကျိုးကို ရဲဝံ့စွာတင်ပြတောင်း ဆိုသွားမှာပါ။ အဲဒီ Message ပဲ ကျွန်တော် ပေးရဲပါတယ်။ မီးလင်းအောင် လုပ်ပေးမယ်။ လမ်းဖောက်ပေးမယ်။ ကျွန်တော်တို့ အစိုးရ မဟုတ်ဘူး၊ အစိုးရလည်း မဖြစ်သေးဘူး၊ နောက်လွှတ်တော်မှာလည်း အစိုးရ ဖြစ်လာဖို့ အနေအထားမရှိဘူး။ အဲဒီ တော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး၊ ရခိုင်ပြည်သူ တိုးတက်ရေးအတွက်ကို လွှတ်တော်မှာ ရဲဝံ့စွာတင်ပြ တောင်းဆိုသွားမယ့် ပါတီဖြစ်တယ်။

မေး - လွှတ်တော်မှာဆရာ နေရာရသွားမယ်ဆိုရင် ရခိုင်တိုင်းရင်းသားရေး အတွက်လုပ်မယ်ပေါ့နော်။ တခြားကွန် စတီကျူးရှင်းနဲ့ ပတ်သက်လို့ ဆရာ့ အနေနဲ့ တစ်ချိန်ချိန်မှာ ဒီကာလ မဟုတ်တောင်မှ နောက်ကာလတွေ မှာ ဖွဲ့စည်းပုံအားဖြင့် ပြင်ဆင်တာတို့ ဖြည့်စွက်တာတို့ လုပ်ပေးဖို့ ရှိပါသလား။

    ကမ္ဘာပေါ်မှာ ဘယ်အရာမဆို လုံးဝ ပြီးပြည့်စုံတာမျိုး မရှိပါဘူး။ အမေရိကန်က အင်မတန်မှ တိတိကျကျလူတွေ အများကြီးနဲ့ ရေးဆွဲတဲ့ အမေရိကန် ကွန်စတီကျူးရှင်းက နှစ်တစ်ရာကျော်ပြီ။ နှစ်တစ်ရာကျော်မှာ ဘယ်နှကြိမ်ပြုပြင်ရသလဲဆိုရင် လေ့လာရင်သိနိုင်ပါတယ်။ အခုထိလည်း အမေရိကန် ကွန်စတီကျူးရှင်းတို့ နိုင်ငံတကာ ကွန်စတီကျူးရှင်းတို့က ဖြစ်ပေါ်လာတဲ့ တိုင်းပြည်ရဲ့အနေအထား၊ ကမ္ဘာ့အနေအထားကို လိုက် ပြီးတော့ ပြောင်းလဲလာရတာမျိုးတွေ လည်းရှိပါတယ်။ တစ်သက်လုံး ကမ္ဘာကြီးတည်သ၍ ဒါကြီးနဲ့ သွား မယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ တစ်ချိန်ချိန်မှာ တိုင်းပြည်ရဲ့ လိုအပ် ချက်အရ ပြုပြင်ပြောင်းလဲမှုတွေ လို အပ်ရင် လုပ်သင့်သလို လုပ်သွားရမှာပါ။ ကျွန်တော်တို့ ကွန်စတီကျူးရှင်း က ၇၅ ရာခိုင်နှုန်းထောက်ခံမှပြုပြင် လို့ရတယ်။
မေး -  ဆရာတို့ ပါတီအနေနဲ့ ရခိုင် လူမျိုးတွေရဲ့ အကျိုးကိုသာမကဘဲ ပြည်ထောင်စု တိုင်းရင်းသားတွေရဲ့ အကျိုးကို လုပ်ဖို့စဉ်းစားထားတာ ရှိပါသလား။

    လုပ်ဖို့စီစဉ်ထားပါတယ်။ ကျွန် တော်တို့ ရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီက ကိုယ့်ရခိုင်ပြည်နယ် ကိုယ့်ရခိုင်သားတွေတစ်ခုတည်း တိုးတက်ဖို့ဖွံ့ဖြိုးဖို့အတွက် တည်ထောင်ထားတဲ့ ပါတီမဟုတ်ပါဘူး။ ပြည် ထောင်စုတစ်ရပ်လုံးအကျိုးအတွက် ဒီနိုင်ငံရေးအခင်းအကျင်းမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ဆောင်ရွက်နိုင်ဖို့ တည်ထောင်ထားတဲ့ပါတီပါ။

မေး -  ပြည်သူတွေမဲပေးဖို့လိုတယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ပြောပြပါဦး။

    အခုရွေးကောက်ပွဲဥပဒေကို လူတွေက မလေ့လာကြလို့ပါ။ လေ့လာရင် ဘယ်လိုလဲဆိုတော့ ပြိုင်ဘက် မရှိရင် မဲပုံးထောင်စရာမလိုဘူး၊ နိုင် တယ်။ နောက်နံပါတ်နှစ် ပြိုင်ဘက် နှစ်ယောက်မှာ ဥပမာအားဖြင့် ဒီမို ကရေစီဘက်တော်သားနဲ့ တခြား တစ်ပါတီတစ်ခုနဲ့ ပြိုင်တယ်ဆိုပါစို့။ပြိုင်လို့ ဒီမိုကရေစီဘက်တော်သား တွေကိုတစ်ယောက်မှမဲမပေးပါနဲ့လို့ လူတွေက မဲသွားမပေးရင် ဟိုဘက် က ပြိုင်ဘက်ပါတီက သူ့ရဲ့အိမ်မှာ ရှိတဲ့ သူ့ရဲ့မိန်းမက မဲတစ်မဲပဲ သွားပေးဦး။ သူနိုင်ပါတယ်။ အဓိကက မဲမပေးပါနဲ့လို့ ပြောတဲ့သူတွေကို ကျွန်တော် Message  ပေးချင်ပါတယ်။ မဲမပေးဘဲနေရင် ပြောင်းလဲမှုတစ်ခုက ဖြစ်လာမှာ မဟုတ်ပါဘူး။

မေး - ပြည်သူလူထုကြားမှာ နိုင်ငံရေး နဲ့ ပတ်သက်လို့ ဘယ်လောက် တက်ကြွနိုးကြားမှုရှိတယ်လို့ ထင်ပါသလဲ။

    အားလုံးတော်တော်များများ က ဒီဟာတွေက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူးလို့ ခံယူထားကြတယ်။

မေး -ကျွန်တော်တို့ တိုင်းပြည်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်က တောင်သူလယ် သမားတွေဖြစ်တယ်။ တောင်သူလယ်သမားတွေ အနေနဲ့က လက်ရှိပြဋ္ဌာန်း ထားတဲ့ ဥပဒေမှာမြေယာပိုင်ဆိုင်ခွင့် ကို အဓိက ပြောချင်ကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဆရာတို့ ပါတီအနေနဲ့ ဘာပြောစရာများရှိပါသလဲ။

    ဒါတွေဟာ ပြည်သူ့အခွင့်အရေးအတွက် ဆုံးရှုံးနေတာတွေ အများ ကြီးရှိပါတယ်၊ အဲဒါတွေကို လွှတ်တော်ရောက်ရင် ကျွန်တော်တို့အများကြီး တင်ပြတောင်းဆိုသွားပါမယ်။ ကျွန် တော်တို့ ဥပဒေပိုင်းအရ ပြောပါမယ်။ အခုချိန်မှာ ဘာမှမဖြစ်သေးဘဲ ပြောနေလို့အပိုပါပဲ။ လယ်သမားနဲ့ အလုပ်သမားက အခြေခံလူတန်းစားတွေ၊ သူတို့အကျိုးကို ကျွန်တော်တို့ လုပ်ပေးရမယ်။ အခုမှားနေတာက ၀န်ဆောင်မှုလုပ်ငန်းကို အရမ်းဦးစားပေးတယ်။ အမှန်တကယ်က လယ်ယာကဏ္ဍနဲ့ ထုတ်လုပ်မှုကို ဦးစားပေးရမယ်။ အဲဒါတွေတက်မှ တိုင်းပြည်တက်မယ်။

မေး - ဆရာ့အနေနဲ့ ကျွန်တော်တို့ မေးတဲ့မေးခွန်းထဲမှာမပါဘဲနဲ့ သီးသန့် ပြောချင်တာများရှိပါသေးလား။

    ပြည်သူတွေ မဲပေးဖို့ကို တိုက် တွန်းချင်ပါတယ်။ ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ် မဲပေးမမှားနဲ့။

ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ)
မွေးသက္ကရာဇ် ၁၉၆၀
အလုပ်အကိုင်   အုပ်ချုပ်မှုဒါရိုက်တာ တိုင်လျန်းအထွေထွေ ကျောက်မျက်ကုမ္ပဏီလီမိတက်၊ ၁၉၉၂ခုနှစ်မှစ၍ ရခိုင်သဟာယ အသင်းနှင့်ပူးပေါင်းကာ နှောင်ကြိုးမဲ့ ပညာသင်ဆုများပေးခဲ့ရာ ရခိုင် ကျောင်းသူကျောင်းသား ငါးဦးကိုဘွဲ့ရရှိသည်အထိ ချီးမြှင့်ခဲ့၊ ယခုအခါ ဆေးကျောင်းသူတစ်ဦးက ပညာသင်ထောက်ပံ့ဆုပေးလျက်ရှိ၊ ၂၀၀၃ ခုနှစ် မှ စတင်ကာ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှကျင်းပသည့် ရခိုင်ရိုးရာရထား ဆွဲပွဲများ၊ ကျင်ပွဲများ၊ ရခိုင်သင်္ကြန်များကို ဦးဆောင်ကျင်းပလျက်ရှိ၊ ရန်ကုန် မြို့ရှိ ရခိုင်အဖွဲ့အစည်များတွင်လည်း ကျရာနေရာမှ ပါဝင်လှုပ်ရှားလျက်ရှိ၊ မာလာမုန်တိုင်းဘေး၊ သံတွဲရေဘေး လေဘေး၊ ဂွ၊ မြေပုံ လေဘေးများတွင် အလှူခံများ ကောက်ခံဝေငှပေးခဲ့၊နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ဧရာဝတီတိုင်းရှိ ဟိုင်းကြီးကျွန်းဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့
ပညာအရည်အချင်း  B.Sc (Zoo), Dip;In  Ag, HGP, RL
နိုင်ငံရေးအတွေ့အကြုံ  ရန်ကုန်တိုင်း ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူဘာသာကြီး လေးရပ်ညီညွတ်ရေးနှင့် ဒုက္ခရောက်သူများ အား ကယ်တင်ရေးအသင်း ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရ၊ ရန်ကုန် တိုင်းရှိမြို့နယ်များတွင် ဒုက္ခရောက်သူများအား ဆန်ဆီဆားများ လိုက်လံ ဝေငှလှူဒါန်းခဲ့၊ ၁၉၈၉ ခုနှစ်တွင် ပြည်သူတိုးတက်ရေးနှင့် လွတ်မြောက်ရေး ဒီမိုကရေစီတပ်ဦးပါတီကို ဥက္ကဋ္ဌအဖြစ်ဦးဆောင်ခဲ့၊ ၁၉၉၀ပြည့်ရွေး ကောက်ပွဲတွင် ဒီမိုကရေစီ ဘက်တော်သားများ မဲအနိုင်ရရှိရေးအတွက် အောင်နိုင်ရေးကော်မတီများတွင် ကူညီပံ့ပိုးခဲ့။
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော်  တိုင်းဒေသကြီးလွှတ်တော်
မဲဆန္ဒနယ်  ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်
'ဥပဒေပြုအာဏာ၊ စီမံခန့်ခွဲမှုအာဏာ၊ တရားစီရင်ရေးအာဏာ(အချုပ်အခြာအာဏာ)သည် ပြည်သူများကသာပိုင်ဆိုင်ပြီး၊ မိမိတို့ ကိုယ်စားကျင့်သုံးမည့်သူအား
အသည်းကြားမှ မဲတစ်ပြားဖြင့် တရားမျှတလွတ်လပ်စွာ ရွေးချယ်တင်မြှောက်ကြရမည်။ ထိုသူများကသာ နိုင်ငံတော်ကို ငြိမ်းချမ်းတိုးတက်အောင် လုပ်ဆောင်နိုင်မည်'

 ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
ဥက္ကဋ္ဌ   -   ဒေါက်တာအေးမောင်
ဒုဥက္ကဋ္ဌ    -    ဦးတင်ဝင်း
ဘဏ္ဍာရေးမှူး    -    ဦးသာလှအောင် 
ဝင်ရောက်ယှဉ်ပြိုင်မည့်လွှတ်တော်
    - အမျိုးသားလွှတ်တော်
    - ပြည်သူ့လွှတ်တော်
    - တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်
ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက်
 ပြည်သူ့ လွှတ်တော်- ၂၈
 အမျိုးသားလွှတ်တော်- ၁၅
 တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော် -  ၁
 တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်     စုစုပေါင်း  ၄၄