Pages

Saturday, October 2, 2010

ကျေးလက်နေပြည်သူတို့နှင့် ရွေးကောက်ပွဲ


Posted on Oct 01 10 -
ကျေးလက်နေပြည်သူတို့နှင့် ရွေးကောက်ပွဲ
နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်း မဲပေးခွင့်ရှိသူ သန်း ၃၀ ကျော်ရှိသည်။ ထိုသန်း ၃၀ ကျော်အနက်မှ နယ်မြို့များရှိ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူတို့၏ ရွေးကောက်ပွဲအပေါ် ထင်မြင်ယူဆချက်တို့ကို ဖော်ပြခွင့်ရသလောက် စုစည်းတင်ပြအပ်ပါသည်။

ဦးထွန်းထွန်း (ကုန်သည်)

မောင်းမကန်ကျေးရွာ၊ မင်းဘူးခရိုင်၊ စကုမြို့



ကျွန်တော်တို့ကျေးရွာမှာ ရွေးကောက်ပွဲဥက္ကဋ္ဌ ရှိတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ ဘာလုပ်ကြမလဲဆိုတာ ကျွန်တော်တော့ မသိဘူး။ ဥက္ကဋ္ဌမှပဲ သိမှာပဲ။ ဘယ်ပါတီကို မဲပေးရမလဲဆိုတာတော့ ဆုံးဖြတ်လို့ မရသေးဘူး။ ကျွန်တော်တို့ဘက်မှာတော့ နိုင်ငံရေးလုပ်တာ သိပ်မရှိဘူး။ ၉၀ ရွေးကောက်ပွဲတုန်းက မဲမပေးခဲ့ပါဘူး။ အသက်မမီလို့ မဟုတ်ပါဘူး။ နားကိုမလည်လို့ပါ။

ဦးသိန်းဌေး (၅၈ နှစ်)၊ တောင်သူ

ကျေးရွာဥက္ကဋ္ဌ၊ သပြေစမ်း ကျေးရွာ၊ မကွေးတိုင်းဒေသကြီး

၉၀ ရွေးကောက်ပွဲတုန်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကို မဲထည့်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်က ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်ကိုး။ မဲပေးဖူးတဲ့ အတွေ့အကြုံကတော့ တစ်ကြိမ်ရှိပါတယ်။ ရွေးကောက်ပွဲ အပြောင်းအလဲတွေကနေ ဘာမှမမျှော်လင့်ပါဘူး။ တောသူတောင်သားဆိုတော့ ရိုးရာအလုပ်လေးပဲ လုပ်ရတာပဲ။ ကိုယ်လုပ်မှ ကိုယ်စားရတာပါ။ ကျွန်တော်တို့ အခက်အခဲဆိုတာကလည်း ကိုယ့်ဟာကိုယ်လုပ်တာပဲ။ ဘယ်မှလည်း မတင်ပြပါဘူး။ ကိုယ့်ကျေးရွာချင်း တည့်အောင်နေပဲ။

ကိုမောင်မောင် (ရေလုပ်သား၊ မကျည်းငူကျေးရွာ၊ ဂွမြို့နယ်)

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီဘက်မှာ အသံတောင် သိပ်မကြားပါလား။ ကျွန်တော်တို့ဘက်က အေးချမ်းပါတယ်။ ကျွန်တော်ကတော့ ရှင်းပါတယ်။ နိုင်ငံရေးနဲ့ မပတ်သက်ဘူး။ ပင်လယ်ဆင်းတယ်။ ပြန်တက်လာတယ်။ ပိုက်ဆံရတယ်။ သားမယားနဲ့ စားတယ်သောက်တယ်။ ဒါပဲ။ ဘယ်ကိုမဲထည့်မယ်ဆိုတာ ခုထိ မစဉ်းစားရသေးဘူး။ မဲနဲ့ပတ်သက်ပြီးတော့လည်း စည်းရုံးတာ၊ မဲဆွယ်တာ တစ်ယောက်မှလာမလုပ်ဘူး။ လူတွေကလည်း စိတ်မ၀င်စားကြပါဘူး။ ရေဒီယိုတော့ နားထောင်ဖြစ်တယ်”

ဦးဂုဏ်ရည်စိုး (၄၈ နှစ်၊ အိုင်သပြုရွာ၊ စာအုပ်အငှားဆိုင်နှင့် စာအခမဲ့ စာဖတ်ခန်း ဖွင့်ထားသူ)

“နိုဝင်ဘာ ၇ ရက်မှာ မဲထည့်ရမယ်လို့ သိပါတယ်။ အရင်ကတော့ နိုးအဖွဲ့ပေါ့။ အခုလိုအပ်တော့ ရွေးချယ်ရမယ့် ပုဂ္ဂိုလ်ရှိတော့ ဒေသအတွက် ဆောင်ရွက်သင့်သူကို မဲပေးရမယ်။ အခုလူမှုရေး၊ ရပ်ရေး၊ ရွာရေး အဓိကလုပ်မယ့်လူတက်ဖို့ မဲထည့်ရမယ်။ ကျွန်တော်တို့ဒေသက ဧရာဝတီတိုင်းဒေသရဲ့ မဲဇာပါ။ ဒီမဲဇာကို တိုးတက်အောင်လုပ်မယ့် ကိုယ်စားလှယ်လောင်းတွေ့ပြီ။ ဦးဆောင်သူကောင်းမှ တိုးတက်မယ်။ ရွေးကောက်ပွဲပြီးရင် တစ်ချိန်တုန်းကလည်း တိုးတက်အောင် သူတို့လုပ်ခဲ့သလို ရပ်ရွာဒေသ တိုးတက်အောင်ဆောင်ရွက်ပြီး ကျွန်တော်တို့ဒေသလေး တိုးတက်လာမှာပေါ့။ ၁၉၉၀ တုန်းက မဲထည့်ခဲ့ပေမယ့် နိုင်ငံတော်ရဲ့ကံကြမ္မာပါ။ အခုရွေးကောက်ပွဲပြီးရင်လည်း ပြောတဲ့အတိုင်းဖြစ်လာဖို့ နိုင်ငံတော်ရဲ့ကံကြမ္မာပါပဲ။ တွန်းတွန်းတိုက်တိုက်နဲ့လုပ်မှ၊ လိုအပ်တာပြောတဲ့အတိုင်း လုပ်ရဲကိုင်ရဲဖို့လိုတယ်။ ခေါင်းစဉ်တပ်ထားတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလေးပဲ ဖြစ်ပေါ်စေချင်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေ အလိုလားဆုံးက ၉၀ ကာလလို ရွေးကောက်ပွဲ မဖြစ်ချင်ပါဘူး။ ပြည်သူတွေ အကြောက်တရားကင်းကင်းနဲ့ စဉ်းစားစေချင်တယ်။

ကိုဇော်ဦး (၂၉ နှစ်၊ တောင်သူ၊ မောင်းမကန်ကျေးရွာ၊ မင်းဘူး ခရိုင်၊ စကုမြို့နယ်)

ကျွန်တော်တို့ကတော့ ဒါတွေဘယ်သိမတုံးဗျာ။ ကိုယ့်အလုပ်နဲ့ကိုယ် လုံးပန်းနေရတာလေ။ အဲဒါတော့ ဘယ်လိုလုပ်ရမှန်းလဲ မသိဘူး။ ရွေးကောက်ပွဲမှာ မဲပေးရမလား၊ မပေးရဘူးလားလည်း မသိဘူးလေ။ ပေးဆိုလည်း ပေးရမှာပေါ့။ ပါတီတွေအကြောင်းလည်း မသိဘူး။ ကျွန်တော်တို့ အဲဒါတွေ မလေ့လာဖြစ်ဘူး။ ကျွန်တော်တို့က ဈေးသည်လုပ်လိုက်၊ တောင်သူလုပ်လိုက်နဲ့ ဘာမှမသိဘူး။ ၉၀ ရွေးကောက်ပွဲကို ဘယ်လိုနားလည်ထားလဲဆိုတာ လုံးဝမဖြေတတ်ဘူး။ နားလည်းမလည်ဘူးဗျ။

ဦးဟုတ်လွင် (ကုန်ကြမ်းရှာဖွေရေးမန်နေဂျာ)

Thandwe Marine Product ဂျိတ္တောရွာ၊ သံတွဲမြို့နယ်၊ ရခိုင်ပြည်နယ်


စည်းရုံးရေးဆင်းနေကြပြီ။ အသိတစ်ယောက် အမတ်ဝင်ရွေးမယ်ဆိုပြီးပြောလို့ သိရတယ်။ ကိုယ့်အလုပ် ကိုယ်လုပ်နေတာဆိုတော့ ဒါတွေမသိဘူး။ လေ့လာမိတာမျိုး မရှိပါဘူး။ နိုင်ငံရေးလည်း ကိုယ်နားမလည်ပါဘူး။ တစည ဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးဖြစ်ဖြစ် တစ်ခုခုထည့်ရမှာပေါ့။ နောက်ပိုင်းဆိုတာက ဘာမှန်းမသိတာလေ။ လောလောဆယ် မျက်စိရှေ့မှာ မြင်နေရတာကိုပဲ အားပေးရမယ်လို့ ထင်တယ်လေ။

ဦးတင်မြင့် (သစ်ကောက်ကျေးရွာ၊ သံတွဲမြို့နယ်၊ ရခိုင်ပြည်နယ်)

ရွာမှာနိုင်ငံရေးပါတီတွေ လာစည်းရုံးတာမျိုး မရှိသေးဘူး။ ရပ်ကွက်လူကြီးတွေ ပြောတာဆိုတာလည်း မရှိသေးဘူး။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရေဒီယို နားထောင်တာလောက်တော့ နည်းနည်းပါးပါးကြားတာ ရှိတာပေါ့။ တို့ဆီကလူတွေကတော့ ကိုယ့်လယ်ကိုယ့်ချောင်းမှာ ကိုယ့်နွားတွေ ကျွဲတွေနဲ့ပဲ အလုပ်လုပ်နေကြတာပဲ။ ဘယ်ပါတီကောင်းတယ်၊ ဘယ်လိုတွေ လုပ်နေကိုင်နေကြတယ်ဆိုတာ မသိသေးဘူး။ မဲထည့်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမစဉ်းစားရသေးဘူး။ ဘာမှလည်းမသိသေးဘူး။ ဘယ်ပါတီထည့်ရမလဲ မစဉ်းစားရသေးဘူး။

ဦးရဲမြင့် (မုန့်ဟင်းခါးရောင်းသူ)

အိုင်သပြုရွာ၊ အသက် ၆၈ နှစ်၊ လေးမျက်နှာမြို့၊ ဧရာဝတီတိုင်းဒေသကြီး

မဲထည့်ရမယ့်နေ့ ၇ ရက်ဆိုတာသိတယ်။ ပါတီကမဟုတ်တဲ့ ရွာက တစ်သီးပုဂ္ဂလ နှစ်ယောက်ကိုပဲ မဲထည့်မယ်။ တစ်နေ့လုပ်တာတောင် တစ်နေ့စားရဖို့ အလျင်မမီကြဘူး။ လုပ်မှစားရတာ။ မဲထည့်ဖို့ လူထုကြားထဲဝင်ပြောဖို့ အချိန်သိပ်နည်းတယ်။ အချိန်နည်းနည်းပိုပေးပြီး စည်းရုံးမှုဟောပြောမှုကို လုပ်သင့်တယ်။ မဲထည့်ပုံထည့်နည်း လိုက်ပြောဖို့ အချိန်သိပ်မရကြဘူး။ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး တိုးတက်ပြီး ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ နေထိုင်ရဖို့ အဓိကကျတယ်။ အလွယ်တကူတော့ မပြောင်းနိုင်ဘူး။ ဒီအခြေအနေကနေ။ စည်းရုံးရေးတော့ ဆင်းတာ မရှိသေးဘူး။

ဦးရွှေ (မိုးပျံပူဖောင်းလုပ်ရောင်းသူ၊ မတ်ပဲစိုက်တောင်သူ)

၇၉ နှစ်၊ ရှမ်းကုန်းရွာ၊လေးမျက်နှာမြို့၊ ဧရာဝတီတိုင်းဒေသကြီး

မဲထည့်ရမယ့်နေ့ မသိသေးဘူး။ ဘယ်သူ့မဲထည့်ရမယ်ဆိုတာ နောက်ပိုင်းမှ။ အခုနေ မဆုံးဖြတ်ရသေးဘူး။ ဟိုတုန်းက ရွေးခဲ့တာပဲ ရွေးတာသာပြီးသွားတယ်။ ထူးခြားချက်မတွေ့ဘူး။ ဖြစ်ထွန်းမလာတာရှိတော့ မဲပေးဆိုရင်တော့လည်း ပေးလိုက်မှာပဲ။ ရွေးကောက်ပွဲပြီးရင်တော့ ထူးလာမယ်လို့တော့ အောက်မေ့တာပဲ။ ညကတော့ တီဗီကြေညာစာတွေ ကြည့်ရတာတော့ အားလုံးကောင်းတယ်။ နောက်ပိုင်းဖြစ်မယ်၊ မဖြစ်မယ်မသိဘူး မပြောနိုင်သေးပေမယ့် ထူးတော့ထူးလိမ့်မယ် ထင်တာပဲ။ ရွာထဲကို ဘယ်သူမှတော့လာပြီး စည်းရုံးမှုမရှိသေးဘူး။

Credit: မြတ်စုမွန်၊ ယုဇနကိုကို၊ အိဖြူလွင်၊ အေးသူ၊ သန်းဌေး (7Day News Journal)