Pages

Thursday, October 14, 2010

အာရှစံချိန်မီရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဖွင့်ခါနီးမှမိုးရွာသဖြင့် ပြိုကြ ပျက်စီး

YGN - MDY Highway
 မိုးဆက်တိုက်ရွာသွန်းကာ ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ပျက်စီးခဲ့ရမှု အချို့ကို တွေ့ရစဉ်
         နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး ဖွင့်ပွဲ ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းထားကြောင်း နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။အဆိုပါ နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးအား ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် (၉)နာရီတွင် ဖွင့်ပွဲပြုလုပ်မည့် အစီအစဉ်မှာ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း နေပြည်တော်ဘောဂသီရိ အဝေးပြေး မထသ တာဝန်ရှိသူများထံမှ သိရှိရသည်။

          ''နေပြည်တော်-မန္တလေး လမ်းပိုင်းဆိုင်ရာကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီဖွင့်ဖို့ရာ နေပြည်တော်ခရိုင် မြို့နယ်ရုံးများ၊ ယာဉ်စည်းကမ်းဆိုင်ရာများ၊ မထသများ၊ NGO အဖွဲ့အစည်းများကို တင်ဆောင်သွားဖို့ရာ ကားတွေ စီစဉ်ထားတယ်။ဒါပေမယ့် မန္တလေးဘက်အပိုင်းမှာ ရေအရမ်းကြီးနေလို့ ကားလမ်းဘက်ပိုင်းတွေပါ ရေတွေကျော်နေလို့ ဒီအမြန်လမ်းကြီး ဖွင့်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ တာဝန်ရှိသူတွေက အကြောင်းကြားလို့ သိရပါတယ်'' ဟု နေပြည်တော် ပျဉ်းမနားမြို့နယ် မထသမြို့တွင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
        ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးသည် ၃၅၂ မိုင် ၆ ဖာလုံရှည်လျားပြီး ရန်ကုန်-နေပြည်တော် လမ်းပိုင်းသည် ၂၂၁ မိုင် တစ်ဖာလုံရှိပြီး နေပြည်တော်(ပန်းတင်)-မန္တလေး (စကားအင်းအ၀ိုင်း)လမ်းပိုင်းသည် ၁၃၁ မိုင် ငါးဖာလုံ ရှိသည်။
         မန္တလေးတိုင်းဒေသကြီး၌ အောက်တိုဘာလ ဒုတိယပတ် အတွင်း ရက်ဆက် မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး တည်ဆောက်လျက်ရှိသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ပျက်စီးမှုအချို့ ဖြစ် ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ ရက်ဆက်မိုးရွာသွန်းခြင်းနှင့် ဆည်ရေများ ဖွင့်ထုတ်ခြင်းကြောင့် မန္တလေးတိုင်း ဒေသကြီးအတွင်း လူနေအိမ်ခြေများအတွင်း ရေကြီးရေလျှံမှု၊ စိုက်ပျိုးမြေယာများ ရေလွမ်းမိုးမှုနှင့်အတူ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး၏ လမ်းပိုင်းအချို့တွင်လည်း ရေတိုက်စားမှုကြောင့် ကွန်ကရစ်လမ်း ပျက်စီးမှု၊ လမ်းပိုင်းကြံ့ခိုင်မှုများ အနည်းငယ် ချို့ယွင်းခဲ့ကြောင်း သိရသည်။ ယင်းသို့ ပျက်စီးမှု အခြေအနေတွင် မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ကူကွဲ-ပြင်စည်-စကားအင်း လမ်းပိုင်းအတွင်း မိုင်တိုင်အမှတ် ၂၃၂/၂ နှင့် ၂၃၂/၃ အကြားတွင် ရေတိုက်စားမှုကြောင့် ကွန်ကရစ်လမ်း ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး မိုင်တိုင်အမှတ် ၃၂၉/၀ နှင့် မိုင်တိုင်အမှတ် ၃၂၉/၁ အကြားတွင်လည်း ရေတိုက်စားမှုကြောင့် မြေသားလမ်းပိုင်းအချို့ ကြံ့ခိုင်မှုအပိုင်း အားနည်းခဲ့ကာ မိုင်တိုင်အမှတ် ၃၂၉/၃ တွင်လည်း လမ်းပခုံးသား ရေတိုက်စား၍ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ပြန်လည် ပြင်ဆင်မှုများကို အရှိန်အဟုန်မြင့်ကာ ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။
         ''အောက်တိုဘာလ ဒုတိယပတ်အတွင်းက ဒီအမြန်လမ်းမကြီးရဲ့ အနိမ့်ပိုင်းကျတဲ့ နေရာတွေမှာ မိုးများပြီး ရေကျော်ခဲ့တယ်။ လမ်းမကြီးရဲ့အောက်က ရေထွက်ပြွန်က မနိုင်တဲ့နေရာတွေမှာ ပျက်စီးမှု ရှိခဲ့ပြီး ကွန်ကရစ်လမ်းအောက်က မြေသားတွေကို ရေတိုက်စားခဲ့လို့ ကွန်ကရစ်လမ်းသားလည်း ပျက်စီးသွားတာ''ဟု ပြင်စည်ရွာသား တစ်ဦးက ဆိုသည်။
        ရေကြီးရေလျှံ မှုမှာ ၁၃၁ မိုင် ၅ ဖာလုံ ရှည်လျားသော နေပြည်တော်(ပန်းတင်)-မန္တလေး(စကားအင်း အ၀ိုင်း)လမ်းပိုင်းတွင် ယင်းသို့ ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။