Pages

Sunday, November 14, 2010

ဦးလွင် ဒေါ်စုနှင့် တွေ့ဆုံစဉ် ဝမ်းနည်းစွာ ငိုကြွေး


E-mail Print PDF
နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ဒုတိယနေ့ လူထုထံသို့ ပထမဆုံး မိန့်ခွန်းပြောကြားပြီး ဒေါ်အောင်ဆန်းစုကြည်သည် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အတွင်းရေးမှူး ဦးလွင်၏ ဇနီး ဈာပန အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဦးလွင်နှင့် တွေ့ဆုံခိုက် ဦးလွင်သည် ဝမ်းနည်းစွာ ငိုကြွေးခဲ့ကြောင်း The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၇ ခန့်ရွယ် ဦးလွင်နှင့်တွေ့ဆုံရာတွင် ဒူးထောက်၍ ဂါရဝပြုတွေ့ဆုံခဲ့ပြီး ဦးလွင်သည် ဝမ်းနည်းစွာ ငိုကြွေးခဲ့ကြောင်း ၎င်း၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
ဦးလွင်၏ ဇနီး ကွယ်လွန်သူ အသက် ၈၈ နှစ် အရွယ်ရှိ ဒေါ်တင်မမလေး၏ဈာပနကို ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရေဝေးသုဿာန်သို့ လိုက်ပါ ပို့ဆောင်ခဲ့ပြီး မီးလောင်တိုက်အတွင်းသို့ ကိုယ်တိုင် ဝင်ရောက်ကြည့်ရှု ပို့ဆောင်ခဲ့သည်ဟု သတင်းများရရှိသည်။
ဦးလွင်သည် NLD ပါတီ၏ ပြောဆိုခွင့်ရှိသူအဖြစ်လည်း နှစ်အတန်ကြာ တာဝန်ယူခဲ့ပြီး ဦးဉာဏ်ဝင်းမှ ပြောဆိုခွင့်ရှိသူအဖြစ် တာဝန်ယူပြီးနောက် NLD ပါတီနှင့် အနည်းငယ် ကင်းကွာခဲ့သည်ဟု နိုင်ငံရေးဆက်စပ်သူတို့က The Voice Weekly သို့ ပြောကြားသည်။
အဆိုပါ ဈာပနအခမ်းအနားတွင် နိဗ္ဗာန်ယာဉ်အား မောင်းလာသည့် နာရေးကူညီမှု ဥက္ကဋ္ဌ ဦးကျော်သူအား ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ဈာပနသို့ လိုက်ပါပို့ဆောင်သူများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များသာမက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) မှ အဖွဲ့ဝင်များ ပါဝင်ခဲ့ကြောင်း တွေ့ရှိရသည်။