Pages

Thursday, November 11, 2010

ဒေါ်အောင်ဆန်းစုကြည်အား မလွတ်ရန် နအဖ အစိုးရအဖွဲ့ဝင်များ ၀ိုင်းဝန်းအကြံပေး

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မပေးရန် နေပြည်တော်တွင် ရှိနေကြသော ဒုဗိုလ်ချုပ်ကြီးများနှင့် ၀န်ကြီးများက ယနေ့ညနေ အစည်းအဝေးတွင် တင်ပြခဲ့ကြကြောင်း နေပြည်တော်မှ စစ်ဘက်အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

"ရွေးကောက်ပွဲရလဒ်ကလည်း မတည်ငြိမ်သေးတဲ့အချိန် ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်သလားဆိုတဲ့ ဗိုလ်သန်းရွှေရဲ့ မေးမြန်းချက်ကို ကျန်တဲ့ ဒုဗိုလ်ချုပ်ကြီးနဲ့ ၀န်ကြီးတွေက မလွှတ်တာက ပို အေးဆေးပါတယ်လို့ သဘောထားပေးကြတယ်လို့ သိရတယ်"ဟု ၄င်းက ပြောသည်။

ထိုသတင်းနှင့်ပတ်သက်၍ ဧရာဝတီက အခြားသတင်းရပ်ကွက်များမှ အတည်ပြုချက်မရသေးပေ။ သို့သော် အဆိုပါ အရာရှိကမူ ဒေါ်အောင်ဆန်းစုကြည်အား အစိုးရက ပြန်လွှတ်လိမ့်မည် သူမယူဆကြောင်းအတိအလင်း ပြောဆိုသည်။

"မဲစာရင်းတွေကိုတောင် ချက်ခြင်းမကြေညာသေးဘဲ တချက်စောင့်ကြည့်တယ်ဗျ။ ဘယ်ပါတီတွေက သူပုန်ထနိုင်လဲပေါ့ဗျာ။ သူပုန်ထနိုင်ပြီး သိပ်လည်း အန္တရာယ်မရှိတဲ့ နေရာတွေကို ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တာ၊ ဒေါ်စုကိုလည်း အဲလိုပဲ ၊ လွှတ်ပေးသင့် မပေးသင့် တချက်စောင့်ကြည့်တယ်။ မလွှတ်ရသေးဘူး နိုင်ငံတကာ သတင်းတွေမှာ ညံထွက်လာတော့ မလွတ်ပေးဖို့ အရာရှိကြီးတွေက ၀ိုင်းပြောကြတယ်"ဟု ၄င်းက ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို နေပြည်တော် တရားရုံးချုပ်က ပယ်ချလိုက်သည်ဟု ယနေ့ ထုတ်ပြန်ခဲ့သည်။


၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းပြီးနောက် အထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ အိမ်ရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ဖောက်ဖျက်သည်ဟုဆိုကာ သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးအမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။

နအဖစစ်အစိုးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ် ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

The Irrawaddy Blog မှကူးယူတင်ပြပါသည်