Pages

Tuesday, December 7, 2010

အိန္ဒိယအခြေစိုက် အမျိုးသမီးဘ၀ လုံခြုံရေး၊ ပဋိပက္ခဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့ (WISCOMP)က We Stand With Daw Aung San Suu Kyi တဲ့

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရှိကြောင်း အိန္ဒိယရှိ မြန်မာ့အရေးစိတ်ဝင်စားသူများ ဆို 

Irrawaddy News

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုတဲ့အထိမ်းအမှတ်ပွဲတခုကို အိန္ဒိယအခြေစိုက် အမျိုးသမီးဘ၀ လုံခြုံရေး၊ ပဋိပက္ခဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့ (WISCOMP) နဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ပူးပေါင်းပြီးတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Press Club မှာ ဒီနေ့ညနေခင်းက ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် နယူးဒေလီမှာရှိနေတုန်းက ပညာသင်ခဲ့တဲ့ Lady Shri Ram အမျိုးသမီးကောလိပ်ရဲ့ ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမ၊ ကျောင်းသူတွေ၊ နယူးဒေလီအခြေစိုက် နိုင်ငံခြားသံရုံးတွေက သံရုံးဝန်ထမ်းတွေ၊ မြန်မာ့အရေး စိတ်ဝင်စားသူ အိန္ဒိယ အထက်လွှတ်တော်အမတ်တွေ၊ တိဘက်အဝေးရောက် အစိုးရ ပါလီမန်အဖွဲ့ဝင် ဘုန်းတော်ကြီး အချားရီးယား၊ အိန္ဒိယ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေနဲ့ နယူးဒေလီရောက် မြန်မာ့အရေးလှုပ်ရှားသူ ၁၅၀ ကျော်တို့ တက်ရောက်ခဲ့ပါတယ်။


ဒီအခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးပို့လိုက်တဲ့ ရုပ်သံ ကျေးဇူးတင် နှုတ်ခွန်းဆက် စကားမှာတော့ မြန်မာ့အရေးအတွက် အားပေးထောက်ပံ့ကူညီနေတဲ့ အိန္ဒိယ နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်း၊ အိန္ဒိယတွင်ခိုလှုံနေသော မြန်မာဒုက္ခသည်များကို လက်ခံထားရှိပေးသော အိန္ဒိယ အစိုးရကို ကျေးဇူးတင်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ပိုမိုဆက်လက်အားပေးကူညီရန် မေတ္တာရပ်ခံကြောင်း ပြောကြားထားတာကို တွေ့ရပါတယ်။

Lady Shri Ram အမျိုးသမီးကောလိပ်ရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မီနာခ်ရှီ ဂိုပီနာထ် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ စေတနာ၊ အနစ်နာခံစိတ်၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေးအတွက် စွန့်လွှတ်အနစ်နာခံ လှုပ်ရှားနေမှုတွေဟာ အိန္ဒိယ အမျိုးသမီးတွေအတွက် ဂုဏ်ယူအားတက်ဖွယ်ရာ ဖြစ်တယ်၊ ကောလိပ်ရဲ့ ကျောင်းသူဟောင်းတယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အတွက် ၀မ်းသာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ အမြဲရှိနေပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံ အားပေးနေကြောင်း ပြောဆိုသွားပါတယ်။
မြန်မာ့အရေးစိတ်ဝင်စားသူ အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ ရမ်ဂျစ်မလာနီ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာဟာ စစ်အာဏာရှင်စနစ်ပျောက်ကွယ်ဖို့ ခြေလှမ်းအစ မဟုတ်သေးဘူး၊ စစ်အာဏာရှင်စနစ်ပျောက်ဖို့ဆိုတာ ဒီမိုကရေစီ အင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယလို အိမ်နီးချင်း နိုင်ငံတွေက ၀ိုင်းဝန်းဖိအားပေးဖို့လိုတယ် လို့ ဆိုပါတယ်။
လက်ထောက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း Shashi Tharor ကတော့ အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာ နေထိုင်လိုတာကြောင့် အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရတာမျိုးတွေ ရှိနေပေမယ့် စိတ်ရင်းထဲမှာကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် လှိုက်လှိုက်လှဲလှဲ ရှိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကိုလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်လို့ ပြောဆိုသွားပါတယ်။

ခရစ်ယာန်ဘုန်းတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ၊ မြန်မာနိုင်ငံသားများအတွက် ဆုမွန်ကောင်းများ တောင်းဆုချွေပေးခဲ့သည်။

အိန္ဒိယရောက် တိုင်းရင်းသူလေးများက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသီချင်းများ သီဆိုခဲ့သည်။

WISCOMP အဖွဲ့ဝင်များ