Pages

Sunday, January 23, 2011

မြောက်ကိုရီးယားကို တရုတ်က ထိန်းချုပ်ရန် ပျက်ကွက်ပါက အာရှတွင် တပ်များ ပြန်လည်ဖြန့်ချမည်ဟု အမေရိကန် သတိပေးခဲ့ကြောင်း နယူးယောက်တိုင်မ်း ဖော်ပြ


w61713
ဇန်န၀ါရီလ ၁၉ ရက်နေ့က ဟူကျင်တောင် အိမ်ဖြူတော်သို့ ရောက်ရှိစဉ်
မြောက်ကိုရီးယားကို အဓိက မဟာမိတ်ဖြစ်သော တရုတ်က ထိန်းချုပ်လွှမ်းမိုးရန် ပျက်ကွက်ပါက အာရှတွင် တပ်များ ပြန်လည် ဖြန့်ချထားမည်ဟု အမေရိကန်က သတိပေးခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဇန်န၀ါရီ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။
ပြုံယမ်းအစိုးရကို တင်းမာစွာ တုံ့ပြန်ရန် အမေရိကန်သမ္မတ အိုဘားမားက တရုတ်နိုင်ငံကို သတိပေးခဲ့ကြောင်း၊ လာမည့်လတွင် ပြုလုပ်ဖွယ်ရှိသော ကိုရီးယား နှစ်နိုင်ငံအကြား ဆွေးနွေးပွဲကိုလည်း တံခါးဖွင့်ပေးထားကြောင်း အမေရိကန် အစိုးရ အကြီး တန်း အရာရှိတစ်ဦး ပြောကြားချက်ကို နယူးယောက်တိုင်းမ်က ကိုးကားဖော်ပြခဲ့သည်။
မြောက်ကိုရီးယားအပေါ် တရုတ်က ဖိအားပေး မထိန်းချုပ်ပါက အမေရိကန်သည် မြောက်ကိုရီးယားရန်မှ ကာကွယ်နိုင်ရန်အတွက် အာရှတွင် တပ်များ ပြန်ဖြန့်ချမည်ဟု အိုဘားမား က ဟူကျင်တောင်ကို သတိပေး ပြောကြားခဲ့ကြောင်း နယူးယောက်တိုင်းမ် က ဖော်ပြခဲ့သည်။ အိုဘားမားသည် ယင်းစကားကို ပြီးခဲ့သော လကလည်း ဟူကျင်တောင်ထံ ဖုန်းဆက်ပြောကြားပြီး ဖြစ်သလို အိမ်ဖြူတော်တွင် ဇန်န၀ါရီ ၁၈ ရက်က ညစာတည်ခင်းရာ၌လည်း ထပ်မံ သတိပေး ပြောကြားခဲ့ သည်ဟု သတင်းတွင် ဖော်ပြသည်။
ပြီးခဲ့သော သီတင်းပတ်ကလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က ပြုံယမ်းသည် အမေရိကန်အတွက် တိုက်ရိုက် ခြိမ်းခြောက်မှု ဖြစ်လာနေပြီး လာမည့် ငါးနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည်များကို ထုတ်လုပ်လာနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။ မြောက်ကိုရီးယား နျူစီမံကိန်းအပေါ် စိုးရိမ်မိကြောင်း အိုဘားမားနှင့် ဟူကျင်တောင်က ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သောနှစ်က တိုက်ခိုက်မှုများအတွက် ပြုံယမ်းက တောင်းပန်မှု ပြုလုပ်ရန် ဆိုးလ်က တောင်းဆိုပါက ပြုံယမ်းက လက်ခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။