Pages

Monday, January 31, 2011

ပထမဦးဆုံးမွန်ပြည်နယ် လွှတ်တော်တရပ်တွင်လဲဖွတ်နဲ့ ခွေးများသာကြီးစီုး


ကာင်းဝါ အယ်ဒီတာအာဘော်
ပြာသိုလဆုတ် ၁၂ရက်။ဇန်နဝါရီ ၃၁၊၂၀၁၁။
ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ တွင် အရင်တခါမှမရှိခဲ့ဘူးသော ပထမဦးဆုံးမွန်ပြည်နယ် လွှတ်တော်တရပ် ပေါ်ပေါက်လာပါပြီ။ အဆိုပါမွန်ပြည်နယ်လွှတ်တော်ဆိုသည်ကား အဘယ်ကဲ့သို့လွှတ်တော်ဖြစ်ပါသလဲ၊ လက်ရှိဘယ်ပါတီက ဘယ်လွှတ်တော်အမတ်မင်းများ တက်ရောက်နေပါသလဲဆိုတာ ပြန်လည်ဆန်းစစ်ရန်လိုအပ်ပေသည်။

ယခုမွန်ပြည်နယ်လွှတ်တော်၌ ပြည်ခိုင်ဖြိုး ၁၄ ဦး၊ စစ်တပ်မှစစ်ဗိုလ်အော်တိုမက်တစ်အမတ် ၈ ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၇ ဦး၊ တစည ၂ ဦး စသည်ဖြင့် လွှတ်တော်အမတ်မင်းစုစုပေါင်း ၃၁ ဦးပါဝင်တက်ရောက်နေကြသည်။

ပြည်ခိုင်ဖြိုးနှင့် စစ်ဗိုလ်အော်တိုမက်တစ်အမတ်မင်းများမှာ အများသိရှိထားကြသည့်အတိုင်း တစ်ဖွဲ့တည်းသာဖြစ်သည့်အတွက် မွန်ပြည်နယ်လွှတ်တော်၌ လက်ရှိစစ်အစိုးရ၏ပြည်ခိုင်ဖြိုးအမတ် ၂၂ ဦးရှိနေသည်ဟုဆိုရပေမည်။ အတိုက်အခံအဖွဲ့ဖြစ်ပြီး အမတ် ၇ ဦးသာရှိသည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် အချိုးအစားနှိုင်းယှဉ်ပါက ၃း၁ ထက်ပိုပြီး ပြည်ခိုင်ဖြိုးက အင်အားသာနေပါသည်။ ကျန်တစညအမတ် ၂ ဦးက ကြားခံပါတီတရပ်ဟုဆိုစေဦးတော့ ပြည်ခိုင်ဖြိုးနှင့် ပို၍နီးစပ်နေသူများလည်း ဖြစ်နေပြန်ပါသည်။

လွှတ်တော်အတွင်း ပထမဦးဆုံးနေ့အဆိုပြုမဲခွဲကြသောအခါ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ မှ ဦးကျင်ဖေ၊ ဒုဥက္ကဋ္ဌအဖြစ်ကျိုက်ထို ၁ မှ ဦးဋ္ဌေးလွင်နှင့် မုဒုံ ၁ မှ ဦးအုန်းမြင့် (ဗိုလ်မှူးချုပ်ဟောင်း) မှာ သဘာပတိနေရာ အသီးသီးရရှိခဲ့ကြသည်။

ထို့သို့ဆိုလျှင် မွန်ပြည်နယ်လွှတ်တော်တွင် မွန်တိုင်းရင်းသားအများစုကိုယ်စားပြုပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီအမတ်မင်းများမှာ မွန်ပြည်နယ်နှင့်မွန်အမျိုးသားများအကျိုးအတွက် လွှတ်တော်အတွင်းတိုက်ပွဲဝင်ရာတွင် စိတ်ဓါတ်ခွန်အား(ဝါ) ပါးစပ်အပြောအဟောဖြင့်သာ ဆောင်ရွက်ကောင်းဆောင်ရွက်နိုင်ပေလိမ့်မည်။ သို့သော်လက်တွေ့ရုပ်ပကတိအနေအထားအရ မည်သို့မျှလှုပ်ရှား၍မရနိုင်တော့ပေ။

နောက်ဆုံးတွင် စစ်အစိုးရအလိုကျ ပြည်ခိုင်ဖြိုးအမတ်မင်းများကသာ မွန်ပြည်နယ်တစ်ခုလုံးကို စိတ်ကြိုက်ချယ်လှယ်ပါလိမ့်မည်။ မကြာမီပေါ်ပေါက်လာမည့် ပထမဦးဆုံးမွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ အမည်စာရင်းတွင် ပြည်ခိုင်ဖြိုးပါတီအမတ်များကဦးဆောင်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ထို့ကြောင့် မွန်ပြည်နယ်သားများနှင့် မွန်တိုင်းရင်းသားများအနေဖြင့် လာမည့်မွန်ပြည်နယ်အစိုးရအပေါ် အကျိုးရလဒ်ကောင်းများ ပေါ်ထွန်းလာလိမ့်မည်ဟု မျှော်မှန်းမနေသင့်ပေ၊ ထို့အတူ မကြာမီပေါ်ပေါက်လာမည့်ဗဟိုအစိုးရသည်လည်း တိုင်းပြည်ငြိမ်းချမ်းစည်ပင်သာယာဝပြောအောင် ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းများတွင် ထင်ဟပ်နေပေသည်။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခများကို လက်တွေ့ကျပြီး မှန်ကန်သောနည်းလမ်းဖြင့် စစ်အစိုးရက ဦးဆောင်မဖြေရှင်းပဲ ထင်သလိုစိုင်းနေသည်။ နိုင်ငံရေးအရ အဓိကထားဖြေရှင်းသွားရမည့် အတိုက်အခံဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားပြည်တွင်းစစ်အရေးတို့ကိုလည်း လစ်လျှူပြုထားဆဲပင်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် အစိုးရသစ်တက်လာသည်ဆိုစေဦးတော့ အဖက်ဖက်ကယိုယွင်းနေသည့် မြန်မာပြည်တွင်းရေးရာများမှာ တည်ငြိမ်နိုင်ဦးမည်မဟုတ်၊ ထို့အတူ ဆင်းရဲတွင်းထဲ နစ်သထက်ပို၍ နစ်နေဦးမည်ဖြစ်သည်။ တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီအရေးကို မဖေါ်ဆောင်နိုင်သေးသ၍ သာယာငြိမ်းချမ်းသောနိုင်ငံသစ်တခု ဖေါ်ဆောင်နိုင်ဦးမည်မဟုတ်သည့်အတွက် မကြာမီပေါ်ထွက်လာမည့်မွန်ပြည်နယ်အစိုးရသည် မွန်ပြည်နယ်သားများအားလုံးအကျိုးကို သယ်ပိုးနိုင်မည်မဟုတ်ကြောင်း ကောင်းဝါပရိဿတ်များအား အသိပေးအပ်ပါသည်။