Pages

Friday, March 11, 2011

ငါးကြီးက တကိုယ်လုံး လှုပ်ခါယမ်းလိုက်တော့ ကမ္ဘာမြေတစ်ခုလုံး သိမ့်သိမ့်တုန်ခါ ချောက်ခြား သွား ကြရသည်။

ကမ္ဘာမြေ ပြင်းပြင်း တုန်ခါယမ်းလိုက်သောအခါ

E-mail Print PDF
ဒဏ္ဍာရီအရ ဂျပန်ကျွန်းစုများအောက်တွင် ခပ်ကြမ်းကြမ်း ခပ်ယမ်းယမ်း  ဧရာမ ကြောင်ငါးကြီး တစ်ကောင် ရှိ သည်။ သူ့ဦးခေါင်းကို ကမ္ဘာမြေစောင့် ရှင်တို နတ်ဘုရား က နှမ်းဖတ် ကျောက်တုံးကြီးနဲ့ ဖိညှပ်ထားသည်။
သို့ပေမဲ့ တစ်ခါတစ်ရံတော့ ရှင်တိုနတ်ဘုရားက သူ့ဖိထားတဲ့ ကျောက်တုံးကို ဖြုတ်ချတတ်သည်။ အဲဒီလို ကျောက်တုံးကြီး ပြုတ်ကျသွားတဲ့အခါ ငါးကြီးက တကိုယ်လုံး လှုပ်ခါယမ်းလိုက်တော့ ကမ္ဘာမြေတစ်ခုလုံး သိမ့်သိမ့်တုန်ခါ ချောက်ခြား သွား ကြရသည်။
မေလ ၁၁ ရက် မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းခြေနဲ့ ၁၅ မိုင်အကွာ ပြင်းအား ပမာဏ ၈.၉ ရှိ ငလျင်ကြီး တုန်လှုပ်ခဲ့သည်။ တဆက်ထဲ ဆုနာမီ ကြောက်မယ်ဖွယ် ဧရာမ ရေလှိုင်းကြီးများ လိုက်ပါလာသည်။ စက္ကန့်နဲ့အမျှ တလိမ့်လိမ့် တက်လာတဲ့ ရေလှိုင်းလုံးတွေက ကားတွေ၊ သင်္ဘောတွေ၊ အဆောက်အဦတွေကို အမှိုက်အစအနများသဖွယ် သိမ်းကျုံးသွားသည်။ အဝေးပြေးလမ်းမကြီးတွေ ဟက်တက်ကွဲ ကုန်သည်။ တံတားများ ထက်ပိုင်းကျိုးကျသည်။ အိမ် ၅.၄ သန်း လျှပ်စစ်မီး ပျက်သွားသည်။
NHK သတင်းဌာနအရ အရ လက်ရှိ သေဆုံးသူ ၄၂၀ ကျော် ရှိသည်။ ၁၀၀၀ ကျော်  သေဆုံး နိုင် သည်ဟု ခန့်မှန်းထားသည်။ ၇၄၀ ပျောက်ဆုံးနေသည်။ ဒဏ်ရာရသူကတော့ အများအပြား။ နာရီပိုင်းအတွင်း လူနေအိမ် ၃၀၀ ကျော် ပြိုဆင်း ရေမျော သွားသည်။ ရုရှားမှ တောင်အမေရိက အထိ ပစိဖိတ်ဒေသ ၅၈ နိုင်ငံအတွက်  အရေးပေါ် သတိပေး ထားသည်။ ဂျပန်ဝန်ကြီးချုပ်က အမေရိကန် အစိုးရမှ အကူအညီပေးဖို့ တရားဝင် တောင်းဆိုခဲ့သည်။
ပြင်းအား ၈.၉ ပဏာမရှိ ထိတ်လန့်ဖွယ် ငလျင်ကြီးမျိုးမှာ ဂျပန်လို ငလျင်ကြောမိနေတဲ့ နိုင်ငံမှာတောင် အလွန် ဖြစ်ခဲသည်။ ၁၉၆၀ မေ ၂၂ ရက် ချီလီနိုင်ငံ ၉.၆ ပြင်းအားရှိ ငလျင် လှုပ်ခတ်ပြီးနောက် ယခု အကြီးဆုံး ဖြစ်သည်။ ၂၀၀၄ ခုနှစ် ဆုနာမီထက် သေဆုံးမှု၊ ဆုံးရှုံးမှု အတိုင်းအတာများမလားဆိုတာ မခန့်နိုင်သေး။ နာရီပိုင်းအတွင်း ဖုန်းလိုင်းတွေ ပျက်ကုန်သည်။ လေကြောင်းတွေ ရပ်တံ့သွားသည်။ ငါးဖမ်းလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်တဲ့ မီယာဂီ၊ အိုင်ဝါတီ၊ ဖူကူရှီမာ ကမ်းခြေမြို့နေရာတွေ ရေမြုတ်သွားသည်။
ကလေးဘ၀ကတည်းက ဂျပန်တွေကို ငလျင် အန္တရာယ် သင်ကြားမှု သင်တန်းတွေ ပေးထားသည်။ သို့သော် ကမ္ဘာမြေ တကယ် တုန်ခါသွားတော့ ဦးတည်ရာမဲ့ ဖြစ်ကြရသည်။ ကျည်ဆန်ရထားတွေ ချက်ချင်း ရပ်ပစ်ရသည်။ နျူကလီယား ဓာတ်အားပေး စက်ရုံတွေ အလိုအလျောက် ပိတ်သွားသည်။ ဓာတ်ပေါင်းဖိုတွေမှာ ရေဒီယို သတ္တိကြွများ ယိုစိမ့်မှု မရှိသေးကြောင်း ၀န်ကြီးချုပ်က ကြေငြာပေမဲ့၊ တိုကျို ရေနံသန့်စင် စက်ရုံ မီးလောင်နေသည်။ ကျန် နေရာ ၅၀ တွင် မီးလောင်မှု ဖြစ်ပွားနေသည်။
ဆုနာမီလှိုင်း အဓိက ဖျက်ဆီးခဲ့တဲ့ နေရာတွေမှာ အသက်ကယ်ဆယ်ရေးအတွက် စစ်တပ်တွေ လွှတ်ထားသည်။ ဂျပန်တပ်က လူ ၇၀,၀၀၀ နီးပါး ကယ်တင်နိုင်ခဲ့သည်။ အတိုက်အခံ လစ်ဘရယ်ဒီမိုကရက်ပါတီက အစိုးရနဲ့ ပူးပေါင်းလုပ်ဖို့ ကြေငြာလိုက်သည်။ အလုပ်သမားများ အိမ်ပြန်ဖို့ ခက်နေပြီး၊ ဧကရာဇ်  ဘုရင် နန်းတော် လမ်းများတလျှောက်နှင့် အစိုးရ ရုံးဝန်းများအတွင်း ညနေချမ်းမှာ လူတွေ စုပြုံ တိုးဝှေ့ နေကြသည်။
၁၉၉၅ ခုနှစ် ၆.၈ ပမာဏရှိ ကိုဘေး ငလျှင်ကြောင့် ဂျပန်တွင် လူ ၆၄၀၀ သေဆုံးခဲ့သည်။ ဆုံးရှုံးမှုမှာ ဒေါ်လာ ၁၀၀ ဘီလီယံ ရှိခဲ့သည်။ ယခု ငလျင်ကြီးက ဘယ်လောက်ထိ ဆုံးရှုံးမှုတွေ ဖြစ်စေမလဲ။ ဘယ်နိုင်ငံတွေ ဆုနာမီလှိုင်း ဆက် ရိုက်ခတ်ဦးမလဲ။
မောက္ခ နိုင်ငံတကာသတင်း Source: The New York Times & The Economist