Pages

Friday, March 25, 2011

လစ်ဗျားအရေး ကိုင်တွယ်မှုအပေါ် ပူတင်နှင့် မက်ဗီဒက် သဘောကွဲလွဲ



PDF Print
AddThis Social Bookmark Button
လစ်ဗျားတွင် နိုင်ငံစုံ မဟာမိတ်တပ်ဖွဲ့များက လေကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် ကဒါဖီတပ်များကို တိုက်ခိုက်နေမှုမှာ မတ်လ ၂၂ ရက်နေ့တွင် လေးရက်ရှိသွားပြီ ဖြစ်ပြီး ကဒါဖီ၏ သူပုန်များကို တိုက်ခိုက်မှု အရှိန်အဟုန် လျော့သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
လစ်ဗျားအရေး ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်နှင့် သမ္မတ မက်ဗီဒက်တို့ အကြား သဘောကွဲလွဲကြောင်း ထင်ရှားသည့် မှတ်ချက် စကားများကို ပြောကြားခဲ့ကြပြီး ပူတင် လောင်းရိပ်အောက်တွင် အမြဲနေမည့်သူ မဟုတ်ကြောင်း မက်ဗီဒက်က ပြသခဲ့သည်။
ပူတင်၏ လစ်ဗျားအရေး မှတ်ချက်စကားကို မက်ဗီဒက်က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ခြင်းဖြင့် ပထမဆုံးအကြိမ် သဘောကွဲလွဲမှုကို လူသိရှင်ကြား ထုတ်ဖော်ခဲ့သည်။ မတ်လ ၂၂ ၇က်နေ့က နိုင်ငံတကာမှ လစ်ဗျားကို လေကြောင်းထိုးစစ် ဆင်နွှဲခြင်းနှင့် ပတ်သက်ပြီး ပူတင်က အလယ်ခေတ် ခရူးဆိတ် စစ်ပွဲများကဲ့သို့ ဖြစ်နေသည်ဟု ဝေဖန်ခဲ့ခြင်းအပေါ် မက်ဗီဒက်က ချက်ခြင်းပင် တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပူတင်က ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်သည် လွဲမှားနေကြောင်း၊ အမေရိကန်၏ စစ်ဘက် စွက်ဖက်မှု မြင့်တက်လာခြင်း၏ ဥပမာတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက် အတည်ပြုနိုင်စေရန် ရုရှားအစိုးရ၏ ကြားနေခဲ့သည့် သဘောထားအပေါ် တိုက်ရိုက် တိုက်ခိုက်သလို ဖြစ်သွားခဲ့သည်။
လေ့လာသူတို့က အပြန်အလှန် တိုက်ခိုက်သည့်သဘော ပါသော မှတ်ချက်များသည် ၂၀၁၂ ခုနှစ် ရုရှားသမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှု စတင်သည့်သဘော ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ပူတင်သည် မက်ဗီဒက်ကို ၂၀၀၈ ခုနှစ်တွင် သမ္မတနေရာ လွှဲပေးခဲ့ရပြီးနောက် သက်တမ်းတစ်ကြိမ် အပြီး သမ္မတပြန်လုပ်ရန် စီစဉ်ခဲ့သလို မက်ဗီဒက်ကလည်း ပူတင်နှင့် ပြိုင်ဘက် ဖြစ်လာနိုင်ကြောင်း အစောပိုင်း ကတည်းက သတင်းထွက်ခဲ့ပြီး ဖြစ်သည်။
ပူတင်၏ မှတ်ချက် ထွက်ပေါ်လာပြီးနောက် တင်းမာနေသည့် မျက်နှာထားနှင့် မက်ဗီဒက်သည် နိုင်ငံပိုင် ရုပ်သံမှနေပြီး အလယ်ခေတ်က မြင့်မြတ်သော နယ်မြေတွင် မွတ်စလင်လွှမ်းမိုးမှု အဆုံးသတ်စေရန် စစ်သည်များ စေလွှတ်တိုက်ပွဲဝင်ခဲ့သည့် ခရူးဆိတ် စစ်ပွဲဖြစ်ရပ်ကို မွတ်စလင်နိုင်ငံတစ်ခုတွင် ဖြစ်ပေါ်နေသော အခြေအနေကို ရည်ညွှန်းသုံးစွဲခြင်းမှာ လက်မခံနိုင်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ခြင်း ဖြစ်သည်။တိုက်ဆိုင်စွာပင် ပူတင်မှတ်ချက် ထွက်ပေါ်လာချိန်မှာ အမေ ရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် ရုရှားရောက်နေချိန် ဖြစ်နေခဲ့သည်။