Pages

Wednesday, March 30, 2011

နိုင်ငံတော်အမကြီး မသိန်းစိန် မတ်လ ၃၀ ရက်နေ့ကခွေးလွှတ်တော်တွင် ပုံ ပြောကြား



AddThis Social Bookmark Button

b4118
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်း ပြောကြားနေစဉ်

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် မတ်လ ၃၀ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် '' . . . ကျွန်တော်တို့ နိုင်ငံမှာ အင်အားသုံးရပ် တောင့်တင်းနေဖို့ လိုပါတယ်။ အဲဒီ အင်အားတွေကတော့ (၁)နိုင်ငံရေးအင်အား၊ (၂) စီးပွားရေးအင်အားနဲ့ (၃)နိုင်ငံတော်ကာကွယ်ရေးအင်အား တို့ ဖြစ်ပါတယ်။ နိုင်ငံရေးအင်အား ဆိုတာကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပဲ ဖြစ်ပါတယ်။ လူမျိုးစုပေါင်း (၁၀၀)ကျော်နဲ့ စုစည်းနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးဟာ အလွန် အရေးကြီးပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရင် နိုင်ငံတော်ကြီးလည်း အစိတ်စိတ်အမြွာမြွာ ပြိုကွဲပျက်စီးသွားမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထူး အလေးထားပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်''ဟု ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် စီးပွားရေးရာများနှင့် ပတ်သက်၍ ''ဈေးကွက်စီးပွားရေး ဆိုရာမှာ ကျွန်တော်တို့ အနေနဲ့ နိုင်ငံနဲ့ပြည်သူ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုပြီး ဖွင့်သင့်တာဖွင့်၊ ပြင်သင့်တာပြင်၊ ဖိတ်ခေါ်သင့်တာ ဖိတ်ခေါ်ပြီး ပီပီပြင်ပြင် ဆောင်ရွက်သွားမယ့် ဈေးကွက်စီးပွားရေး စနစ်မျိုးကို ရည်မှန်းထားပါတယ်''ဟု ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ''ဈေးကွက်စီးပွားရေး စနစ်နဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ အယူအဆ အမျိုးမျိုး ရှိကြသလို လုပ်နည်းလုပ်ဟန်တွေလည်း ကွဲပြား ခြားနားကြပါတယ်။ တချို့နိုင်ငံမှာ ဈေးကွက်ကို လုံးဝ လွှတ်ပေးထားတာမျိုး ရှိသလို တချို့ နိုင်ငံတွေမှာတော့ အစိုးရက အတိုင်းအတာ တစ်ခုအထိ ၀င်ပြီး ထိန်းပေးနေရတာမျိုးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အစိုးရက အတိုင်းအတာ တစ်ရပ်အထိ ထိန်းသိမ်းပံ့ပိုး ဆောင်ရွက်ပေးတဲ့ ဈေးကွက်စီးပွားရေး စနစ်မျိုးကို ရည်မှန်းပါတယ်။ ၀င်ထိန်းပေးမယ် ဆိုတာလည်း ဈေးကွက်ရဲ့ လွတ်လပ်မှုကို ထိန်းချုပ်လိုတဲ့သဘော မဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်တာမျိုး မဖြစ်အောင် ထိန်းကျောင်း တည့်မတ်ပေးတာမျိုးကိုသာ ရည်ရွယ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး ၀င်ရောက် ထိန်းကျောင်းမှုမျိုးသာ လုပ်သွားမှာ ဖြစ်တဲ့အပြင် တတ်နိုင်သမျှ ၀င်ရောက်စွက်ဖက်မှု၊ ထိန်းချုပ်မှု အနည်းဆုံး ဖြစ်အောင် ရပ်တည် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။ မိန့်ခွန်းတွင် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ လည်းကောင်း၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း လုပ်ဆောင်ရန် ရှိသည်များကို ထည့်သွင်း ပြောကြားခဲ့သလို အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံးနိုင်ရေးသည် အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်း ဖြစ်ကြောင်း၊ ဥပဒေအရာတွင် နိုင်ငံသားအားလုံး တန်းတူခံစားခွင့် ရရှိအောင် အကာအကွယ်ပေးမည် ဖြစ်ပြီး တရားရေးမဏ္ဍိုင်ကို ခိုင်ခံ့အောင် တည်ဆောက်ပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ ထို့အပြင် လာဘ်ပေး၊ လာဘ်ယူမှုသည် လူတစ်ဦးချင်း ထိခိုက်စေသည် သာမက နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့် အတွက် ပြည်သူ၏ အကူအညီကို ရယူ၍ ထိရောက်စွာ တားဆီးသွားမည်ဟု ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင် နိုင်ငံခြားရေးမူဝါဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများ၊ ပြည်တွင်းရေးရာ မူဝါဒများကို အကောင်အထည် ဖော်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ဥပဒေပြုရေး အစီအစဉ်များကို သက်ဆိုင်ရာ လွှတ်တော်သို့ တင်သွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပြီး၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျခြင်းတည်း ဟူသော လောကပါလတရား ထွန်းကားသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ရေရှည်တည်တံ့ ရှင်သန်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းမြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားယင်း တစ်ဖက်ကလည်း မိမိတို့နှင့်အတူ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကိုယ့်တိုင်းပြည်အတွက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြပါလို့ ဖိတ်ခေါ်တိုက်တွန်းပါကြောင်း နိဂုံးချုပ် ပြောကြားသွားခဲ့ပါသည်။
မိန့်ခွန်းတွင် ပါရှိသော သက်ဆိုင်ရာလွှတ်တော်များသို့ တင်သွင်းပြီး အကောင်အထည် ဖော်နိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြားချက်များ
(၁) တည်ဆဲဥပဒေများမှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆီလျော်သော အချက်များကို ပြင်ဆင်ခြင်း၊
(၂) နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ဆောင်ပေးနိုင်မည့် ဥပဒေကြမ်းများ တင်သွင်းခြင်း၊
(၃) ၀န်ထမ်းများနဲ့ အငြိမ်းစားဝန်ထမ်း လစာများကို အခြေအနေ အချိန်အခါအရ ပြင်ဆင် သတ်မှတ်သည့် ဥပဒေကြမ်း ပြဋ္ဌာန်းခြင်း၊
(၄) တောင်သူလယ်သမားများ၏ လယ်ယာလုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့် ဥပဒေများ ပြုစုနိုင်ရေး လေ့လာခြင်း၊ လက်ရှိ ဥပဒေများကို ခေတ်နှင့်အညီ ပြင်ဆင်နိုင်ရေး အတွက် ပြန်လည်သုံးသပ်ခြင်း၊
(၅) အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနှင့် ကာကွယ်စောင့်ရှောက်သည့် ဥပဒေများကို ခေတ်နှင့်အညီ ပြင်ဆင်နိုင်ရေး အတွက် ပြန်လည် သုံးသပ်ခြင်း၊
(၆) ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုဖူလုံရေး ဥပဒေကို ခေတ်နှင့်အညီ ပြန်လည်ပြုပြင် ရေးဆွဲ၍ ဥပဒေအကြမ်း တင်သွင်းခြင်း၊
(၇) ပညာရေးနှင့် ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရေးအတွက် ဥပဒေကြမ်းများ ပြဋ္ဌာန်းခြင်း၊
(၈) စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ခေတ်နဲ့မလျော်ညီတဲ့ စာပေ၊ စာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင် ပြဋ္ဌာန်းခြင်း၊
(၉) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းခြင်း၊ စက်မှုလုပ်မှုလုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်များနှင့် ပတ်သက်သည့် ဥပဒေများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေး လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြန်လည် ပြင်ဆင်ခြင်း၊
(၁၀) ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် မမျှော်မှန်းနိုင်သော သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် သဘာဝဘေးအန္တရာယ် ရေရှည်ကာကွယ်နိုင်ရေးတို့ အတွက် လိုအပ်သည့် အစီအမံများကို ပြန်လည်သုံးသပ်၍ ပြင်ဆင် ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းခြင်း၊