Pages

Monday, May 16, 2011

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ စထရောက်ခန်းနာဘူးကြသဖြင့်  နယူးယောက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံရ

PDF Print
Monday, 16 May 2011 12:12
AddThis Social Bookmark Button

w63327
အခင်းဖြစ်ပွားရာ ဆိုဖီတယ်လ်ဟိုတယ်ကို တွေ့ရစဉ်

w63326
ဒိုမီနစ်စထရောက်ခန်းနှင့်ဇနီး
၂၀၁၂ ခုနှစ်၊ ပြင်သစ်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဆာကော်ဇီနှင့် ယှဉ်ပြိုင်နိုင်မည်ဟု မျှော်လင့်ခံထားရသော အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဥက္ကဋ္ဌဖြစ်သူ အသက် ၆၂ နှစ်ရှိ ဒိုမီနစ်စထရောက်ခန်းသည် နယူး ယောက်မြို့ တိုင်းမ်စကွဲယားရှိ ဟိုတယ် တစ်ခုတွင် အမျိုးသမီး အလုပ်သမား တစ်ဦးကို မေ ၁၄ ရက်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်ခဲ့သည် ဟူသော တိုင်ကြားခြင်း ခံရပြီးနောက် ရဲတပ်ဖွဲ့က ၎င်းကို စစ်ဆေးမေးမြန်းကာ မေလ ၁၅ ရက် အစောပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ဘရိုနီက ပြောကြားသည်။ ဆိုဖီတယ်လ် ဟိုတယ်မှ အသက် ၃၂ နှစ်ရှိ အမျိုးသမီး အလုပ်သမားသည် မေလ ၁၄ ရက်တွင် စထရောက်ခန်း၏ အခန်းကို သန့်ရှင်းရေး ပြုလုပ်ရန် သွားရောက်စဉ် စထရောက်ခန်း၏ ချုပ်နှောင်ခံရပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ခံရသည်ဟု ထွက်ဆိုခဲ့သည်။ ယင်းအလုပ်သမားမှာ ထွက်ပြေးခဲ့ပြီးနောက် ဟိုတယ်သို့ တိုင်ကြားခဲ့ရာ ဟိုတယ်က နယူးယောက်ရဲဌာနသို့ အကြောင်းကြားခဲ့သည်။ ရဲများ ရောက်လာချိန်တွင် စထရောက်ခန်းမှာ ဟိုတယ်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး ၎င်း၏ဖုန်းမှာ ဟိုတယ်တွင် ကျန်ခဲ့သည်ဟု ဘရိုနီက ပြောကြားသည်။ အသေးစား ဒဏ်ရာရခဲ့သော ယင်းအလုပ်သမားကို ရုစဗဲ့လ်ဆေးရုံသို့ ပို့ဆောင် ကုသစေခဲ့သည်။ စထရောက်ခန်းသည် ပါရီသို့သွားမည့် လေယာဉ်စီးရန် ဂျွန်အက်ဖ်ကနေဒီ လေဆိပ်သို့ ရောက်ရှိနေကြောင်း သိရှိခဲ့ပြီးနောက် ၎င်းကို ဟန့်တားနိုင်ရန် နယူးယောက်ရဲဌာနက လေဆိပ်အာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။
လေယာဉ်ပေါ် ရောက်နေသော စထရောက်ခန်းကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန်အတွက် ထိန်းသိမ်းခဲ့သည်။ စထရောက်ခန်းသည် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုကျူးလွန်မှု၊ အဓမ္မချုပ်နှောင်မှု၊ အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု စသော စွဲချက်များဖြင့် စွဲဆိုခံရပြီး ယင်းစွဲချက်အားလုံးနှင့် ပတ်သက်၍ အပြစ်မရှိကြောင်း ထွက်ဆိုရန် စထရောက်ခန်းက ပြင်ဆင်ထားသည်ဟု ၎င်း၏ရှေ့နေ ဘင်ဂျမင်ဘရက်ဖ်မန်က ပြောကြားသည်။ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးဟောင်း တစ်ဦးလည်း ဖြစ်ခဲ့ဖူးသူ စထရောက်ခန်းသည် မေလ ၁၅ ရက်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ၀န်ကြီးချုပ် မာကယ်နှင့် တွေ့ဆုံရန် ရှိပြီး ဂရိနိုင်ငံကို အကူအညီပေးရေး နှင့်ပတ်သက်၍ ဆွေးနွေးရန် ရှိသည်။