Pages

Sunday, May 15, 2011

နိုင်ငံတော် သမ္မတအကြံပေးအဖွဲ့ ဖွတ်ဒုတိယဥက္ကဋ္ဌဦးကိုကိုလှိုင် က Mr. Nambiarကို မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား သက်သက်မရှိပါကြောင်းခွေးစကားပြော

   PDF Print
Sunday, 15 May 2011 11:07
AddThis Social Bookmark Button
6332
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်တို့အား မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့၌ တွေ့ရစဉ်
မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒီမိုကရေစီ ဖြစ်ထွန်းရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံသို့ မေလ ၁၁ ရက် နေ့က ရောက်ရှိလာခဲ့သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် နေပြည်တော်တွင် မေလ ၁၁ ရက်နေ့က နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းများဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဗီဂျေးနမ်ဘီယာသည် ပြည်ထဲရေးဝန်ကြီး
ဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို နှင့်လည်း မေလ ၁၁ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
6332a
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးမြညိမ်းအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်နှင့်အဖွဲ့
နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ ဧည့်ခန်းမ၌ မေလ ၁၂ ရက်နေ့က လာရောက်တွေ့ဆုံစဉ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးမြညိမ်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းတို့နှင့်လည်း နေပြည်တော်၌ မေလ ၁၂ ရက်နေ့က တွေ့ဆုံခဲ့ သည်။ ၎င်းသည် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဌာနချုပ်၌ ပါတီ အထွေထွေ အတွင်းရေးမှူးနှင့်လည်း တွေ့ဆုံခဲ့သည့် အပြင် နိုင်ငံတော်သမ္မတ အကြံပေး အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတအကြံပေးအဖွဲ့မှ ရဲမှူးကြီး စစ်အေး(ငြိမ်း)၊ ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်နှင့် ဦးဆက်အောင်တို့ဖြစ်ပြီး ကျန်အဖွဲ့ဝင်များဖြစ်သော ဒေါက်တာဦးမြင့်၊ ဒေါက်တာစိန်လှဗိုလ်၊ ဦးရဲတင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးသန်းကျော်တို့ ပါဝင်ခြင်း မရှိကြောင်း သိရသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် မေလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်မှ ည ၆ နာရီ ၄၅ မိနစ်အထိ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်နာရီ ကြာတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီဂျေးနမ်ဘီယာတို့ တွေ့ဆုံပြီးနောက် သတင်းထောက်များနှင့် ဆက်လက်တွေ့ဆုံရာတွင် မြန်မာ အစိုးရဘက်က ဖြစ်ပေါ်ပြောင်းလဲလာမှုနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဗီဂျေးနမ်ဘီယာက “အစိုးရဘက်ကနေ အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့ပြောဆို ထုတ်ပြန်မှုတချို့ကို ပြုလုပ်ခဲ့ပါ တယ်။ အဲဒါတွေက အရမ်းကို အားတက်စရာပါ”ဟု ပြောကြားခဲ့သည်။
ဗီဂျေးနမ်ဘီယာနှင့် တွေ့ဆုံ ဆွေးနွေးမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က”တွေ့ဆုံဆွေးနွေးမှု က ပွင့်ပွင့်လင်းလင်း ရှိပါတယ်” ဟု သတင်းထောက်များအားပြောကြား ခဲ့သည်။
“ဘာပဲပြောပြော ကုလသမဂ္ဂ က မြန်မာပြည်အရေးကို ဆက်ပြီးတော့ အာရုံစိုက်နေတယ် ဆိုတာတော့ ကောင်းပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ သည်။
ဗီဂျေးနမ်ဘီယာသည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အပါအ၀င် နိုင်ငံရေးပါတီအချို့မှ တာဝန် ရှိသူများနှင့်လည်း ရန်ကုန်မြို့တွင် မေလ ၁၃ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယင်းအပြင် ပဲခူးမြို့သို့သွားရောက်၍ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းအားလည်း သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဗီဂျေးနမ်ဘီယာသည် မေလ ၁၃ ရက်နေ့ညနေတွင် မြန်မာနိုင်ငံမှ  ပြန်လည်မထွက်ခွာမီ သတင်းထောက်များနှင့်လည်း တွေ့ဆုံကာ ”အစိုးရ၏ ကတိပြု ပြောကြားမှု၏ အရေးပါမှုကို အသိအမှတ်ပြုကာ အကောင်အထည်ဖော် လုပ်ဆောင်ခြင်းက အဓိကသော့ချက်ဖြစ်ကြောင်းကို ကျွန်တော်တို့ အလေးထားပြော ကြားလိုကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် ရှေ့သို့ရွေ့လျားလိုလျှင် အချိန်ဖြုန်းရန် မရှိကြောင်း” စသည် တို့ပါဝင်သည့် ၎င်း၏မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်သည့် ကြေညာချက်ကို ဖတ်ကြားပြီးသတင်းထောက် အချို့၏ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားခဲ့သည်။
ဗီဂျေးနမ်ဘီယာ၏ ယခု မြန်မာနိုင်ငံခရီးစဉ်သည် သုံးရက် ကြာမြင့်သည့် ခရီးစဉ် ဖြစ်သည်။
ဗီဂျေးနမ်ဘီယာသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ကလည်း နှစ်ရက်ကြာ လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ သံတမန်များ နှင့် တွေ့ဆုံခဲ့သည်။
အိန္ဒိယလူမျိုး ဗီဂျေးနမ်ဘီယာသည် ၀ါရင့်သံတမန်တစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် ဇန်န၀ါရီလမှ စကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ Chief of Staff  ဖြစ်လာသူဖြစ်သည်။
ကုလသမဂ္ဂသည် မြန်မာအစိုးရနှင့် သဘောထား ကွဲလွဲသူများကြား ဆွေးနွေးမှုများ ဖြစ်မြောက်လာစေရန် ကြိုးပမ်းမှုများရှိခဲ့သော်လည်း ၎င်းတို့၏ကြိုးပမ်းမှုမှာ ထင်သလောက် မအောင်မြင်သေးပေ။
နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေးမှုမှ ကောက်နုတ်ဖော်ပြချက်
 ‘ . . .မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မိမိတို့က သိရှိနားလည်ပြီး အသိအမှတ် ပြုနိုင်သော်လည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြားတွင် ဤသို့ ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ မြင်သာထင်သာရှိမှု (Visibility) ရှိရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမှန်တကယ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ နိုင်ငံကြီးများက သိရှိလက်ခံလာစေရန် ထင်ရှားသိသာသော တိုးတက်မှုများကို ပြသရန်လိုအပ်မည် ဖြစ်ကြောင်း၊ မိမိတို့သည် တစ်ဦးနှင့်တစ်ဦး နားလည်မှုများ ပိုမိုတိုးမြှင့်ရရှိရေးတွင် ကုလသမဂ္ဂက ဦးဆောင်၍ (Friends of Myanmar) စားပွဲဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပါကြောင်း၊ အဆိုပါဆွေးနွေးပွဲများတွင် ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံအပေါ် နားလည်မှု ပိုမိုတိုးပွား လာနိုင်သောကြောင့် ပါဝင်တက်ရောက်စေလိုကြောင်း ဆွေးနွေးပြောကြား...’
- ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာ၏ ပြောကြားချက်

‘ . . .မိမိတို့နိုင်ငံတွင် ဒီမိုကရေစီနိုင်ငံသစ်ကို အောင်မြင်စွာထူထောင် ကူးပြောင်းနိုင်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်သမ္မတ၏ ပထမဦးဆုံးပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ပြောင်းလဲမှုများ လိုအပ်ကြောင်း၊ Good Governance and Clean Government ထူထောင်ရန် ကတိပြုခဲ့ကြောင်း၊ ထို့ကြောင့်ပင် မိမိတို့အနေဖြင့် နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ်များ အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း . . . ‘
- ရဲမှူးကြီးစစ်အေး(ငြိမ်း)၊ ဥပဒေအကြံပေး အဖွဲ့ခေါင်းဆောင်၊ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့

‘ . . .ပြုပြင်ပြောင်းလဲရာ၌ အစိုးရအဖွဲ့အပြောင်းအလဲ Regime Change မျှဖြင့် မရနိုင်ကြောင်း၊ လူ့အဖွဲ့အစည်း တစ်ခုလုံးပြောင်းလဲမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဖွဲ့အစည်း ပြောင်းလဲမှုကိုပါ တစ်တွဲတည်း တစ်ဆက်တည်း လုပ်ဆောင်ရမည် . . .’
‘ . . .အခြေခံဥပဒေ မူဘောင်အတွင်းမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ယုံကြည်လွှဲအပ်မှုကို ရွေးကောက်ပွဲ၌ ရယူ၍ လွှတ်တော် အတွင်း၌ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ပါကြောင်း . . .’
‘ . . .အရေးပေါ်စီမံရေး အက်ဥပဒေဆိုသည်မှာလည်း မိမိတို့သာမက ဗြိတိသျှဥပဒေကို ဆက်ခံသည့် မလေးရှား၊ စင်ကာပူတို့၌လည်းရှိပြီး မကြာမီက ထိုင်းနိုင်ငံ၌ပင် အဆိုပါဥပဒေကို ပြဋ္ဌာန်းဆောင်ရွက် နေပါကြောင်း၊ ဆိုလိုသည်မှာ ဤသို့အရေးယူ ဆောင်ရွက်ရမှုများသည် နိုင်ငံတည်ငြိမ် လုံခြုံမှုလိုအပ်ချက် အရ အခြားနိုင်ငံများ၌လည်း ရှိနေသည်သာ ဖြစ်ကြောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စမှာ သမ္မတ၏ ဥပဒေအရ လုပ်ပိုင်ခွင့် အာဏာအတွင်း၌ ရှိပါကြောင်း၊ သင့်လျော်သည်ဟု သမ္မတကြီးက ယူဆသည့် အချိန်ကျလျှင် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းဖွယ် ရှိပါကြောင်း . . .’
- ဦးကိုကိုလှိုင် နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင်၊ နိုင်ငံတော် သမ္မတအကြံပေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ Global Panorama အစီအစဉ်တွင် ပါဝင်ဆွေးနွေးသူ

‘. . .ယခင်မပေါ်ခဲ့ဖူးသော လွှတ်တော်များ ယခုရှိလာပြီး ထိုထက်ပိုကောင်းသော တွေ့ဆုံဆွေးနွေးမှု လုပ်သင့်သည့် နေရာမရှိဟု ယူဆပါကြောင်း၊ လွတ်လပ်စွာ ပြောဆိုဆွေးနွေး ဝေဖန်သုံးသပ်သည့် နေရာ ဖြစ်ပါကြောင်း၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးနှင့် ပတ်သက်၍ Mr. Nambiar ၏ ဆွေးနွေးချက် အပေါ် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား သက်သက်မရှိပါကြောင်း၊ အခြားပြစ်မှု အကျဉ်းသားများကိုပင် သင့်လျော်သည့် အချိန်တွင်လွှတ်ပေးရန် သမ္မတကြီးတွင် ဆန္ဒရှိနေသည်ဟု အကဲခတ်မိပါကြောင်း၊ သို့သော်လည်း နိုင်ငံရေးတည်ငြိမ်ရေးကိုလည်း အဘက်ဘက်မှချိန်ဆ၍ သုံးသပ်ရကြောင်း၊ တည်ငြိမ်မှုမရှိသော နိုင်ငံများအနေဖြင့် တိုးတက်မှု ရနိုင်မည်မဟုတ်ကြောင်း . . . .။
‘ . . .တစ်ခုရှိသည်မှာ အစိုးရသစ်၏ သက်တမ်းမှာ တစ်လသားမျှသာ ရှိသေး၍ တိုတောင်းလွန်းနေပါကြောင်း၊ ပညာရေးတွင် ဘွဲ့တစ်ခုရရန် ခဏတည်းဖြင့် မဖြစ်နိုင်ပါကြောင်း၊ အနည်းဆုံး (၁၄)နှစ်ပင် အချိန်ယူရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ တိုးတက်မှုများကို မကြာသော အချိန်ကာလတွင် တွေ့မြင်နိုင်လိမ့် မည်ဟု ယုံကြည်မှုရှိပါကြောင်း . . .’
- ဒေါက်တာနေဇင်လတ်၊ နိုင်ငံရေးအကြံပေးအဖွဲ့ဝင်၊ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ၊ တပ်မတော် အင်ဂျင်နီယာဌာနတွင် ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့၊ ဥက္ကဋ္ဌ၊ Asian Myanmar Business Organization Co., Ltd.၊ ရန်ကုန်တိုင်း(မ်)ဂျာနယ်၏ ပင်တိုင်ဆောင်းပါးရှင်

‘. . ..မည်သည့် နိုင်ငံတွင်မဆို Economic Reformလုပ်ရာတွင် အဓိကအရေးကြီးဆုံးမှာ  Political Will ပင် ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ အစိုးရသစ်အနေနှင့် ၎င်း၏ Strong Political Will ကို ပြည်သူများနှင့် နိုင်ငံတကာသို့ ချပြပြီးဖြစ်ကြောင်း. . . .’
- ဦးဆက်အောင်၊ စီးပွားရေးအကြံပေးအဖွဲ့ဝင်၊ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့၊ စီးပွားရေးပညာရှင်၊ အခြားလုပ်ဆောင်မှုနှင့် ထင်ရှားမှုများမသိရ
Source: ပြန်ကြားရေးဝန်ကြီးဌာန