Pages

Friday, August 12, 2011

NLD ပါတီ နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်လိုပါက မှတ်ပုံတင်ခွင့် ပြန်လည် လျှောက်ထားရမည် ဟုဆို


DASSK_23ရန်ကုန်၊ ဩဂုတ် ၁၂
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ရပ်တည်ခွင့် မရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် နိုင်ငံရေး လှုပ်ရှားမှုများ ဆက်လက် ဆောင်ရွက်မည် ဆိုပါက ဥပဒေအရ မှတ်ပုံတင် ပြန်လည် လျှောက်ထားရမည် ဖြစ်ကြောင်း အရပ်သား အစိုးရ၏ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဦးကျော်ဆန်းက ဩဂုတ်လ ၁၂ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးကို ရှေးရှုသောအားဖြင့် NLD ကို တတ်နိုင်သမျှ လက်တွဲ ခေါ်ဆောင်လျက် ရှိကြောင်း ဥပဒေအရ ရပ်တည်ခွင့် မရှိသေးသည့် NLD ပါတီကိစ္စကို အမျိုးသား အကျိုးစီးပွားအတွက် လက်တွဲ ခေါ်ဆောင်နိုင်မည့် အခွင့်အလမ်းများ ဖွင့်ပေးထားကြောင်း ဦးကျော်ဆန်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်မှ ပြည်ထဲရေးဝန်ကြီးထံ ပေးပို့သော စာအရ ဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကြိမ်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပြည်သူလူထု အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပူးပေါင်း ဆောင်ရွက်မည်ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီ ဖြစ်ကြောင်း ယင်းမှ အောင်မြင်သော ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု ပြန်ကြားရေး ဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဆောင်ရွက်ခွင့် ပြုနိုင်ရေး အခြေအနေနှင့် ပတ်သက်၍ သတင်းစာဆရာ တစ်ဦးက မေးမြန်းရာတွင် နိုင်ငံသားများ အနေဖြင့် ပြည်သူလူထု အကျိုးစီးပွား ဖြစ်ထွန်းမည့် လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခွင့် ရှိသည်ဟု နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် ပြောကြားထားကြောင်း ပြန်ကြားရေး ဝန်ကြီးက ယေဘုယျ ပြန်လည် ဖြေကြားသည်။
NLD အနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများ ပြန်လည် လုပ်ဆောင်မည်ဆိုပါက ဥပဒေအတိုင်းသာ ဖြစ်ရမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက The Voice Weekly သို့ ဇွန်လ ၂၉ ရက်နေ့က ပြောကြားခဲ့ပြီး ဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီကြီး တစ်ခုဖြစ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေဖြင့်လည်း NLD ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားမည် ဆိုပါက ကြိုဆို ထောက်ခံကြောင်း ယင်းပါတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးသိန်းထွန်းက ဆိုသည်။
NLD ပါတီအနေဖြင့် မှတ်ပုံတင်ရန် ရှေးဖြစ်ပျက်များကြောင့် အခက်အခဲ ရှိမည်ဟု ထင်သော်လည်း ပြည်သူလူထု အကျိုးစီးပွားအတွက် စောင့်ကြည့်ရဦးမည်ဟု ယူဆရကြောင်း ဝါရင့်နိုင်ငံရေးသမား ဦးသုဝေက The Voice Weekly သို့ သုံးသပ်ပြောကြားသည်။