နယူးဘမ်းမြို့ က စည်ကားတဲ့ ကရင်နှစ်သစ်ကူး

အမေရိကန် နိုင်ငံ မြောက်-ကယ်ရို လိုင်းနား ပြည်နယ် နယူးဘမ်း မြို့တွင် ကရင်လူငယ် ယဉ်ကျေးမှု အဖွဲ့မှ ကြီးမှူး ၍ ကရင်ရိုးရာ နှစ်သစ်ကူးပွဲ အခမ်း အနား ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)
ရက်နေ့၊ စနေနေ့ နံနက် ၁၀ နာရီ မှ ညနေ ၃နာရီခွဲ အထိ နယူဘမ်း အမှတ် ( ၁၅၀၀ ) ကင်းဒမ်းဝေးရှိ ဘက်ပတစ် ဘုရား ရှိခိုးကျောင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ ထို အခမ်း အနားကို မြောက်ကယ်ရိုလိုင်းနား နှင့် အနီးအနားရှိ ပြည်နယ် များတွင် နေထိုင် ကြသော မြန်မာ နိုင်ငံသားများ၊ ကရင် တိုင်းရင်းသားများ နှင့် အမေရိကန် လူမျိုးများ အပါအ၀င် စုစုပေါင်း လူဦးရေ ၅၀၀ခန့် တက်ရောက်ခဲ့ကြသည်။
ထို အခမ်းအနားကို ဦးဆောင်လူငယ်များ ဖြစ်သော ကိုဥာဏ၊ ကိုကျော်ဇင်၊ ကိုထွန်းသိန်း တို့မှ ကမကထ အမှူးပြု ကျင်းပခဲ့ပြီး ကရင်လူမျိုးများ၏ ယဉ်ကျေးမှု၊ သမိုင်း ၊ ကရင် အမျိုးသားများ၏ ရိုးရာ အစဉ်အလာများ မတိမ်ကောစေရန် ရောက်ရာ အရပ်၌ မိမိလူမျိုးများ၏ ထိန်းသိမ်းသင့်သော ယဉ်ကျေးမှုများကို မပျောက်ပျက် သွားစေရန် အလို့ငှါ ယခုပွဲအား ကျင်းပရခြင်း ဖြစ်ကြောင်း ထို အခမ်းအနားအား ဦးဆောင် စီစဉ်ကျင်းပသူ ကရင် အမျိုးသား ကိုစိုးသန်းမှ လူထုအသံသို့ ဖြေကြားခဲ့သည်။
ပြည်ပရောက် နှောင်းလူငယ်များ ရိုးရာယဉ်ကျေးမှု အမွေ ထိမ်းသိမ်းနိုင်ရန် သမိုင်းအမွေ လက်ဆင့်ကမ်း နိုင်ရန် ယခုကဲ့သို့ ကျင်းပရခြင်း ဖြစ်ကြောင်း သိရှိရသည်။ ယင်းနှစ်ကူး အခမ်းအနားတွင် ကရင်ရိုးရာ ယဉ်ကျေးမှု အကများ ဖြစ်သည့် ကရင်ဒုံးရိမ်း၊ ၀ါးညှပ် အကများဖြင့် ဖျော်ဖြေကာ ကရင်ရိုးရာ သီချင်းများကို ခေတ်ပေါ် သီချင်းများအား အသီးသီး သီဆို ဖြေဖျော်ကြကာ နယူးဘမ်း ဒုံးအဖွဲ့နှင့် ချာပါဟေးလ် ဒုံးအဖွဲ့တို့ ကလည်း အထူး ဖျော်ဖြေကြသည်ဟု သိရှိရသည်။
အခမ်းအနားကို တက်ရောက်လာသော ဋ္ဌာနေ NGO များ၊ စပွန်ဆာရှင်များ၊ နယူးဘမ်း အနီးအနား မြို့များဖြစ်သော ချာပါဟဲ၊ ကာဘိုရို၊ ဒူရန်၊ ရှားလော့ဒ်၊ ရာလေး၊ ဝါမင်တန်၊ ဟိုက်ပွိုင့် မှ လာရောက်ကြသော ပရိတ်သတ် များအား ကြက်၊ ဝက်၊ ဆိတ်၊ ထမင်းဟင်း များအပြင် ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ဘယာကြော်၊ အသီးအနှံမျိုးစုံ တို့ပြင် ကရင်ရိုးရာ တာလပေါ၊ အမေရိကန်များပါ စားသုံးနိုင်သော အစားအစာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးသည်ဟု သိရှိရသည်။
တင်အောင်မိုး ( လူထုအသံ )