Pages

Monday, January 25, 2010

မြန်မာ-အိန္ဒိယ-တရုတ်ကုန်သွယ်ရေး ဆောင်ရွက်ရန် သမိုင်းဝင်စတီးဝဲလ်လမ်းမကြီးကို ပြန်လည်ဖွင့်လှစ်မည်

Share
        မြန်မာ-အိန္ဒိယ-တရုတ်ကုန်သွယ်ရေးဆောင်ရွက်ရန် သမိုင်းဝင်စတီးဝဲလ်လမ်းမကြီးကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
        အိန္ဒိယနိုင်ငံတွင် မကြာသေးမီက ကျင်းပခဲ့သော (၅)ကြိမ်မြောက် အရှေ့မြောက်စီးပွားရေး ထိပ်သီးအစည်းအဝေးပွဲ၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး ဦးဉာဏ်ဝင်းက အိန္ဒိယနိုင်ငံမှ အဆိုပြုထားသည့်အတိုင်း လမ်းမကြီးကို ဖွင့်လှစ်ရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရပါသည်။
        အဆိုပါလမ်းမကြီးကို ဖွင့်လှစ်လိုက်ပါက အိန္ဒိယနှင့် တရုတ်နိုင်ငံ ကြားကွာဝေးမှုမှာ ကီလိုမီတာ ၆၀၀၀ ခန့်မှ ကီလိုမီတာ ၁၇၅၀ ခန့်အထိသို့ လျော့ကျသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်များ အကျိုးကျေးဇူးရရှိရုံသာမက မြန်မာနှင့် ထိုင်းနိုင်ငံတို့အတွက်လည်း ကုန်သွယ်ရေးအခွင့်အလမ်းများ ပွင့်လင်းလာမည်ဖြစ်ကြောင်း သိရသည်။

       ကီလိုမီတာ ၁၇၂၆ ရှည်လျားသော အဆိုပါလမ်းမကြီးကို ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များနှင့် တရုတ်တပ်များက အမေရိကန်စစ်တပ်ဗိုလ်ချုပ်ကြီး ဂျိုးဇက်စတီးဝဲလ်၏ ကြီးကြပ်မှုဖြင့် ဖောက်လုပ်ခဲ့ကြကြောင်းနှင့် တရုတ်တပ်များကို ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရာတွင် အသုံးပြုရန် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
       စတီးဝဲလ်လမ်းမကြီးကို အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှ စတင်ဖောက်လုပ်ခဲ့ပြီး မြန်မာနိုင်ငံကိုဖြတ်ကာ တရုတ်နိုင်ငံကူမင်းအထိ ဖောက်လုပ်ခဲ့ကြောင်း သိရသည်။
       တရုတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံဖက်မှ မြန်မာနိုင်ငံတနိုင်းအထိ လမ်းဖောက်လုပ်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတနိုင်းမှ အိန္ဒိယနိုင်ငံနယ်စပ်အထိ လမ်းဖောက်လုပ်ရန်အတွက် အိန္ဒိယနိုင်ငံ၏ပံ့ပိုးမှုဖြင့် ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
        စတီးဝဲလ်လမ်းမကြီးသည် အိန္ဒိယနိုင်ငံတွင် ၆၁ ကီလိုမီတာနှင့်  တရုတ်နိုင်ငံတွင် ၆၃၂ ကီလိုမီတာရှိကြောင်း သိရပြီး လမ်းမကြီး၏ ၁၀၃၃ ကီလိုမီတာအရှည်သည် တောထူထပ်သော တောင်များနှင့်လျိုမြောင်များပေါ်တွင် တည်ရှိသည်ဟု သိရသည်။