Pages

Monday, January 25, 2010

နိုင်ငံတကာအဆင့်မီ အားကစားကွင်းနှစ်ကွင်းကို နေပြည်တော်တွင် ၁၈ လဖြင့် အပြီးတည်ဆောက်မည် ဖြစ်ကြောင်းသိရ

Share
       နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်းနှစ်ကွင်းကို (၁၈)လအတွင်း အပြီးတည်ဆောက်နေကြောင်း သတင်းရရှိပါသည်။ အဆိုပါအားကစားကွင်းနှစ်ကွင်းကို မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး (၁၈)လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စီမံကိန်းအင်ဂျင်နီယာတစ်ဦးက ပြောပါသည်။
        အဆိုပါ နိုင်ငံတကာအဆင့်မီအားကစားကွင်းနှစ်ကွင်းကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်တွင် ဇန်န၀ါရီလ ၁၂ ရက်နေ့က လည်းကောင်း၊  ဇေယျာသီရိမြို့နယ် သိုက်ချောင်းကျေးရွာ ခုတင်(၁၀၀၀) ဆေးရုံအနီး အားကစားကွင်းတည်ဆောက်မည့် မြေနေရာတွင် ဇန်န၀ါရီ ၁၀ ရက်နေ့ကလည်းကောင်း ပန္နက်တင်အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
        ''အခုတည်ဆောက်နေတဲ့ ပရိသတ် ၃၀၀၀၀ ဆံ့အားကစားကွင်းဟာ ကျွန်တော်တို့နိုင်ငံမှာတော့ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီအားကစားကွင်းအဖြစ် တည်ဆောက်နေတာပါ။ အရင်ကတည်းက တည်ဆောက်ဖို့ Plan ချပြီးသားပါ။ အခုတော့ (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ကို စင်ကာပူနိုင်ငံက လက်ခံကျင်းပနိုင်ခြင်း မရှိတော့တဲ့အတွက် ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်ခံကျင်းပနိုင်အောင် ဒီအားကစားကွင်းကြီးနှစ်ကွင်းကို နိုင်ငံတကာအဆင့်မီအောင် တည်ဆောက်နေတာပါ။ အားကစားကွင်းနှစ်ကွင်းလုံး တစ်ပုံစံတည်းဖြစ်အောင် တည်ဆောက်သွားမှာပါ။  အခုဆောက်နေတဲ့ ဇဗ္ဗူသီရိအားကစားကွင်းကတော့ ဧက(၆၀)လောက် ကျယ်ဝန်းပြီး ဇေယျာသီရိအားကစားကွင်းကြီးကတော့ ဧက(၁၀၀)ကျယ်ဝန်းတယ်။ နှစ်ကွင်းလုံးကိုတော့ တစ်ပြိုင်တည်း အပြီးသတ်တည်ဆောက်သွားမှာ ဖြစ်တယ်''ဟု မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်းအင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့ပါသည်။
         နေပြည်တော်တွင် တည်ဆောက်နေသည့် နိုင်ငံတကာအဆင့်မီအားကစားကွင်းနှစ်ကွင်းမှာ မိုးလုံလေလုံအားကစားကွင်းဖြစ်ပြီး ယင်းအားကစားကွင်းထဲတွင် Show Room ၊ Meeting Room ၊ Shoping Complex ၊ Medical Room ၊ Food Shop ၊ Press Media Room ၊ Fire Extinguisher Room အစရှိသည်ဖြင့် ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
         စင်ကာပူနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် သဘောတူညီထားသော်လည်း စီးပွားရေးအခြေအနေကြောင့် ၂၀၁၃ ခုနှစ် ပြိုင်ပွဲအတွက် တည်ဆောက်နေမှုများမှာ အချိန်မီပြီးစီးနိုင်ခြင်း မရှိတော့၍ ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ် ပြိုင်ပွဲကိုသာ လက်ခံကျင်းပနိုင်တော့မည် ဖြစ်ကြောင်း ပြီးခဲ့သော လာအိုဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲမတိုင်မီကျင်းပခဲ့သော ဆီးဂိမ်းစ်ကော်မတီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
         ထိုအစည်းအဝေးတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲများကို လက်ခံကျင်းပခြင်းမရှိသည်မှာ နှစ်ပေါင်း ၄၀ ကျော် ကြာခဲ့ပြီဖြစ်သောကြောင့် ယခုလာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရန် တိုက်တွန်းကြကြောင်း အဆိုပါအစည်းအဝေးကို တိုက်ရောက်ခဲ့သော မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။    မြန်မာနိုင်ငံတွင် အရှေ့တောင်အာရှဆီးဂိမ်းစ်ပြိုင်ပွဲများကို ယခင်ကျွန်းဆွယ်အားကစားပြိုင်ပွဲ(SEAP Games)အမည်ဖြင့် ကျင်းပခဲ့စဉ်က အိမ်ရှင်အဖြစ် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်များက လက်ခံကျင်းပခဲ့သည်။ ပြိုင်ပွဲများအားလုံးကို ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်းတွင် ကျင်းပခဲ့သည်။


၂၀၀၉ ခုနှစ်အတွင်းက ကျင်းပခဲ့သော ပထမအကြိမ်MNL ဘောလုံးပြိုင်ပွဲကို လာရောက်အားပေး ကြည့်ရှုခဲ့ကြသော ပရိသတ်များ

         လက်ရှိတွင်မြန်မာနိုင်ငံ၌ နိုင်ငံတကာအားကစားပြိုင်ပွဲများ  လက်ခံကျင်းပနိုင်သော အဆင့်ရှိသည့် အားကစားကွင်းများအနေဖြင့် ရန်ကုန်မြို့တွင် အောင်ဆန်းအားကစားကွင်း၊ သုဝဏ္ဏအားကစားပြိုင်ကွင်းနှင့် မန္တလေးမြို့တွင် ဗထူးအားကစားပြိုင်ကွင်းတို့ ရှိကြောင်း သိရှိရသည်။
          အောင်ဆန်းအားကစားပြိုင်ကွင်းမှာ ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း လက်ရှိအနေအထားကို ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်။ သုဝဏ္ဏအားကစားပြိုင်ကွင်းမှာ ၁၉၈၅ ခုနှစ်က ဂျပန်နိုင်ငံက တည်ဆောက်လှူဒါန်းထားခြင်းဖြစ်ပြီး သုဝဏ္ဏဘောလုံးကွင်းအနီးတွင်ရှိသော အမျိုးသားအားကစားရုံမှာလည်း တရုတ်နိုင်ငံက တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
        ''အခုနောက်ဆုံးကျင်းပပြီးစီးသွားတဲ့ လာအိုဆီးဂိမ်းပြိုင်ပွဲမှာဆိုရင် အိမ်ရှင်လုပ်တဲ့လာအိုနိုင်ငံအနေနဲ့ (၆)နှစ်ကျော် ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါတောင် ဖွင့်ပွဲနဲ့ ပိတ်ပွဲကျင်းပတဲ့ အားကစားကွင်းတစ်ခုတည်းကိုပဲ တည်ဆောက်ခဲ့တာပါ။ တခြားအားကစားရွာတည်ဆောက်ခြင်းတွေအပြင် နိုင်ငံပေါင်းစုံက လာရောက်ကြမယ့် အားကစားသမားတွေတည်းခိုနိုင်ဖို့ ဟိုတယ်တွေ၊ လမ်းတွေ တည်ဆောက်ဖို့အတွက်ကလည်း အချိန်အတော်ကြာကြာ ယူခဲ့ရတယ်လို့ သိရပါတယ်''ဟု ပြီးခဲ့သော၂၀၀၉ ခုနှစ် လာအိုဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကိုယ်တိုင်သတင်းသွားရောက်ရယူခဲ့သော မီဒီယာသမားတစ်ဦးက ပြောကြားခဲ့ပါသည်။