Pages

Monday, March 19, 2012

" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် {NLD} သတင်းထုတ်ပြန်ချက်"

" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် {NLD} သတင်းထုတ်ပြန်ချက်"
                                                                                                                      ၂၀၁၂ခုနှစ် မတ်လ(၁၉)ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်

ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ(၁၉)ရက်

သတင်းထုတ်ပြန်ချက်

၂၀၁၂ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ
နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ မတရားသောလုပ်ဆောင်မှုများ ပိုမိုများပြား လာပါသည်။ ယင်းပြဿနာများအနက် အချို့ကိုအောက်ပါအတိုင်း ဖေါ်ပြလိုက်ပါသည်။

မင်းကင်းမြို့နယ်၊ စစ်ကိုင်းဒေသကြီး
(က) စမြင်ကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီက ၎င်းတို့ပါတီအစည်းအဝေးသို့ တစ်အိမ်တယောက် မတက်မနေရတက်ရောက်ရန် ၁၆.၃.၂၀၁၂ ရက်နေ့တွင် အမိန့်ပေးဖိတ်ကြားမှု ပြုလုပ်နေသည်ဟု သိရှိရသည်။

(ခ) ပြည်ခိုင်ဖြိုးပါတီ၏ မင်းကင်းမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစန်းဝင်းဆိုသူက
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌကို ပုတ်ခတ်ပြောဆို ဟောပြောခြင်းသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ငြိစွန်းနေပါသည်။
(၂) ပျဉ်းကိုင်းကြီးအုပ်စုတဲကြီးရွာမူလလွန်ကျောင်းကို ငွေကျပ် ၃ သိန်းခွဲလှူဒါန်းခဲ့သည်။ (လှူဒါန်းငွေမှာ မိမိပိုင်ငွေ သို့မဟုတ် အစိုးရငွေဖြစ်သည်ဟုမသဲကွဲပါ။) ရွေးကောက်ပွဲအနိုင်ရပါက နောက်ထပ်ငွေ ၃ သိန်းခွဲပေးလှူမည်ဟုဟောပြောခဲ့ကြောင်း ကြားသိရသည်။ ယင်းလုပ်ရပ်မှာမဲဝယ်ခြင်းဖြစ်၍ ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းနေကြောင်းတွေ့ရှိရပါသည်

လောင်းလုံမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်မဲဆန္ဒအတွက် ကြိုတင်မဲများကို ကောက်ယူလျက်ရှိသည်ဟု သတင်းဌာနများမှ ကြားသိနေရပါသည်။ ကြိုတင်မဲနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုကော်မရှင်က မတ်(၃၀.၃.၂၀၁၂)ရက်မှ (၃၁.၃.၂၀၁၂)ရက်အထိတွင်သာ ကောက်ယူရန်ညွှန်ကြားချက်ကို ဆန့်ကျင်လုပ်ဆောင်မှုဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဥတ္တရသီရိမြို့နယ်
ကြားဖြတ်ရွေးကောက်ပွဲတွင် အနှောက်အယှက်များကိုတွေ့နေခဲ့ရာမှ ၁၈.၃.၂၀၁၂ရက်နေ့တွင် နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်မြေတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ဟောပြောပွဲတွင် သစ်သားချွန်ဖြင့် ပစ်ခတ်ခံရသဖြင့် ဦးမင်းသူ၏ လုံခြုံရေးအဖွဲ့ဝင် အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့သည်ဟု သိရှိရပါသည်။ ယင်းကဲ့သို့ အကြမ်းဖက်မှုကို အဖွဲ့ချုပ်က အစဉ်အမြဲဆန့်ကျင်သည်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့လည်းအရေးယူပေးနိုင်ရန် တိုင်ကြားခဲ့ပါသည်။
အထက်ပါကိစ္စများသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန် ကျေညာလိုက်သည်။

ဗဟိုအောင်နိုင်ရေးအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်