Pages

Monday, April 12, 2010

NLD ဆုံးဖြတ်ချက်အပေါ် ဒေါက်တာဇာနီရဲ့  အမြင်သုံးသပ်ချက်

11 April 2010
မျှတမှုမရှိတဲ့ ရွေးကောက်ပွဲဥပဒေ နဲ့ ပါတီမှတ်ပုံတင်ဥပဒေအောက်မှာ ပါတီအဖြစ် မှတ်ပုံမတင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆုံးဖြတ်လိုက်တဲ့အတွက် မှတ်ပုံတင်ဖို့ နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ မေလ (၇) ရက်နေ့ နောက်ပိုင်းမှာ မြန်မာစစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မတရားအသင်းအဖြစ် ကြေညာတော့မယ်ဆိုတာဟာ အဓိက မေးခွန်းတခုဖြစ်နေပါတယ်။ အန်အယ်လ်ဒီရဲ့  ဗဟိုကော်မတီတချို့ က ရှေ့ ဆက်ရပ်တည်ရေးအတွက် ပါတီခွဲထောင်ဖို့အဆင့်အထိ ပြောဆိုမှုတွေရှိနေတာကို သတင်းတွေကြားနေရပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန် စီးပွားရေးနဲ့ လူမှု့ရေးသိပ္ပံတက္ကသိုလ် (London School of Economics) မှ မြန်မာ့အရေး သုတေသီတဦးဖြစ်တဲ့ ဒေါက်တာဇာနီ ကတော့ အန်အယ်လ်ဒီ အရေးကို မြန်မာစစ်အစိုးရက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ယတိပြတ်ပြောလို့ မရသေးပါဘူးလို့ ဆိုပါတယ်။


ဒေါက်တာဇာနီ ။ ။ သူတို့ ဘာလုပ်မယ်ဆိုတာတော့ ခန့်မှန်းရခက်တာပေါ့။ ခြိမ်းတော့ခြိမ်းခြောက်ထားတာပေါ့။ သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေအရဆိုလိုအရ မေလ (၇) ရက်နေ့မှာ အန်အယ်လ်ဒီ က ပြန်ပြီးတော့ မှတ်ပုံမတင်ဘူးဆိုရင် မတရားအသင်း သူတို့ကြေညာရမှာပဲ။ မကြေညာခဲ့ရင်တော့ သူတို့ဥပဒေကို သူတို့ မလေးစားလို့ပေါ့။ ဒါပေမဲ့ သူတို့ကလည်း ဒီလူတွေ၊ ထိပ်ကလုပ်နေတဲ့ မောင်တွေက မှောက်ချီလှန်ချီ မလိုရင် မလိုသလိုလုပ်နေတာ။ အဲဒီတော့ ဘယ်လိုဖြစ်မယ်ဆိုတာကို ပြောရတာတော့ ခက်ပါတယ်။ 

ဦးသန်းလွင်ထွန်း ။ ။ အခု ကျနော်မေးတဲ့အကြောင်းရင်းကတော့ ဘာလဲဆိုတော့ လောလောဆယ်အားဖြင့် မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေကြားမှာ ညှိနှိုင်းနေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကိစ္စ၊ အဲဒီလို ကိစ္စမျိုးတွေမှာ သတ်မှတ်ရက်တွေ ကျော်လွန်သွားတာ အကြိမ်ကြိမ်ဖြစ်နေပြီ။ တခြားကိစ္စတခုက ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဗမာပြည်အတွင်းမှာ ကြေညာခဲ့တဲ့ ဂြိုလ်တုစလောင်း လိုင်စင်ကြေးတွေ ပေးဖို့ကိစ္စ အမိန့်စာတွေနဲ့ ပတ်သက်လို့ရှိရင် သတ်မှတ်ချိန်တွေ ကျော်လွန်သွားတယ်၊ ချမှတ်ထားတဲ့အမိန့်တွေ၊ ဥပဒေတွေရှိတယ်ဆိုပေမယ့် ချက်ချင်းအကောင်အထည် မဖော်ဘဲနဲ့ မျောနေတယ့် ဖြစ်ရပ်တွေရှိနေတာကို တွေ့ရပါတယ်။ အဲဒီတော့ လောလောဆယ်အားဖြင့် ဆိုလိုရှိရင် သူတို့အနေနဲ့ ကြည့်လိုက်ရင် အန်အယ်လ်ဒီ ကလည်း စီအီစီထဲမှာ နှစ်ခြမ်းကွဲသွားပြီ။ မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စနဲ့ ပတ်သက်လို့။ အဲဒီတော့ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့  အငြိုအငြင်ကို ခံပြီးတော့ အန်အယ်လ်ဒီ ပါတီကို မတရားအသင်း ကြေညာရဲမယ့်သဘော ရှိပါ့မလားဆိုတာကို ကျနော်တို့ စမ်းစစ်ချင်လိုပါ။ ကိုဇာနီအနေနဲ့ ဒါကို ဘယ်လိုသဘောရပါသလဲ။

ဒေါက်တာဇာနီ ။ ။ ကျနော်အနေနဲ့ ပြောရရင် ဗမာပြည်မှာက နှစ်ချက်ပေါ့။ တချက်ကတော့ ဒီ ဥပဒေဆိုတာက မျော့ကြိုးလိုပါ။ ကိုယ်လိုရင်လိုသလို ဆွဲပြီးတော့ သုံးတာ။ ဥပဒေကို တရားမျှတတဲ့ သမာသမတ်ဖြစ်တယ့် စံနှုန်းမျိုး သူတို့ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ဦးနေဝင်း မဆလ လက်ထက်ကလည်း ဒီအတိုင်းပဲ။ ကျူရှင်တွေ ဖွင့်တယ်ဆိုရင် ဘယ်ကျူရှင်က တရားဝင်ဖွင့်ခွင့်ရှိတာ မဟုတ်ဘူး။ တရားမဝင်တဲ့ ကျူရှင်တွေပဲ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက မဆလ လူကြီးသားသမီးတွေက စပြီးတော့ အိမ်မှာခေါ်သင်၊ တက္ကသိုလ်က ဆရာတွေခေါ်သင်တဲ့အခါကြတော့ ဥပဒေကို သူတို့လုပ်ချင်သလို လုပ်ကြတာပဲ။ နိုင်ငံရေးအရ မျက်ဆီထဲကြည့်မရတဲ့ အချိန်ကြမှ ခေါ်ပြီးတော့ ဒီဥပဒေသုံးတာပဲ။ နောက်တခုက အခုန ကိုသန်းလွင်ထွန်း ပြောတဲ့ ငြိမ်းအဖွဲ့တွေ။ ဒီငြိမ်းအဖွဲ့တွေကို ဘယ်နေ့မှာ border guard forces အဖွဲ့ကို လက်ခံရမယ်ဆိုတာ ရာဇသံပေးနေတာ ဘယ်နှစ်လ ရှိနေပြီလဲ။ အနည်းဆုံး လေးလလောက်ရှိပြီ။ အခု ဧပြီလရောက်ပြီ ခရစ်စမတ် မတိုင်ခင်ကဆိုတော့။ ဒုတိယအချက်က ဘာလည်းဆိုတော့ ဒီဥပဒေကို မျော့ကြိုးနဲ့ လုပ်တာမကဘူး။ ပါးစပ်က ပြောချင်တာပြောပြီး လက်ကလုပ်ချင်ရာ လုပ်နေမှာ။ အဲဒီတော့ နိုင်ငံတကာက ငြိုငြင်တာကို ခံပြီးတော့ လုပ်မလား။ ဒီလူတွေက ဆယ့်ရှစ်ရာစု၊ ဆယ့်ကိုးရာစု အမြင်နဲ့ နှစ်ဆယ့်တစ်ရာစုမှာ တိုင်းပြည်ကို ဆက်ပြီး ဗိုလ်ကျနေတဲ့လူတွေ ဆိုတော့ လက်ရှိ ကမ္ဘာကြီးမှာ ဘာဖြစ်နေတယ်၊ လက်ရှိကမ္ဘာကြီးကို သူတို့ ဘယ်လိုသုံးသပ်တယ်၊ လက်ရှိကမ္ဘာမှာ စံနှုန်းတွေ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို ဒီလူတွေ သိပုံမရပါဘူး။ ကျနော်ထင်တယ် မင်းတုန်းမင်း ခေတ်မတိုင်ခင် အမြင်မျိုးနဲ့ တက်ပြီးအုပ်ချုပ်နေတဲ့ မောင်တွေဆိုတော့ သူတို့ဘာလုပ်မယ်ဆိုတာ ပြောလို့မရဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လောလောဆယ် ကျနော် စောစောတုန်းက မေးခွန်းထဲမှာလည်း ပါပါတယ်။ ကျနော်တို့ မြင်နေရတဲ့ အမြင်အရ အန်အယ်လ်ဒီ ကို ဆက်ပြီး မှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ပတ်သက်ပြီးတော့ အနည်းဆုံးအားဖြင့် စီအီစီထဲမှာ မှတ်ပုံတင်ချင်တဲ့လူအဖွဲ့ နဲ့ မတင်ချင်တဲ့လူတွေ သဘောထားကွဲလွဲသွားတယ်ဆိုတာလည်း နောက်ပိုင်းထုတ်ပြန်ချက်တွေအရ သိခဲ့ရတယ်။ ဒါပေမဲ့ တကယ်တမ်း အန်အယ်လ်ဒီ က ကြေညာခဲ့တဲ့အချိန်တုန်းကတော့ မှတ်ပုံမတင်ဖို့ အားလုံးသဘောတူညီချက်နဲ့ ဆုံးဖြတ်လိုက်ပါတယ်ဆိုတဲ့ ကြေညာချက်ထွက်တယ်။ အဲဒီ ကြေညာချက်ထုတ်ပြီးနောက်ပိုင်းမှာက ဒီအယူအဆက မှားတယ်၊ မမှန်ဘူး။ ဒါအပြင် နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ထွက်ပြီးတော့ ပါတီထောင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ပြောနေဆွေးနွေးနေတဲ့ အသံတွေလည်း ကြားနေရတယ်ဆိုတော့။ ဒါတွေနဲ့ ပတ်သက်လို ပြင်ပကနေ လေ့လာသုံးသပ်နေသူတယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာဇာနီ ။ ။ နံပတ်တစ်ကတော့ အများစုရဲ့  ဆုံးဖြတ်ချက်အရ အန်အယ်လ်ဒီ က တညီတညွတ်တည်း မတရားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံလို့၊ နောက်တခါ မတရားတဲ့ ရွေးကောက်ပွဲဥပဒေကို ဘယ်လိုမှ လက်မခံနိုင်လို့ ဒါတွေကို ရှင်းရှင်းပြောရရင် မတရားတဲ့ အာဏာ နဲ့ မတရားတဲ့ ဥပဒေကို ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာကို တညီတညွတ်တည်း ပြလိုက်တာပါ။ အဲဒီဟာမှာ ဒီမိုကရေစီနိုင်ငံတွေမှာဆိုလိုရှိရင် ကိုယ့်ပါတီရဲ့  ခေါင်းဆောင်မှုကဖြစ်ဖြစ်၊ ဒါမှမဟုတ်လို့ရှိရင် ပါတီတရပ်လုံးမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက အများစုကနေ ဒီလို ကကြီးလမ်းကို လျှောက်မယ်ဆိုရင် သဘောမတူပေမယ့်လည်း မဲခွဲပြီးရင် ကကြီးလမ်းမှာ လျှောက်မယ်ဆိုတာ အများနဲ့ပဲ ကကြီးလမ်းမှာလျှောက်ရမယ်။ အများစုက တည့်တည့်သွားတာကို ဘေးမှာထွက်ထိုင်တာတို့၊ ကဖျက်ယဖျက် လုပ်တာက လုပ်တဲ့လူတွေက ဒီမိုကရေစီဆိုတာကို ဘာမှနားမလည်းလို့ ဒီလူတွေကလုပ်တာ။ အဲဒီတော့ ကျနော်အနေနဲ့ ပြောရမယ်ဆိုရင် ဗြောင်းပြောမယ်ဗျာ ဦးခင်မောင်ဆွေ တို့ဘာတို့ဆိုရင် ဧရာဝတီထဲမှာ တက်ပြီးတော့ရေးတယ်။ အန်အယ်လ်ဒီရဲ့  ခေါင်းဆောင်မှုတွေက ဘယ်လိုဖြစ်တယ်၊ ဘယ်ဝါဖြစ်တယ် ဒါတွေက ရှင်းရှင်းပြောရရင် ဒီလူတွေက ဒီမိုကရေစီကို ထောင်ဘယ်လောက်နှစ်ကျကျ ဒီမိုကရေစီကို အခုအချိန်အထိ ဘာမှန်မသိသေးတဲ့လူဆိုတော့ အဲဒီလူတွေ ပါတီထွက်ထောင်တာပဲဖြစ်ဖြစ်၊ တသီးပုဂ္ဂလိကအနေနဲ့ ဝင်ပြိုင်တာပဲဖြစ်ဖြစ် ဒါ ဒီမိုကရေစီအနေနဲ့ ဘာမှဆုံးရှုံးစရာအကြောင်းမရှိဘူး။ အထူးသဖြင့်တော့ ဒီမိုကရေစီအစစ်အမှန် လိုလားတဲ့ အတိုက်အခံတွေနဲ့ပဲဖြစ်ဖြစ်၊ ပြည်သူများအနေနဲ့ပဲဖြစ်ဖြစ် ဒီလူတွေက အခုလို တက်လုပ်တယ်ဆိုတာ စိတ်တော့မကောင်းစရာဘဲ။ ဒါပေမဲ့ ကျနော်အနေနဲ့ ပြောရရင် အန်အယ်လ်ဒီနဲ့ ကျနော်တို့ အတိုက်အခံ အင်အားစုတွေကြားထဲမှာ ဒါ လူသန့်တယ်လို့ ပြောနိုင်တယ်။ တကယ်တမ်း ပြောမယ်ဆိုရင် စိတ်မကောင်းစရာပဲ။ ဘာဖြစ်လို့လည်းဆိုရင် ဒီ (၂၉) ရက်မှာ အန်အယ်လ်ဒီ ခေါင်းဆောင်တွေအားလုံး ဒေါ်အောင်ဆန်းစုကြည်က လွဲလို့ အားလုံးတွေ့ကြတယ်၊ ဆုံကြတယ်။ အဲဒီအချိန်တုန်းက သဘောမတူဘူးဆိုရင် သဘောမတူဘူးဆိုတာကို ပြောပေါ့။ အဲဒီအချိန်တုန်းကတော့ မပြောရဲဘဲနဲ့ အားလုံးက ငြိမ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတာပဲဖြစ်ဖြစ် အများစုသဘောကို မလွန်ဆန်နိုင်ဘဲဖြစ်ဖြစ် ဘာမှမပြောဘဲနဲ့ ပြီးတော့မှ အစည်းအဝေးပြီးမှ ပွစိပွစိနဲ့ ပြောပြီးတော့ ကဖျက်ယဖျက် လုပ်တယ်ဆိုတာကတော့ ဒီလိုလူတွေက ပါလီမန်ထဲမှာ ဝင်ပြီးတော့ အမတ်ဖြစ်မယ်ဆိုရင်လည်း ဦးနေဝင်း ခေတ်တုန်းက ဦးနေဝင်း ပြည်သူလွှတ်တော်ထဲမှာ မိန့်ခွန်းပြောနေတဲ့အချိန်မှာ ကြောက်လွန်လို့ တောင်ရှည်ပုဆိုးထဲမှာ ထိုင်ပြီးတော့ ကိုယ်ထိုင်တဲ့နေရာမှာ သေးပေါက်တဲ့အဆင့်ပေါ့။ အဲဒီလို လူမျိုးတွေ နောက်ပေါ်လာမယ့် ပါလီမန်ထဲမှာ ပါလာမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့က ဒီလိုလူမျိုးတွေက တိုင်းပြည်နဲ့ လူမျိုးအတွက် ထိပ်ကလုပ်တဲ့ စစ်ဗိုလ်တွေကို ရွပ်ရွပ်ချွန်ချွန် မှန်တာထောက်ပြနိုင်တဲ့ အနေအထားမျိုး သတ္တိရှိမယ်လို့ ကျနော်ကတော့ မယုံကြည်နိုင်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်များ။ ပြီးခဲ့တဲ့ (၂၉) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မဲခွဲစဉ်က အဲဒီလို မဲမခွဲခင်မှာ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့  သဘောထားကို အရင် တင်ပြလိုက်တဲ့အတွက်ကြောင့်မို့ ကျန်တဲ့လူတွေအနေနဲ့ ဒါက ပါတီအတွင်းမှာ မူဝါဒအရ မကွဲပြားချင်တဲ့အတွက်ကြောင့် နောက်ဆုတ်ပေးလိုက်ရတဲ့ သဘောမျိုးကိုလည်း အခုသိုးသိုးသန့်သန့် ပြောလာကြတာ ကြားရတယ်။ အဲဒီတော့ အခုနောက်ပိုင်းမှ ဒီဟာက ဒီလိုဆုံးဖြတ်လိုက်တာ မှန်ကန်ရဲ့ လားဆိုပြီး ဇဝေဇဝ ဖြစ်နေကြတဲ့ပုံစံမျိုးတွေလည်း ကြားနေရတယ်ဆိုတော့ ဒါတွေနဲ့ ပတ်သက်လိုရှိရင် ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့က ဒီကိစ္စက ပြန်လည်သုံးသပ်စရာ လိုတယ့်ကိစ္စတရပ်လို့ မြင်သလား။

ဒေါက်တာဇာနီ ။ ။ ဒီဟာက ရှင်းရှင်းပြောရရင် ဒီမိုကရေစီနည်းလမ်းနဲ့ သူတို့ ဆုံးဖြတ်ထားပြီးကိစ္စ။ အဲဒါ နောက်တခုက အန်အယ်လ်ဒီထဲမှာ လုပ်နေတဲ့ ခေါင်းဆောင်တွေ အကုန်လုံးက ထောင်နှစ်ရှည်လများ အကျခံပြီး လုပ်တယ်။ မိသားစုတွေကို စွန့်ပြီးတော့ လုပ်ကြတယ်။ တပြားမှလည်း ဘယ်သူကမှ ထမင်းကျွေးတာ မဟုတ်ဘူး။ အိုးပစ်အိမ်ပစ်နဲ့ လုပ်ကြတယ်။ သိက္ခာရှိတယ်လူတွေလုပ်တယ်။ နောက်တခုက လုပ်တဲ့နေရာမှာ တယောက်တည်းက ဆုံးဖြတ်သွားတာ မဟုတ်ဘူး။ ဒီမိုကရေစီနည်းနဲ့ လုပ်တာ။ ဒေါ်အောင်ဆန်းစုကြည် က သူ့အမြင်ကိုပဲ သူပြောသွားတယ်။ သူပြောတာ ရှင်းရှင်းလေးရယ် ဒီပါတီက ကျမတယောက်တည်းပိုင်တဲ့ပါတီ၊ ကျမအမွေရထားတဲ့ပါတီ မဟုတ်ဘူး။ အများဆန္ဒနဲ့ လုပ်ပါလို့ ပြောခဲ့တယ်။ အဲဒီလို ပြောတဲ့အထဲက ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်တယောက်အနေနဲ့ ပြောတယ်။ တခြားလူတွေလည်း ဆွေးနွေးလို့ ရတာပဲ။ ဆွေးနွေးလည်းဆွေးနွေးကြတာပဲ။ ဒီပါတီ (၂၉) ရက်မတိုင်ခင်မှာလည်း ဆွေးနွေးကြတယ်။ နောက်တခုက အန်အယ်လ်ဒီ လူငယ်အဖွဲ့အစည်းတွေရှိတယ်။ လူငယ်အဖွဲ့အစည်းပိုင်းက အစောကြီးကတည်းက ရွပ်ရွပ်ချွန်ခွန် နိုင်ငံရေးကို အောက်ကနေပြီး အနှစ်နာခံ ထောင်ကျခံပြီးတော့ ဆက်လုပ်နေကြတယ်။ အဲဒီ လူငယ်အပိုင်းက constitution နဲ့ election ဥပဒေကို ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာ ကြေညာထားခဲ့တယ်။ ကြေညာထားပြီးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်တဦးတည်း မဟုတ်ဘူး။ အောက်ခြေမှာရှိတဲ့ အန်အယ်လ်ဒီ လူငယ်ထု နဲ့ လူလတ်ပိုင်းတွေက ဒါတွေကို လက်မခံနိုင်ဘူး။ အဲဒီတော့ ကျနော်ထင်တယ် ဒီအချိန်ကြမှ ဒါကို ပြန်ပြီး စဉ်းစားတယ်ဆိုတာ ဒီမိုကရေစီနည်းလမ်းမကျဘူး။ နောက်တခုက ကျနော်ထင်တယ် သိက္ခာရှိတဲ့လူတွေက ထွေးပြီသာ တံတွေးကို ပြန်မမျိုဘူး။ နောက်တခုက လူထုအများစုကလည်း ကျနော်ထင်တယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ အများစုက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်အားလုံးက လက်ခံတယ်။ ရွေးကောက်ပွဲလုပ်လို့လည်း ကျနော်တို့နိုင်ငံမှာ ထမင်းပိုပြီး စားရမှာလည်း မဟုတ်ဘူး၊ ဒီမိုကရေစီလည်း ရမှာမဟုတ်ဘူး။ ဒါကြီးက အားလုံးကို ယိုသူမရှက် မြင်သူရှက် လိမ်ပွဲကြီးပဲ။ လူတိုင်းသိနေတဲ့ဟာကြီး။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်အစိုးရအနေနဲ့ကတော့ အခု အန်အယ်လ်ဒီ မပါဘူးဆိုရင်လည်း ရွေးကောက်ပွဲကို ဆက်ပြီးကျင်းပမယ်ဆိုကြပါစို့။ အဲဒီအခါမှာ အန်အယ်လ်ဒီ မပါတော့တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ လူထုက မဲပေးကြမယ်ဆိုလိုရှိရင် အန်အယ်လ်ဒီ မပါတဲ့အတွက်ကြောင့် အခု အသစ်ဖွဲ့စည်းလာမယ့် တခြား ဒီမိုကရေစီရေး ကြွေးကြော်တဲ့ ပါတီအဖွဲ့အစည်းတွေအသစ်တွေ အနေနဲ့က ဒါ အခွင့်အလမ်းကောင်းတရပ်လို့ သူတို့အနေနဲ့ ယူဆနိုင်စရာအကြောင်း ရှိသလား။

ဒေါက်တာဇာနီ ။ ။ ကျနော်ထင်တယ် အထဲမှာပေါ့ တတိယအုပ်စုတို့။ လူကြီးသားတွေ၊ သမီးတွေ အဖေနံမည်နဲ့ တက်လုပ်တဲ့လူတွေအများကြီးပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူကိုယ်တိုင်း အနစ်နာခံပြီးတော့ တကမ္ဘာလုံးက သူရဲ့  ခေါင်းဆောင်မှုကို လေးစားတဲ့အဆင့်ရောက်အောင် သူကလည်း ကြိုးစားလုပ်တယ်ဆိုတော့။ ကျနော်နိုင်ငံမှာ ကျနော်ကြည့်နေတာက ပွဲလန့်တဲ့အခါမှာ ဝင်ပြီးဖျာခင်းတဲ့လူတွေက အများကြီးပဲ။ အဲဒီအထဲမှာလည်း ကောင်းတဲ့လူတွေလည်း ပါမှာပေါ့။ ဒါပေမဲ့ ကျနော်သိသလောက် တော်တော်များများကတော့ ပွဲလန့်တုန်းမှာ ဖျာခင်းကြတာ။ သိပ်လည်းရှက်စရာ ကောင်းပါတယ်။ ဒီအကျင့်ဆိုးတွေကို ပြင်ဖို့လိုမယ်ထင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ပါတီတွေနဲ့ လူတွေခေါ်ခေါ်နေတဲ့ နိုင်ငံရေး space တို့ နိုင်ငံရေးနေရာရတာတို့။ Process တို့။ အဲဒါတွေက တကယ်တမ်းကြတော့ ဘယ်လိုပြောမလည်း ကျနော်တို့နိုင်ငံမှာက စစ်အာဏာရှင်စနစ်နဲ့ ဆက်ပြီးတော့ သွားနေတယ်။ အဲဒါကို ဦးနေဝင်း ခေတ်နဲ့မတူတာက စစ်အာဏာရှင်စနစ်ကို သူတို့က အခြေခံဥပဒေနဲ့ တကမ္ဘာလုံးက လက်ခံအောင် သူတို့က လုပ်နေတယ်။ လုပ်နေတယ်ဆိုတော့ သမိုင်းအဆက်ဆက်မှာ အာဏာရှင်ဆိုတာက ရွေးကောက်ပွဲနဲ့ ဆင်းသွားတဲ့ အကောင်တကောင်မှ မရှိဘူး။ အဲဒီတော့ အဓိက အရေးကြီးတာက အန်အယ်လ်ဒီလည်း မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်လည်း မဟုတ်ဘူး၊ ပြည်သူဘဲဗျ။ ပြည်သူဆိုတာ တပ်မတော်သားတွေလည်းပါတယ်၊ လှည်းနေလှေအောင် မြင်းဇောင်းမကျန် လူပေါင်းစုံ၊ လူတန်းစားပေါင်းစုံ ပါတယ်။ ဘယ်လိုအစိုးရမျိုးကို လိုချင်တာလည်း၊ ဘယ်လိုအစိုးရအောက်မှာ နေချင်တာလည်း၊ ဘယ်လိုနိုင်ငံမျိုးကို ထူးထောင်ချင်တာလဲ။ အဲဒါတွေက လူထုကိုယ်တိုင်က စဉ်းစားပြီး လူထုက တယောက်ချင်း ဝင်ပါမှရမှာ။ ဒါကို အခုလက်ရှိ ရွေးကောက်ပွဲအတုနဲ့တော့ ဘယ်မှရောက်မှမဟုတ်ဘူး။ ပြာပုံဘဲ ဆက်ဖြစ်မှာဘ