တရုတ်စစ်အင်အားချဲ့ထွင် တိုးမြှင့်လာချိန်တွင် အမေရိကန်ကလည်း အာရှနိုင်ငံများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ပြုလုပ်သည့် အာရှ၏ အကြီးဆုံးလုံခြုံရေးဆွေးနွေးပွဲသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တက်ရောက်လာခဲ့ပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗီယက်နမ်နှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများအတွက် ဆွေးနွေးခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ကလည်း ၁၂ နှစ်ကြာ ရပ်ဆိုင်းထားခဲ့သော အင်ဒိုနီးရှား အထူးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်ရန် ညှိနှိုင်းနိုင်ခဲ့သည်။ ဇူလိုင်လ ၂၁ ရက်နေ့ကပင် တရုတ်က ဝေဖန်ထားသော တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ ရှေ့ပြေးအဖြစ် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်ဂျော့ဝါရှင်တန်ကို တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်သို့ စေလွှတ်ခဲ့သည်။ တရုတ်(တိုင်ပေ)သို့ အမေရိကန်က လက်နက်ရောင်းချမှုကြောင့် တရုတ်က အမေရိကန်နှင့်အဆင့်မြင့် စစ်ဘက်ခေါင်းဆောင်များ အပြန်အလန်လည်ပတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းထားခဲ့ပြီး မြောက်ကိုရီးယားက တောင်ကိုရီး ယား စစ်သင်္ဘောကို နှစ်မြှုပ်ခဲ့မှုအား နိုင်ငံတကာက ရှုတ်ချရာတွင်လည်း ပါဝင်ခဲ့ခြင်း မရှိပေ။ အမေရိကန် စစ်ဦးစီးချုပ်များ အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မိုက်မူလင်က တရုတ်စစ်ဘက် ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆွေးနွေးခွင့် မရ၍ စိုးရိမ်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အမေရိကန်သည် အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ကို ဒေသတွင်းတွင် အရေးပါသော မဟာမိတ်များအဖြစ် မှတ်ယူထားကြောင်း ဖေဖော်ဝါရီလက ပင်တဂွန်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ရောဘတ်ဂိတ်သည် ဂျကာတာတွင် အင်ဒို နီးရှားသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး ယူစ်ဂီယာတိုရိုတို့နှင့် တွေ့ဆုံခဲ့ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူညီခဲ့သလို အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးကလည်း လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စစ်ဆေးတွေ့ရှိရသော စစ်ဘက် အရာရှိများကို တာဝန်မှ ရပ်တန့်မည်ဟု ကတိပြုခဲ့သည်။ အင်ဒိုနီးရှားနှင့် ဗီယက်နမ်သည် ကမ္ဘာ့ကုန်သွယ်ရေးအတွက် အဓိကလမ်းကြောင်းတစ်ခုဖြစ်သော တောင်တရုတ်ပင်လယ်နှင့် ထိစပ်နေသည်။ တောင်တရုတ်ပင်လယ်ရေပြင်တွင် အီရန်ထက်များသော ရေနံ၊ ဆော်ဒီအာရေဗျထက် များသော ဓာတ်ငွေ့များ ရှိနေသည်ဟု ခန့်မှန်းထားမှုကြောင့် နိုင်ငံများ အပြိုင်လုနေကြခြင်း ဖြစ်သည်။တရုတ်သည် တောင်တရုတ်ပင်လယ်တစ်ခုလုံးကို မိမိပိုင်အဖြစ် မှတ်ယူထားခြင်းကြောင့် အခြားနိုင်ငံများနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည်။ |