Pages
Sunday, August 15, 2010
အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများ လက်နက်ဝယ်ယူဖြည့်တင်းမှု ပြီးခဲ့သော လေးနှစ်အတွင်း နှစ်ဆမြင့်တက်
South East Asia
        အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများသည် ၎င်းတို့၏ စစ်ရေးတိုးချဲ့မှုကို တိုးမြှင့်လျက်ရှိပြီး တရုတ်နိုင်ငံ သြဇာလွှမ်းမိုးမှုနှင့် ဆက်စပ်လျက်ရှိသည်ဟု စတော့ဟုမ်းအခြေစိုက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့အစည်း IPRI က နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။
        ပြည်တွင်းတွင် အကြမ်းဖက်အန္တရာယ် ခြိမ်းခြောက်မှု၊ လက်နက်များ အဆင့်မြှင့်တင်ရန် လိုအပ်မှုနှင့် ဒေသတွင်းနိုင်ငံများနှင့် စစ်ရေးယှဉ်ပြိုင်မှု စသော အဓိကအချက်သုံးချက်ကြောင့် စစ်ရေးအသုံးစရိတ် မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်အမျိုးသား လုံခြုံရေးမူဝါဒ လေ့လာရေးကောင်စီမှ ဒုတိယညွှန်ကြားရေးမှူး လီကျင်ကုံက ပြောကြားခဲ့သည်။ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားစသော နိုင်ငံများတွင် အစိုးရဆန့်ကျင်သည့် အကြမ်းဖက် အဖွဲ့အစည်းများ ရှိနေခြင်းကြောင့် ယင်းနိုင်ငံ အစိုးရများက ၎င်းတို့၏ စစ်ရေးစွမ်းရည်မြှင့်တင်ရန် လိုအပ်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံက ဒေါ်လာ ၂ ဒသမ ၄ ဘီလျံတန်ဖိုးရှိ ရုရှားနိုင်ငံမှ Kilo-class ရေငုပ်သင်္ဘောခြောက်စင်း နှင့် Su-30MKK ဂျက်တိုက်လေ ယာဉ် တစ်ဒါဇင်ခန့် ၀ယ်ယူရန် သဘောတူညီချက် ရရှိထားကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ သြစတြေးလျကလည်း ရေငုပ်သင်္ဘော ကိုးစင်းခန့် ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း ပြုလုပ်မည်ဖြစ်ကာ အမေရိကန်လုပ် အက်ဖ်-၃၅ အက်စ် လေယာဉ်အစင်း ၁၀၀ ၀ယ်ယူ၍ လေတပ်အင်အား တိုးချဲ့မည်ဟု ကြေညာခဲ့သည်။
        မလေးရှားကလည်း ပြင်သစ်မှ ဒေါ်လာတစ်ဘီလျံကျော် တန်ဖိုးရှိသော ဒီဇယ်သုံး ရေငုပ်သင်္ဘောနှစ်စင်း ၀ယ်ယူမည်ဖြစ်သလို အင်ဒိုနီးရှားက ရေငုပ်သင်္ဘောများ ထပ်မံဝယ်ယူမည်ဟု မကြာသေးမီက ကြေညာခဲ့သည်။ ဗီယက်နမ်နှင့် ရုရှား၏ ဒေါ်လာဘီလျံချီ သဘောတူညီချက်ကြောင့် ပြည်ပ စစ်ရေးခြိမ်းခြောက်မှုထက် ပြည်တွင်းနိုင်ငံရေး စိုးရိမ်မှုအပေါ် ပိုမိုထင်ဟပ်ပြလိမ့်မည်ဟု အာရှဒေသတွင်း လုံခြုံရေးလေ့လာသုံးသပ်သူ ဂေဗင်ဂရင်းဝုဒ်က သုံးသပ်ခဲ့သည်။