Pages

Saturday, August 14, 2010

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သတ်မှတ် မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း အမည်စာရင်း တင်သွင်းရမည့်ရက်နောက်ဆုံးရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်ကြောင်း ကြေညာ

 
        ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ်များ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒ နယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၁ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၈၅/၂၀၁၀)၊ (၈၆/၂၀၁၀)၊ (၈၇/ ၂၀၁၀)၊ (၈၈/၂၀၁၀) တို့ဖြင့် သတ်မှတ်ကြေညာခဲ့ခြင်း ဖြစ်သည်။
       ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အရေအတွက်မှာ ၃၃၀ ဖြစ်ပြီး ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ ကို တစ်မြို့နယ်လျှင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တစ်နယ်အဖြစ် သတ်မှတ်ကြေညာခြင်း ဖြစ်ကြောင်း သိရသည်။

       အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အရေအတွက်မှာ ၁၆၈ ဖြစ်ပြီး ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလျှင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နယ်စီ သတ်မှတ်ကြေညာခြင်း ဖြစ်ကြောင်း သိရသည်။
       ပြည်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၄၄၀ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး မဲဆန္ဒနယ် သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးတို့ဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
      အမျိုးသားလွတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး မဲဆန္ဒနယ် သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးတို့ဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
        ထို့ပြင် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့်ရက်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၃ ရက် နေ့နံနက်ပိုင်းက နိုင်ငံပိုင် ရုပ်သံလိုင်း မှတစ်ဆင့် ကြေညာခဲ့သည်။
       ယင်းကြေညာချက်အရ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုကို သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်ပြုလုပ်ရမည်ဖြစ်ပြီး နောက်ဆုံးရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုကို စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ပြုလုပ်သွားမည်ဟု သိရပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ပြန်လည်ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ ရက်နေ့ ဖြစ်ကြောင်း သိရသည်။ 
       ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ (နောက်ဆုံး ကျင်းပခဲ့သော ရွေးကောက်ပွဲ)တွင် သတ်မှတ်ခဲ့သည့် မဲဆန္ဒနယ်မှာ ၄၉၂ ဖြစ်ပြီး ကျင်းပခဲ့သည့် မဲဆန္ဒနယ်မှာ ၄၈၅ ဖြစ်ကာ ကျင်းပနိုင်ခဲ့သည့် ရာခိုင်နှုန်းမှာ ၉၈ ဒသမ ၅၈ ရာခိုင်နှုန်း ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
       ထို့ပြင် ယင်းရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၂၉၆ ဦး၊ ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၂၀၉ ဦးနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၈၇ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။