စစ်အာဏာရှင်များမှ မကြာခင်အချိန် ကာလအတွင်း၌ ကျင်းပပေးတော့မည့်  ရွေးကောက်ပွဲ မတိုင်မှီ
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှ င့် နိုင်ငံရေးအကျဉ်းသားများကို
လွှတ်ပေးရန်အတွက် စီစဉ်နေသည်ဟု အမည်မဖေါ်ပြလိုသော စစ်ထောက်လှမ်းရေးအဖွဲ့(စအဖ)မှ
အရာရှိတစ်ဦးက Baymyanmarသို့ သတင်းပေးပို့လာပါသည်။ စစ်အစိုးရအနေဖြင့်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သွားမည့် ၈၈မျိုးဆက်ကျောင်းသားများကို
လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို ပေးချင်သည့် ဆန္ဒလုံးဝမရှိသော်လည်း၊
NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို မကြာခင်ကာလတွင် လွှတ်ပေးပြီး ရွှေးကောက်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်လာအောင် စစ်အစိုးရအနေဖြင့် ကမ်းလှမ်းတော့မည်ဟု ၎င်းစစ်အရာရှိမှ
ပြောကြားပါသည်။
သို့သော်လည်းပဲ စစ်အာဏာရှင်အုပ်စုမှာ ၎င်းတို့ အပိုင်ရရှိထားသော ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို
လုံဝ ပြန်လည်ပြင်ဆင်ပေးမည် မဟုတ်ကြောင်းနှင့် ၎င်းအခြေခံဥပဒေနှင့် ပြဌာန်းပြီးသား
ရွေးကောက်ပွဲဥပဒေများ အတိုင်းသာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအဖွဲ့အစည်းများက
ဝင်ရောက်ယှဉ်ပြိုင်ခွင့်သာ ရကြမည်ဟု သိရပါသည်။ ပြစ်မှုကြီးများကို ကျူးလွန်ခဲ့ဘူးသူများကိုလည်း
NDFပါတီမှ ဦးခင်မောင်ဆွေတို့လိုပင် အသနားခံစာများ လျှောက်ထားမှ ခွင့်ပြုမည်ဟု သိရပါသည်။
နအဖ စစ်အာဏာရှင်တို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ကတိက၀တ်အတိုင်း ၎င်းတို့ ကျင်းပပြုလုပ်သော
၂၀၁၀ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိသော ၊ ပါသင့်ပါထိုက်သော
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်များကို ပါဝင်ခွင့်ပေးလိုက်ပြီး၊
နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ထောက်ခံမှုရရှိလာအောင် တစ်ဖက်လှည့် လိမ်ညာကြိုးစားရန်အတွက်
ဖြစ်ကြောင်း ထိုအရာရှိမှ ပြောပါသည်။
စစ်အစိုးရမှ ရွေးကောက်ပွဲဝင်ခွင့်ကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့သော်လည်း သူမအနေနှင့်
ရွေးကောက်ပွဲမ၀င်ဘဲ ဆက်လက်ဆန့်ကျင်မှုများ ပြုလုပ်နေခဲ့လျှင် သူမ၏တာဝန်သာလျှင် ဖြစ်
ကြောင်းကို နိုင်ငံတကာသို့ စစ်အစိုးရမှ ပြန်လည်ရှင်းလင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို
နိုင်ငံတကာမှ အမြင်မှားအထင်မှားဖြစ်အောင် အပုတ်ချသွားမည့် အစီအစဉ်များလည်း စစ်အစိုးရတွင်
ရေရှည် အစီအစဉ်များရှိနေကြောင်း သိရှိရပါသည်။
ထိုအရာရှိမှ ထင်မြင်ချက်ပေးရာတွင် ဒေါ်အောင်ဆန်စုကြည်အနေနှင့် သူမကိုလွှတ်ပေးခဲ့သည့်တိုင်
၎င်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများအတိုင်းဆို လျှင် ၀င်ရောက်ယှဉ်ပြိုင်လိမ့်မည်
မဟုတ်ပါ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရယ် လုံခြုံရေးကို အတော်ပင် စိုးရိမ်
ဖို့ကောင်းပါကြောင်း ၎င်းစစ်အရာရှိမှ ပြောကြားသွားပါသည်။