Pages

Thursday, August 12, 2010

ယင်းသဘာဝဘေးအန္တရာယ်ကို ပါကစ္စတန်အစိုးရက ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိကြောင်း ၀န်ကြီးချုပ် ယူဆွတ်ဂီလာနီက ၀န်ခံခဲ့ပြီး ပြည်ပအကူအညီများ ပေးရန် တောင်းခံ


ပြည်ပအထောက်အပံ့ မှီခိုနေရသော ပါကစ္စတန်နိုင်ငံ ရေလွှမ်းမိုးမှုမှ ပြန်လည်နာလန်ထူနိုင်ရေး ဒေါ်လာဘီလျံချီ၍ လိုအပ်


 Water Floating
ပန်ဂျပ်ပြည်နယ်တွင် ရေလွှမ်းမိုးမှုကို သြဂုတ် ၉ ရက်နေ့က ဝေဟင်မှ တွေ့ရစဉ်
         သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဒဏ် ခံစားခဲ့ရသည့် ပါကစ္စတန်သည် ယခင်ကတည်းက ပြည်ပအထောက်အပံ့များကိုသာ မှီခိုနေရ၍ ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ လိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက သြဂုတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
        ရေလွှမ်းမိုးမှု ဆိုးရွားစွာ ခံစားခဲ့ရသူများကို ကယ်ဆယ်နေရာချထားနိုင်ရေး လုပ်ဆောင်နိုင်ရန် အစိုးရမှာ အခက်ကြုံလျက်ရှိပြီး ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံးလူ ၁၅၀၀ ခန့် သေဆုံးခဲ့ကာ လူ ၁၅ သန်းအထိ ရေလွှမ်းမိုးမှုဒဏ် ခံစားခဲ့ရသည်။ ပြည်ပအကူအညီ ပေးအပ်မှု ပိုမိုတိုးမြှင့်ပေးရန် လိုအပ်နေပြီး ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့နေရ၍ အကူအညီရရှိရေး ခက်ခဲနိုင်ကြောင်း သဘာဝဘေးအန္တရာယ် တုံ့ပြန်ဖြေရှင်းရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Jean-Maurice Ripert က ပြောကြားခဲ့သည်။

        အရေးပေါ်အခြေအနေ တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် ဒေါ်လာသန်းချီ လိုအပ်နေပြီး ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးအတွက် ဒေါ်လာဘီလျံနှင့်ချီ လိုအပ်နေကြောင်း ၎င်းကပြောကြားခဲ့သည်။ ရေလွှမ်းမိုးမှုဒဏ် ခံစားရသူ အများစုက ထိုက် သင့်သည့် အချိန်တွင် အကူအညီ မရရှိခဲ့၍ အပြစ်တင်ခဲ့ပြီး ယခင်ကတည်းက လူကြိုက်နည်းသော အစိုးရအပေါ် ပြစ်တင်ခဲ့သည်။
        ရေလွှမ်းမိုးမှုဒဏ်ကြောင့် သီးနှံများစွာ ပျက်စီးခဲ့ပြီး မြို့ကြီးများနှင့် မြို့များတွင် အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့သည်။ ရေလွှမ်းမိုးမှု မဖြစ်ပေါ်မီကပင် ဆင်းရဲမွဲတေမှုနှင့် စားနပ်ရိက္ခာ ရှားပါးမှု ကြုံနေရသည့် ပါကစ္စ တန် ပြည်သူများမှာ စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်မှုကြောင့် ၎င်းတို့၏ ဘ၀ရှင်သန်မှုအတွက် ခြိမ်းခြောက်ခံနေရသည်။ ယင်းသဘာဝဘေးအန္တရာယ်ကို ပါကစ္စတန်အစိုးရက ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိကြောင်း ၀န်ကြီးချုပ် ယူဆွတ်ဂီလာနီက ၀န်ခံခဲ့ပြီး ပြည်ပအကူအညီများ ပေးရန် တောင်းခံခဲ့သည်။ အနည်းဆုံး ပြည်သူလေးသန်းခန့်အတွက် လာမည့် သုံးလအတွက် စားနပ်ရိက္ခာထောက်ပံ့ရန် ဒေါ်လာသန်း ၁၀၀ နီးပါး ကုန်ကျနိုင်ကြောင်း WFP က ပြောကြားခဲ့သည်။