Pages

Sunday, October 31, 2010

ဆန်ဖရန်ကလည်း နယူးယောက်၊ ၀ါရှင်တန်၊ ဘတ်ဖဲလိုးတို့နဲ့အတူ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိ

Newyork, Washington, Buffalo and San Francisco say NO to Burmese Regime's Election
Saturday, 30 October 2010
နယူးယောက်၊ ၀ါရှင်တန်၊ ဘတ်ဖဲလိုးတို့နဲ့အတူ ဆန်ဖရန်ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိ
မိုးမခဓာတ်ပုံသတင်း
အောက်တိုဘာ ၃၁၊ ၂၀၁၀
အမေရိကန်တ၀ှမ်းရှိ မြန်မာအများစု သဘောတူညီထားသည့်အတိုင်း မြန်မာစစ်အစိုးရ၏ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကို လက်မခံကြောင်း၊ ကန့်ကွက်ကြောင်းနှင့် ရွေးကောက်ပွဲ၏ မည်သည့်ရလဒ်ကိုမျှ အသိအမှတ်ပြုမည် မဟုတ်ကြောင်းကို ထုတ်ဖော်ပြသသည့် ကန့်ကွက်ဆန္ဒပြပွဲများကို ယခုအပတ် အောက်တိုဘာ ၂၉ ၊ ၃၀ တို့တွင် ကျင်းပခဲ့ကြသည်။



အောက်တိုဘာ ၂၉  တွင် နယူးယောက်၊ အောက်တိုဘာ ၃၀ တွင် ၀ါရှင်တန်နှင့် ဆန်ဖရန်စစ္စကိုတို့ရှိ မြန်မာဒီမိုကရေစီရေး လိုလားသူများက စုဝေးပြီး ကန့်ကွက်ဆန္ဒပြပွဲများ ဆင်နွှဲကြရာတွင် လာရောက်ကြသူ မြန်မာဦးရေ ၁၀၀ ကျော် အသီးသီး ရှိသည်ဟု ဆိုသည်။ နယူးယောက် ဘတ်ဖဲလိုးက မြန်မာမိသားစုများမှာ သြဂုတ်လ ၂၂ ကတည်းက နိုဝင်ဘာ ၇ အထိ အပတ်စဉ် မြို့ပန်းခြံတွင် ဆန္ဒပြပွဲများ တောက်လျောက် ပြုလုပ်လျက်ရှိရာ၊ ၎င်းတို့လည်း နယူးယောက်နှင့် ၀ါရှင်တန် ဆန္ဒပြပွဲများသို့ သွားရောက် ပူးပေါင်းခဲ့ကြသည်ဟု သိရသည်။
အောက်တိုဘာ ၃၀ နေ့ တနေ့တည်းတွင်ပင် စင်္ကာပူနိုင်ငံရှိ မြန်မာများနှင့် မြန်မာ့အရေးလှုပ်ရှားသူများကလည်း စင်္ကာပူအစိုးရ၏ ကန့်သတ်ထားသော ဆန္ဒထုတ်ဖော်ခွင့် ပြုသည့် ပြည်သူ့အော်သံ ပန်းခြံထောင့်တွင် စုဝေးပြီး စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ရှုတ်ချ ကန့်ကွက်ခဲ့ကြသည်ဟု ဆိုသည်။
၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် စစ်အစိုးရ၏ တဖက်သတ်ကျင်းပမည့် ရွေးကောက်ပွဲကို မြန်မာပြည်၏ တခုတည်းသော အတိုက်အခံ ဒီမိုကရေစီနိုင်ငံရေးပါတီ အင်န်အယ်ဒီနှင့် အတိုက်အခံခေါင်းဆောင်များက ဧပြီလကတည်းက သပိတ်မှောက်ခဲ့ပြီး ဖြစ်သည်။ စစ်အစိုးရကလည်း ၎င်းတို့ ထူထောင်ထားသည် စစ်တပ်ပါတီဖြစ်သော ကြံ့ဖွံ့ပါတီကို ရွေးကောက်ပွဲဖြင့် ပွဲထုတ်ပြီး စစ်အာဏာရှင်ချုပ်ကိုင်သော လွှတ်တော်ဖြင့် တိုင်းပြည်ကို ဆက်လက် ချုပ်ကိုင်သွားရန် ဆောင်ရွက်လျက် ရှိသည်။
ယခုအချိန်တွင် ပြည်တွင်းရှိ အင်န်အယ်ဒီနှင့် တိုင်းရင်းသားအစုအဖွဲ့များဖြစ်သော  မြန်မာ့ဒီမိုကရေစီရေးအတိုက်အခံအင်အားစုများက တစုတစည်းတည်း ရပ်တည်ပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်ကြီး ပေါ်ထွန်းရန်၊ စစ်မှန်သော တန်းတူညီမျှ လွတ်လပ်မှု အပြည့်ရှိသော ပြည်ထောင်စုနိုင်ငံသားများ အခွင့်အရေးများ ရရှိနိုင်ရန် ဦးတည်သော ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကို အာရုံစိုက် လျက်ရှိပြီး၊ ပြည်တွင်းပြည်ပရှိ မြန်မာမိသားစု အများစုကလည်း ထောက်ခံကြောင်း ပြသလျက်ရှိသည်။