Pages

Sunday, October 17, 2010

နယူးယောက်မြို့ က မြန်မာ့အရေးရံပုံငွေပွဲနဲ့  ဆွေးနွေးပွဲ


၁၇၊ ၁၀၊ ၂၀၁၀

ထိုင်း-မြန်မာနယ်စပ်မှာ ရောဂါရှိနေတဲ့ မြန်မာကလေး လေးယောက်ရဲ့  အသက် ကယ်ဆယ်ရေး အတွက် ရံပုံငွေရှာပွဲနဲ့  မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်ကို နယူးယောက်မြို့ မှာ နှစ်ရက်ဆက်တိုက် ကျင်းပခဲ့ပါတယ်။ Free Burma Alliance နဲ့  Network 355 လို့  ခေါ်တဲ့ အဖွဲ့ တွေက ကြီးမှူးကျင်းပရာမှာ ရံပုံငွေပွဲကို လူတစ်ရာကျော် တက်ရောက်အားပေးခဲ့ပြီး မြန်မာ့အရေးဆွေးနွေးပွဲကိုတော့ လူ ၅၀ နီးပါးခန့်  တက်ရောက်ခဲ့ ကြပါတယ်။ 

အောက်တိုဘာ ၁၆ ရက်နေ့ က စတင်ကျင်းပခဲ့တဲ့ ရံပုံငွေပွဲကို နယူးယောက်ကမြန်မာတချို့  တက်ရောက်အားပေးခဲ့ပြီး အများစုကတော့ အမေရိကန်နဲ့ အခြားနိုင်ငံသားတွေတက်ရောက်ခဲ့ ကြပါတယ်။ မြန်မာပန်းချီကားအပါအ၀င် အနုပညာ ပစ္စည်းတချို့ ကို လေလံတင်ရောင်းချခဲ့တဲ့ အစီအစဉ်၊ စေတနာနဲ့  တင်ဆက်ခဲ့တဲ့ ဂျပန်အနုပညာရှင်တွေကလည်း တယောတီး၊ အုပ်စုဖွဲ့  ကပြမှုအစီအစဉ်၊ မြန်မာ့အရေး ဗွီဒီယိုပြတဲ့အစီအစဉ်တွေနဲ့  တကွ ညနေစာနဲ့ လည်း ဧည့်ခံခဲ့ပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့ မှာတော့ မြန်မာ့အရေးဆွေးနွေးပွဲကို လူအခွင့်အရေး နဲ့  အမေရိကန်အစိုးရရဲ့ မြန်မာ့ဒီမိုကရေစီအရေးလုပ်ဆောင်ချက်အခြေအနေ ဆိုပြီး ရှုထောင့် နှစ်ခုကနေ ဆွေးနွေးခဲ့ရာမှာတော့ မြန်မာ့အရေး လုပ်ဆောင်နေသူတချို့  ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြပါတယ်။

လူအခွင့်အရေး ခေါင်းစဉ်နဲ့  ပတ်သက်တဲ့ဆွေးနွေးပွဲမှာတော့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခအခြေအနေတွေကို အပြန်အလှန် အချက်အလက်ပေါင်းများစွာတွေနဲ့  တင်ပြခဲ့ကြပါတယ်။ ဒီအပြင် ကုလသမဂ္ဂက Commission of Inquiry ကိစ္စနဲ့  လုပ်ဆောင်ရာမှာ အားနည်းချက်တွေကိုလည်း ထောက်ပြခဲ့ကြပါတယ်။ တက်ရောက်တဲ့ ဧည့်သည်တွေကလည်း မေးခွန်းတွေ ပြန်လည်မေးခဲ့ကြပြီး မြန်မာ့အရေးကို ဒီထက်မက ပိုလုပ်ပေးကြဖို့  ပြောဆိုခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးနဲ့  ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ကိုဆွေးနွေးရာမှာ မြန်မာ့အရေးလုပ်ဆောင်သူအမေရိကန်နိုင်ငံသားတချို့ က သူတို့ ကိုယ်နှိုက် အမေရိကန်အစိုးရလုပ်ဆောင်နေတဲ့ အနေအထားတွေကို အားမရကြောင်း၊ ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ လိုနေသေးကြောင်း၊ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမနီနိုင်ငံက နာဇီဟစ်တလာ ကိုတောင် တိုက်ခဲ့ပြီး ဂျူးလူမျိုးတွေ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အမေရိကန်အစိုးရကိုယ်တိုင်ပြဌာန်းထားတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေအရ ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပါအ၀င် ဒီမိုကရက်တစ်အဖွဲ့  အစည်းတွေကို အားပေးသွားမယ်လို့ ပြောထားပြီး တကယ်တမ်းလက်တွေ့ မှာတော့ အားမရကြောင်း၊ ဒီနေ့  နအဖထဲမှာလည်း စည်းလုံးညီညွတ်မှုတွေမရှိတဲ့အပြင် သွေးကွဲနေကြပြီဖြစ်ကြောင်း၊ ဗိုလ်ချုပ်မောင်အေးရဲ့ အခြေအနေတောင် မကောင်းဘူးဘဲ အကျယ်ချုပ်တောင်ကျနေတယ်လို့ ကြားရကြောင်း၊ အမေရိကန်အစိုးရကဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်ပြီး ထောက်ပံ့လာမယ်ဆိုရင် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ပိုမိုအားကောင်းလာနိုင်ကြောင်း ပွင့်ပွင့်လင်းလင်းနဲ့  အခြေတင် ဆွေးနွေးသွားတာ တွေ့ ရ ပါတယ်။

ဒုတိယနေ့  ဆွေးနွေးပွဲမှာတော့ Amnesty International, National League for Democracy – Liberated Area (USA), Free Burma Alliance, Heroes Serving Humanity, Dictator Watch, Free Burma Rangers နဲ့  Burma Point အဖွဲ့ တို့ ရဲ့  ကိုယ်စားလှယ်တွေ အပြင် တသီးပုဂ္ဂလတချို့  တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။