Pages

Friday, December 10, 2010

ဗေဒင်ဟောသူအချို့ကြောင့် စစ်ခွေးတချို့ စိတ်ဝေဒနာ ကုသမှု ခံယူနေရသူအချို့ ရှိနေကြောင်း သိရ


PDF Print
Share
လူတစ်ဦး၏ အနာဂတ် ကံကြမ္မာအား အလွန်အကျွံ ဟောပြောသူ ဗေဒင်ဟောသူ အချို့ကြောင့် စိတ်ဝေဒနာခံစားပြီး ကုသမှု ခံယူနေရသူများ ရှိနေသည်ဟု စိတ်ရောဂါကု ဆေးခန်းအချို့မှ စုံစမ်း သိရှိရပါသည်။
အနာဂတ်ကံကြမ္မာနှင့် ပတ်သက်၍ ဗေဒင်ဟောပြောသူ အချို့ဆီသို့ မိမိတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများအား မေးမြန်းမိရာမှ ဟောပြောသူများသည် မည်သည့် အသက်အရွယ်တွင်း အသက် အန္တရာယ် စိုးရိမ်ရပြီး သေကိန်းရောက်ရှိနိုင်သည်အထိ အလွန်အကျွံ ဟောပြောခဲ့မှုကြောင့် စိတ်ရောဂါကုသမှု ခံယူနေရသူ ရှိနေသည်ကို စိတ်ရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ အုန်းမောင်က ပြောကြားခဲ့ပါသည်။
''စိတ်ရောဂါစပြီး ခံစားခဲ့ရတာ ဗေဒင်က အသက် ၆၀ မှာသေမယ်လို့ စဟောခဲ့တုန်းကပါ။ ညတိုင်း အိပ်မပျော်ဖြစ်ခဲ့ပြီး အဲဒီအချိန်ကတည်းက စိတ်ကယောက်ကယက် စတင် ခံစားခဲ့ရတယ်။ ဖြစ်ချင်တော့ သူကသေမယ်လို့ကို အတပ်ဟောပြီး ဘာယတြာမှ လုပ်လို့မရဘူးလို့ ပြောခဲ့တယ်။ ဒါနဲ့ အိပ်မပျော်တဲ့ရက်တွေ များခဲ့ပြီး အခုလို စိတ်ရောဂါကုဆေးခန်းကို ရောက်ခဲ့ရတာပဲ။ အခု အသက် ၆၂ ကျော်သွားပြီ''ဟု မြောက်ဒဂုံမြို့နယ်တွင်းရှိ  စိတ်ရောဂါကု ဆေးခန်းတစ်ခုအတွင်း ဖြစ်စဉ်အား စိတ်ရောဂါကု ဆရာဝန်ကြီးက ပြန်လည် ပြောပြခဲ့ပါသည်။
ယင်းဖြစ်စဉ်နှင့်နည်းတူ မြန်မာပြည်အထက်ပိုင်း မြို့နယ်တစ်ခု၌ နေထိုင်သည့် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားတစ်ဦးက ၎င်း၏ကံကြမ္မာနှင့် ပတ်သက်၍ ဗေဒင်ဟောသူ တစ်ဦးအား မေးမြန်းခဲ့ရာ စာမေးပွဲဖြေဆိုမည့် ရက်အတွင်း၌ သေ ကိန်းရှိသည်ဟု ဟောပြောခဲ့ပြီး မည်သည့် ယတြာမှလုပ်ရန် မမီနိုင်ဟုဆိုကာ ဟောပြောခဲ့မှုကြောင့် အဆိုပါ ကျောင်းသားမှာ စိတ်ရောဂါ စတင် ခံစားခဲ့ရပြီး စာမကျက်နိုင်ခဲ့သည့် ဖြစ်ရပ်လည်း ရှိခဲ့သည်ကို ၎င်းမိသား စုနှင့် နီးစပ်ရာ စိတ်ရောဂါကု ဆရာဝန်ကြီးတစ်ဦးက ပြောပြခဲ့သည်။
''ဗုဒ္ဓဘာသာဝင်စစ်စစ် မြန်မာလူမျိုးတစ်ဦး အနေနဲ့ ကံ၊ကံ၏အကျိုးကို လက်ခံနိုင်ရမှာ ဖြစ်သလို ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ ခံယူထားရင် ပြီးတာပါပဲ။ စိတ်ပညာ ရှုထောင့်အရကြည့်ရင် လူတစ်ဦးရဲ့ အနာဂတ်ကံကြမ္မာကို ဗေဒင်ဟောစားသူတွေ အနေနဲ့ အလွန်အကျွံ မဟောသင့်ပါဘူး။ ဥပါဒန်ကြောင့် ဥပဒ်ရောက်တတ်တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်''ဟု စိတ်ရောဂါအထူးကု အငြိမ်းစားဆရာဝန်ကြီး တစ်ဦးက ပြောကြားခဲ့သည်။
''ဗေဒင်ဆိုတာ အချို့က အများကြီး သက်ဝင်ယုံကြည်မှု မထားသလို အချို့ကြတော့ အရမ်းကို စိတ်ခံစားမှုထားလို့ ဥပဒ်ရောက်တာရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗေဒင်ထက် ကံကိုယုံတာ ကောင်းပါတယ်''ဟု စိတ်ဝေဒနာရှင်၏ ဖခင်က ဆိုသည်။