Pages

Monday, January 10, 2011

နာရေးကူညီမှု အသင်းမှ မျက်စိခွဲစိတ်ကုသဆောင် စတင် ဆောက်လုပ်နေကြောင်း သိရ

PDF Print
လူမျိုးဘာသာမရွေး ဖြစ်ပေါ်သည့် နာရေးကိစ္စရပ်များကို အခမဲ့ လိုက်လံကူညီပေးနေသည့် နာရေးကူညီမှု အသင်းတွင် မျက်စိခွဲစိတ် ကုသဆောင်သစ်ကို စတင် ဆောက်လုပ်လျက် ရှိနေပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း အဆိုပါ အသင်းမှ စုံစမ်း သိရှိရပါသည်။
နာရေးကူညီမှု အသင်းမှ နာရေးကိစ္စရပ်များအား ကူညီပေးနေသည့် အပြင် ၂၀၀၇ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်ကာ မကျန်းမာသူများအား အခမဲ့ ဆေးဝါးကုသပေးနိုင်ရန် သုခ ကုသိုလ်ဖြစ် ဆေးခန်းကို ထပ်မံ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယင်း အပြင် ယခု လက်ရှိတွင်လည်း အဆိုပါ အသင်း၌ပင် မျက်စိခွဲစိတ် ကုသပေးနိုင်ရန် အတွက် မျက်စိခွဲစိတ် ကုသဆောင်ကို ဆောက်လုပ်နေပြီ ဖြစ်ရာ ယင်းအဆောက်အဦ ပြီးစီးသွားပါက မျက်စိရောဂါ စမ်းသပ်ပေးမှုများသာမက ခွဲစိတ်ကုသပေး မှုများကိုပါ ပြုလုပ်ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
''မျက်စိ ခွဲစိတ်ကုသဆောင်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖွင့်လှစ်နိုင်ဖို့တော့ စီစဉ်ထားပါတယ်။ ဒီအတွက် အဆောက်အဦကိုတော့ အခု ဆောက်နေတုန်းပါပဲ။ အခု လက်ရှိ ဆေးခန်းမှာ လာပြကြတဲ့ မျက်စိဝေဒနာရှင်တွေကိုတော့ ခွဲစိတ် ဖို့ လိုအပ်ရင် မျက်စိတစ်ဖက်ကို ကျပ်သုံးသောင်း အကုန်ကျခံပြီး သက်ဆိုင်ရာ ဆေးရုံမှာ ကုပေးပါတယ်။ ခွဲစိတ်ကုသဆောင် ပြီးသွားရင် ခွဲစိတ်ဖို့ လိုအပ်တဲ့ မျက်စိဝေဒနာရှင်တွေကို ဒီမှာပဲ ခွဲစိတ်ကုသခိုင်းမှာပါ''ဟု ယင်းအသင်းမှ တာဝန်ရှိသူ တစ် ဦးက ရှင်းပြပါသည်။