Pages

Wednesday, January 26, 2011

ဘယ်လ်ဂျီယမ်တွင် အစိုးရဖွဲ့ရန် ပြည်သူများက နိုင်ငံရေးသမားများကို ဆန္ဒပြ တောင်းဆို

ဘယ်လ်ဂျီယမ်တွင် အစိုးရဖွဲ့ရန် ပြည်သူများက နိုင်ငံရေးသမားများကို ဆန္ဒပြ တောင်းဆို
AddThis Social Bookmark Button
b34414
အစိုးရဖွဲ့ရန်အတွက် ဘရပ်ဆဲလ်မြို့တွင် လူထောင်ပေါင်းများစွာက ဇန်န၀ါရီ ၂၃ ရက်တွင် ချီတက် ဆန္ဒပြနေစဉ်
ကမ္ဘာတစ်လွှားတွင် အစိုးရ ပြုတ်ကျရေး ဆန္ဒပြမှုများ ဖြစ်ပွားနေသော်လည်း ဘယ်ဂျီယမ်နိုင်ငံတွင် ယခုနှစ်အတွင်း အထူးခြားဆုံး ဆန္ဒပြမှုအဖြစ် အစိုးရတစ်ရပ် ဖြစ်မြောက်အောင် ဖွဲ့စည်းကြရန် ပြည်သူ ၃၀၀၀၀ ကျော်က နိုင်ငံရေးသမားများကို ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။
ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ဘယ်လ်ဂျီယမ်မြို့တော် ဘရပ်ဆဲလ်၌ ကျောင်းသားများက စတင်ဆန္ဒပြရာမှ အခြားအဖွဲ့များနှင့်ပါ ပူးပေါင်းခဲ့ကြပြီး ''အစိုးရ မရှိသည့် နိုင်ငံကြီး၊ ရှက်ဖွယ်''ဟု ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။ ရွေးကောက်ပွဲအပြီး ခုနစ်လ ကြာ အစိုးရမဖွဲ့နိုင်ဘဲ ဖြစ်နေသည့် ဘယ်ဂျီယမ်သည် ဒတ်ခ်ျစကားပြောသူ များနေသည့် မြောက်ပိုင်းနှင့် ပြင်သစ်စကားပြောသူ များနေသည့် တောင်ပိုင်းဟူ၍ နှစ်ပိုင်းကွဲသွားမည်ကို စိုးရိမ်မှုမှာ ပိုမို မြင့်တက်လာလျက် ရှိသည်။ ဥရောပ သမိုင်းတစ်လျှောက်တွင် နယ်သာလန်နိုင်ငံက ၁၉၇၇ ခုနှစ်က တင်ထားခဲ့သည့် အစိုးရမဖွဲ့နိုင်သည့် အချိန်ကြာဆုံး စံချိန်ကို ဘယ်ဂျီယမ်က စံချိန်ချိုးလိုက်ပြီ ဖြစ်သည်။ အီရတ်နိုင်ငံက တင်ထားသည့် အစိုးရမဖွဲ့နိုင်သည့် အချိန်အ ကြာဆုံး ကမ္ဘာ့စံချိန်ကိုပင် ချိုးတော့မည်ဟု ၀က်ဘ်ဆိုက်တစ်ခုက လှောင်ပြောင် ဖော်ပြနေသည်။
လူ ၁၀ သန်းသာ ရှိသည့် နိုင်ငံငယ်အတွက် အစိုးရ မဖွဲ့နိုင်ခြင်းသည် လူများစု၏ နေ့စဉ်ဘ၀အပေါ်တွင်မူ အကြီးအကျယ် သက်ရောက်ခြင်း မရှိသေးဘဲ ဒေသဆိုင်ရာအဆင့် အုပ်ချုပ်ရေးများ ကောင်းမွန်သောကြောင့် ပုံမှန် လည်ပတ်နေသည်။ သို့ ရာတွင် ဘဏ္ဍာရေး ဈေးကွက်မှာ အခြေအနေ ယိုင်နဲ့လာနေပြီး အစိုးရ ကြွေးမြီမှာ ထိုးတက်နေသည်။
ဇွန်လအတွင်းက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဘာ့သ်ဒီဝီဗာ၏ ဖလီးမစ်ရှ်နေရှင်နယ်လစ်ပါတီသည် နိုင်ငံမြောက်ပိုင်းတွင် အနိုင်ရခဲ့ပြီး တောင်ပိုင်း ပြင်သစ်စကားပြော ၀ါလိုးနီးယားနယ်တွင် ဆိုရှယ်လစ်များ အနိုင်ရခဲ့သည်။ ဘယ်ဂျီယမ် စနစ်အရ မဲပေးရာတွင် ဒေသအလိုက် ၀င်ပြိုင်ခွင့်ရှိသည့် ပါတီများ မတူညီပေ။ မြောက်ပိုင်းသားတို့သည် ၎င်းတို့ဒေသတွင် စီးပွားရေး အပါအ၀င် ကိစ္စများ၌ အာဏာပိုရလိုနေကြပြီး ၀ါလိုနီးယားနယ်သို့ အရှုံးခံ စိုက်ပေးနေရသည်များကို ကန့်သတ်လိုနေကြ သည်။ ဒတ်ခ်ျစကားပြော မြောက်ပိုင်းသည် ယခုအချိန်တွင် ပိုမိုသာယာဝပြောသော အရပ် ဖြစ်နေပြီး တစ်ချိန် က တောင်ပိုင်း ပြင်သစ်စကားပြော သူတို့ လွှမ်းမိုးစဉ်တွင် ဖိနှိပ်ခံခဲ့ရသည်ဟု နာကြည်းမှု ရှိနေခဲ့ရာ ယခုအချိန်တွင် ခွဲထွက်ပြီး သီးခြားနေလိုသည့် အခြေအနေတွင် ရှိသည်။ အနိုင်ရသည့် ပါတီကလည်း ခွဲထွက်ရေးကို လိုလားရာ တောင်ပိုင်းပါတီတို့နှင့် ပူးပေါင်း ညွန့်ပေါင်းဖွဲ့ရန် အဆင်မပြေ ဖြစ်နေခြင်း ဖြစ်သည်။