Pages

Monday, January 31, 2011

Snow တွေကြားက နယူးယောက်တွင် စစ်ခွေးတွေ ရဲ့  လွတ်တော်ခေါ်ယူမှုကို ကန့် ကွက်ဆန္ဒပြ

ယမန်နေ့ တွင် နယူးယောက်က Snow တွေကြားထဲ အအေးဒဏ်ကို ကြံကြံခံရင်ဆိုင်ပြီး မြန်မာ့ အရေးတက်ကြွ သူများကစစ်ခွေးတွေ ရဲ့  လွတ်တော်ခေါ်ယူမှုကို ကန့် ကွက်ဆန္ဒပြ ခဲ့ ပါသည်။

မြန်မာစစ်အာဏာရှင်အလိုကျ လွှတ်တော်အား ကန့်ကွက်ရှုံ့ချတဲ့ ဆန္ဒပြပွဲတရပ်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အရှေ့ ၇၇ လမ်း ၊ အမှတ် ၁၀ ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာစစ်အစိုးရသံရုံးရှေ့တွင် ၂၀၁၁ ဇန်န၀ါရီ ၃၀ ရက် (တနင်္ဂနွေနေ့) နေ့လည် ၂ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။

ထို ဆန္ဒပြပွဲနဲ့ ပတ်သက်တဲ့ သဘောထားများကိုတော့ စီစဉ်သူတဦးဖြစ်သူ ဦးနေတင်မြင့်က “ကျွန်တော်တို့ ဒီနေ့ ဇန်န၀ါရီ ၂၉ ရက်နေ့မှာ နယူးယောက်မှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေ စုပေါင်းပြီးတော့ ဆိုးရွားလှတဲ့ ရာသီဥတုကို အံတုပြီး ကုလဆိုင်ရာ မြန်မာစစ်အာဏာရှင်သံရုံးကို အင်အား ၅၀ လောက် လာရောက် စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရခြင်းအကြောင်းရင်း ၂ ချက်အနက် ပထမအချက်ကတော့ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ ကျင်းပမယ့် စစ်အာဏာရှင်အလိုကျ လွှတ်တော်ကို ကန့်ကွက်ခြင်း ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒ မပါဘဲ တဖက်သတ် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မဲလိမ်မှု၊ မသမာမှုပေါင်းစုံလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်အရ စစ်အာဏာရှင် လွှတ်တော်ကို ကျွန်တော်တို့တွေက ပြတ်ပြတ်သားသား ကန့်ကွက် ဆန့်ကျင် ရှုံ့ချခြင်း ဖြစ်တယ်။ ဒုတိယအချက်ကတော့ ၁၉၉၁ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ စုစည်းညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီးကို ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေက ကြိုဆို ထောက်ခံတယ်။ စိတ်ခွန်အား၊ လူအင်အားနဲ့ ကူညီပံ့ပိုးပေးမယ့်အကြောင်းကို ပြသတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ လှုပ်ရှားမှုဟာ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဆက်လက်ပြီးတော့လည်း လွှတ်တော်က ပေါ်ထွက်လာမယ့် အုပ်ချုပ်မှု၊ ဥပဒေပြုမှု၊ တရားစီရင်မှုအာဏာတွေရဲ့ ရလဒ်တွေကိုလည်း ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန်အစိုးရ အပါအ၀င် နိုင်ငံတကာအစိုးရတွေက အသိအမှတ် မပြုဘို့၊ ဒ့ါအပြင် ကုလသမဂ္ဂမှာ ရှိနေတဲ့ မြန်မာစစ်အစိုးရရဲ့ ကုလားထိုင်အား ဖယ်ရှားရေးကိုလည်း အမေရိကန်အစိုးရကို ဆက်လက် တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ လူထုကြီးရဲ့ ရင်ထဲ အသဲထဲက မဲတပြားနဲ့ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကိုလည်း ကျွန်တော်တို့က ဆက်လက် ကိုင်စွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လို့ ပြောကြားသွားခဲ့ပါတယ်။