Pages

Wednesday, February 23, 2011

လစ်ဗျား ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှု ရပ်ဖို့ နိုင်ငံတကာ ၀င်မည်ဟု အိုဘားမားပြော


E-mail Print PDF
လစ်ဗျား ဆန္ဒပြသူများအပေါ် ကဒါဖီရဲ့ အကြမ်းဖက် တုံ့ပြန်မှုများကို အပြင်းအထန် ရှုတ်ချကြောင်းနဲ့ နိုင်ငံ တကာမှ စုပေါင်း အရေးယူဖို့ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း အမေရိကန် သမ္မတအိုဘားမားက
ကြေငြာလိုက်သည်။
အိုဘားမားက မတည်မငြိမ်ဖြစ်နေတဲ့ လစ်ဗျားကို တိုက်ရိုက်ရည်ညွှန်းတဲ့ ကြေငြာချက်ထုတ်ပြီး “ကဒါဖီ ရဲ့ တရားလွန် ထင်ရာစိုင်းနေတာတွေ၊  လူထု သွေးချောင်းစီးအောင် လုပ်နေတာတွေကို လုံးဝ လက်မခံနိုင်ဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လစ်ဗျားပြည်သူတွေကို ပစ်ခတ်နှိပ်နင်းဖို့ ဗုံးကြဲဖို့ အမိန့်ပေးတာ ခြိမ်းခြောက်တာတွေကိုလည်း လုံးဝ လက်မခံနိုင်ဘူး။ ဒီအပြုအမူတွေက နိုင်ငံတကာစံနှုန်းတွေ ယဉ်ကျေးတဲ့ လူအသိုင်းအ၀ိုင်းတိုင်းရဲ့ စံနှုန်းတွေကို ချိုးဖောက်နေတာ ဖြစ်တယ်။ အကြမ်းဖက်မှုကို ချက်ချင်းရပ်တော့၊ တကမ္ဘာလုံး စောင့်ကြည့်နေတယ်” ဟု ပြင်းပြင်းထန်ထန် ပြောဆိုလိုက်သည်။
အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မှာ မကြာခင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကို သွားတက်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုကောင်စီက ကုလသမဂ္ဂ လူ့အခွင့်အရေး လုပ်ငန်း အစိတ်အပိုင်းဖြစ်ပြီး၊ လစ်ဗျား ပြဿနာ ၀င်ဖြေရှင်းဖို့ ဆုံးဖြတ်ကြမည် ဖြစ်သည်။
အမေရိကန်အစိုးရက နိုင်ငံစုံ ပူးပေါင်းပါဝင်မှုဖြင့် အရေးယူသွားမှာ ဖြစ်ပြီး “ယခုလို လူသားထုအပေါ် အကြမ်းဖက် ရာဇ၀တ်မှုကျူးလွန် နေတဲ့ အခြေအနေမျိုးမှာ ကမ္ဘာ့ တိုင်းပြည်များနဲ့ နိုင်ငံသားများက တစ်သံထဲထွက် လုပ်ဆောင်ကြဖို့ အရေးကြီးတယ်” လို့ အိုဘားမားက ပြောခဲ့သည်။ လစ်ဗျားရှိ အမေရိကန်နိုင်ငံသား ၅၀၀ ကျော်နဲ့ သူတို့ မိသားစုများ ထရီပိုလီ လေဆိပ်ကနေ ချက်ချင်းထွက်နိုင်ဖို့လည်း စီစဉ်နေပြီဟု လည်း ပြောဆိုခဲ့သည်။
ယခု ဆန္ဒပြသူများက တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ထားလိုက်ပြီး၊ ကြည်းတပ် လေတပ် ခေါင်းဆောင်ပိုင်း အချို့က ဆန္ဒပြ သူများနဲ့ ပူးပေါင်းလိုက်သည်။ လစ်ဗျား အိမ်နီးချင်း နိုင်ငံများမှ ကြေးစား စစ်သားများကလည်း ဆန္ဒပြသူများဘက်မှ ကူညီဖို့ လစ်ဗျားနိုင်ငံအနှံ ရောက်ရှိနေကြသည်။ အထီးကျန် မွမ်မာ ကဒါဖီရဲ့ ဆွစ်ဘဏ်မှ ငွေကြေး ပိုင်ဆိုင်မှု စာရင်းများ ကိုလည်း ပိတ်ပစ်ဖို့ အမေရိကန်အစိုးရက ပြောဆိုလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း “ကဒါဖီနဲ့ လစ်ဗျားအစိုးရက ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေကို တာဝန်ယူရမယ်၊ အခု နိုင်ငံတကာအသိုင်းအ၀ိုင်းက အတူတကွ ဆောင်ရွက်ကြတော့မယ့် အချိန်ရောက်ပြီ” ဟု သတင်း ထောက်များကို ပြောဆိုခဲ့သည်။
မောက္ခနိုင်ငံတကာသတင်း Source: Aljazeera & BBC