Pages

Sunday, May 1, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုဌာနချုပ်က မေလ (၁)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့အတွက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင်း အမြဲတမ်းအလုပ်သမားအကျိုး ကာကွယ်စောင့်ရှောက်သွားမည့် နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံးအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ကြေညာချက်တွင် မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ ကာယလုပ်သား၊ ဉာဏလုပ်သား၊ အလုပ်သမားလူတန်းစား ပေါင်းစုံတို့ ခံစားနေကြရသော မတရားမှုများ အချိန်ပိုခိုင်းစေခြင်း၊ အခကြေးငွေများ ခေါင်းပုံဖြတ် အမြတ်ကြီးစားခြင်း အစရှိသောနစ်နာချက်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် လက်ခံထားသော (ILO) ပြဌာန်းချက်များနှင့်အညီ အခြေခံအလုပ်သမားအစည်းအရုံးများ အလုပ်ဌာနအလိုက်ဖွဲ့စည်း၍ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ် (Trades Union Congress) ဖွဲ့စည်းတည်ထောင်ပြီး အမြဲတမ်း အလုပ်သမားအကျိုး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ကြေညာခြင်းဖြစ်သည်။
အဆိုပါ ကြေညာချက်ကို ကြေညာချက်အမှတ် ၈/၀၅/၁၁ ဖြင့် ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်တွင် ယခုအခါ ပြည်ထောင်စု မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းလာခြင်း၊ ယင်းအခြေခံဥပဒေအရ လွှတ်တော်များ ပေါ်ပေါက်ခဲ့ခြင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရပေါ်ပေါက်ခဲ့ခြင်း၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများ ပေါ်ပေါက်လာခဲ့ခြင်း၊ သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းများအရ ဒီမိုကရေစီအသွင်ကူးပြောင်းကာလဖြစ်ခြင်း အခြေခံလူတန်းစား အလုပ်သမားနှင့် တောင်သူလယ်သမားများ အခွင့်အရေးများ အတတ်နိုင်ဆုံး ဆောင်ရွက်မည်ဟု ဆိုသည်များကြောင့် ယခင်အလုပ်သမား လယ်သမားများ ရပိုင်ခွင့်ရှိပြီးသား အခွင့်အရေးများကို ပြန်ရရှိစေမည်ဟု နားလည်သဘောပေါက်၍ လည်းကောင်း (ILO) ကလည်း ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်စဉ်က လက်ခံဆောင်ရွက် အကောင်အထည်ဖော်ခဲ့ပြီးသော ပြဌာန်းချက်များအတိုင်း ထိထိရောက်ရောက် လုပ်ငန်းဖော်ဆောင်စေရန် မြန်မာနိုင်ငံအစိုးရကို (ILO) အစည်းအဝေးများ၊ ကော်မတီများနှင့် အစိုးရဌာနများက ဖိအားပေးတိုက်တွန်းရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
အလုပ်သမားလူတန်းစားသည် ကမ္ဘာပေါ်တွင် အထင်ကရနှင့် ထာဝရ လူတန်းစားတရပ်ဖြစ်ပေသည်ဟု ကြေညာချက်တွင် အစချီဖော်ပြပြီး ဥရောပနိုင်ငံများတွင် (၁၇)ရာစု၊ (၁၈)ရာစု၊ (၁၉)ရာစုများ၌ စက်မှုတော်လှန်ရေး၊ ဒီမိုကရေစီတော်လှန်ရေး၊ အလုပ်သမားလူတန်းစားတော်လှန်ရေးများတွင် အတူယှဉ်တွဲပါဝင်ခဲ့ခြင်းကြောင့် အလုပ်သမားလူတန်းစားများ အလုပ်ချိန်သတ်မှတ်ခြင်း လုပ်ခကြေးငွေများ သတ်မှတ်ခြင်းရရှိပြီး ၁၈၉၀ ခုနှစ် မလေ (၁) ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့ (May Day) အဖြစ် သက်မှတ်ခြင်းခံရကြောင်း ဖော်ပြထားသည်။
ထို့နောက် ပထမ ကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ် နိုင်ငံပေါင်းချုပ်အသင်းကြီးကပင် အလုပ်ရှင်အလုပ်သမား ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာအစိုးရကိုယ်စားလှယ် အလုပ်ရှင်ကိုယ်စားလှယ် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)အဖွဲ့ကို ထာဝရ ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်းနှင့် ဒုတိယကမ္ဘာစစ်ပြီး ၁၉၄၄ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်ပေါက်လာသည့်အခါ (ILO)အဖွဲ့သည် ကုလသမဂ္ဂ၏ သီးသန့်အဖွဲ့ဖြစ်လာပြီး ယင်းအဖွဲ့က အလုပ်သမားပဋိပက္ခများ ဖြေရှင်းနိုင်ရန် ပဋိညာဉ် (၁၄၃) ခု ပြဌာန်းချမှန်ခဲ့ကြောင်း အသေးစိပ်ရေးသားထားသည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဖ.ဆ.ပ.လ အစိုးရလက်ထက် (ILO) အဖွဲ့၏ ပဋိညာဉ်ပြဌာန်းချက်များအနက် ပဋိညာဉ် ပြဌာန်းချက် (၁၉) ခုကို လက်ခံခဲ့ပြီး ယင်းပြဌာန်းချက်များ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းဆိုင်ရာ ဥပဒေပေါင်း (၃၀)ကို ပါလီမန်၌ ဥပဒေအဖြစ် ပြဌာန်း၍ လွတ်လပ်သော အလုပ်သမား အစည်းအရုံးများဖွဲ့စည်းကာ အလုပ်သမားပြဿနာများ အေးချမ်းချောမွေ့စွာ ဖြေရှင်းနိုင်ခဲ့ပုံကို ဆက်လက်ဖော်ပြထားသည်။
၁၉၆၂ ခုနှစ် မြန်မာနိုင်ငံအား စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်သမားများအတွက် ပြဌာန်းထားသော အက်ဥပဒေများကို အသက်မဝင်နိုင်အောင် ၁၉၆၄ ခုနှစ် ပြည်သူ့အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်များနှင့် တာဝန်များ ဥပဒေပြဌာန်းကာ ရရှိပြီးသော အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးစေခဲ့ကြောင်းနှင့် ယခင်ရှိပြီးသား အလုပ်သမားအခွင့်အရေး ဥပဒေများ ပျက်ပြယ်သွားခြင်းမဟုတ်ဘဲ ၁၉၄၆ ခုနှစ် အာဏာသိမ်းစစ်တပ်ပြဌာန်းသည့် ဥပဒေလက်အောက်ရောက်သွားခြင်းသာ ဖြစ်ကြောင်း ရေးသားထားသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားပဋိညာဉ်များ လက်မှတ်ထိုးဆောင်ရွက်ခဲ့ခြင်းများကို ဥပက္ခာပြု၍ အလုပ်သမားများအပေါ် ချုပ်ချယ်မှုများအား လေ့လာစုံစမ်းမှုသာရှိပြီး ထိရောက်စွာ အရေးယူမှုမရှိဘဲ ပြဌာန်းချက် (၂၉) အရ အဓမ္မလုပ်အားပေးစေခိုင်းခြင်း၊ ကလေးစစ်သားများ ခေါ်ဆောင်ခြင်းကိစ္စကိုသာ တာဆီးအရေးယူနိုင်ရန် မြန်မာနိုင်ငံတွင်း (ILO) ဆက်သွယ်ရေးရုံးခန်းကို ၂၀၀၂ ခုနှစ် မေလမှ စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး နှစ်စဉ်အစိုးရနှင့် ယင်းကိစ္စကို တနှစ်တခါ သက်တမ်းတိုးဆောင်ရွက်နေခြင်းသာရှိပြီး မြန်မာနိုင်ငံက လက်ခံခဲ့သော ပြဌာန်းချက်များကို လိုက်နာစေရန် (ILO) က ဖိအားပေးမှုများ အားနည်းခဲ့ကြောင်းနှင့် တနှစ်တခါ (ILO) ညီလာခံကျင်းပရာတွင်လည်း မြန်မာနိုင်ငံက အလုပ်သမားအဖွဲ့မရှိ၍ အလုပ်သမားကိုယ်စားလှယ်များလည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်းကိုလည်း ထောက်ပြထားသည်။