Pages

Sunday, May 22, 2011

အိုဘားမားက ပြောကြားခဲ့မှုကို နေတန်ယာဟုက ပယ်ချခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် အစ္စရေးအကြား သဘောကွဲလွဲမှု နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်ရန် စတင်



PDF Print
Monday, 23 May 2011 00:38
AddThis Social Bookmark Button

w63426
ဆီးရီးယားနှင့် နယ်စပ်အနီးကို အစ္စရေးစစ်သားများ စောင့်ကြည့် စစ်ဆေးနေစဉ်

w63427
အိုဘားမား(ယာ)နှင့် နေတန်ယာဟု(၀ဲ)
အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကမြောက်ပိုင်းဆိုင်ရာ မိန့်ခွန်းတွင် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးနှင့် ပတ်သက်၍ အိုဘားမား၏ အမြင်ကို နေတန်ယာဟုက ပယ်ချခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦးအကြား သဘောကွဲလွဲမှု ရှိနေသည် ဆိုခြင်းကိုမူ အစ္စရေးဝန်ကြီးချုပ်က မေ ၂၁ ရက်တွင် ငြင်းဆန်ခဲ့သည်။
အနာဂတ် ပါလက်စတိုင်းနိုင်ငံသည် ၁၉၆၇ ခုနှစ် စစ်ပွဲမတိုင်မီက အတိုင်း ဖြစ်သင့်ပြီး ပါလက်စတိုင်း နယ်နိမိတ်သည် အစ္စရေး၊ ဂျော်ဒန်၊ အီဂျစ်တို့နှင့် ထိစပ်နေရမည်ဟု အိုဘားမားက ပြောကြားခဲ့မှုကို နေတန်ယာဟုက ပယ်ချခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် အစ္စရေးအကြား သဘောကွဲလွဲမှု နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်ရန် စတင်သည့် လက္ခဏာ ဖြစ်နိုင်သည်ဟု သုံးသပ်မှု ရှိနေသည်။ စစ်ပွဲမတိုင်မီက ရှိခဲ့သော နယ်နိမိတ်စည်းများအထိ အစ္စရေးတို့က မရွှေ့ပေးနိုင်ကြောင်း၊ အစ္စရေးကို ဆန့်ကျင်သော ဟားမားစ် စစ်သွေးကြွအဖွဲ့ ပါဝင်သည့် ပါလက်စတိုင်း အစိုးရနှင့် စေ့စပ်ညှိနှိုင်းမည် မဟုတ်ကြောင်း၊ ၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံ ထူထောင်စဉ် အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ပါလက်စတိုင်း သန်းပေါင်းများစွာကို အစ္စရေးရှိ ၎င်းတို့၏ နေအိမ်များသို့ ပြန်လာခြင်းကို လက်မခံကြောင်း စသည်တို့နှင့် ပတ်သက်သော အစ္စရေး ရပ်တည်ချက်သည် မပြောင်းမလဲ ရှိကြောင်း နေတန်ယာဟု က မေ ၂၁ ရက်တွင် ပြောကြားသည်။
အိုဘားမားသည် ၀ါရှင်တန်တွင် လွှတ်တော်၌ အစ္စရေးထောက်ခံသောအဖွဲ့ AIPAC ကို မိန့်ခွန်းပြောကြားရန် ရှိရာ ကိုယ်စားလှယ် အဖွဲ့ဝင် အချို့၏ အေးတိအေးစက် တုံ့ပြန်မှု ကြုံရနိုင်သည်။ ''အမြင်ကွဲလွဲမှုတွေ ရှိတာတော့ မှန်တယ်။ ဒါပေမဲ့ မိတ်ဆွေတွေကြားမှာ ဖြစ်တတ်တဲ့ သဘောပါ''ဟု နေတန်ယာဟု ပြောကြားချက်ကို ကိုးကား၍ ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
အိုဘားမား၏ မိန့်ခွန်းသည် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် လုံလောက်မှု ရှိ မရှိကို ပါလက်စတိုင်းက ထုတ်ပြန်ခြင်း မရှိသေးပေ။ စက်တင်ဘာလတွင် ကုလသမဂ္ဂ အသိအမှတ်ပြုမှု ရအောင်ယူပြီး တစ်ဦးတည်း သဘောဖြင့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် ကြိုးပမ်းနေရာ ယင်းကြိုးပမ်းချက်ကို အမေရိကန်နှင့် အစ္စရေး က ကန့်ကွက်ထားသည်။ အိမ်ရာတိုးချဲ့မှုကိစ္စနှင့် ပတ်သက်ပြီး အစ္စရေးနှင့် ပါလက်စတိုင်းအကြား သဘောတူညီချက်လည်း မရရှိသောကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ရပ်ဆိုင်းထားရသည်။