Pages

Sunday, May 29, 2011

ရုရှားကဒါဖီ ကို Goodbye လို့ ပြောပြီးနောက် ကဒါဖီဘက်မှ ရပ်တည်သူမရှိ ဖြစ်သွား


PDF Print
Sunday, 29 May 2011 21:14
AddThis Social Bookmark Button
w63511
w63510အာရပ်ပြည်သူများ၏ နိုးထမှုအပေါ် ထောက်ခံ ကူညီသွားရန် ဂျီ-၈ ခေါင်းဆောင်များသည် မေလ ၂၇ ရက်နေ့တွင် သဘောတူညီနိုင်ခဲ့ကြောင်း သိရသည်။
အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ဂျာမနီ၊ ဂျပန်၊ ပြင်သစ်၊ ကနေဒါ၊ အီတလီနိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်ကြသည့် ဂျီ-၈ ထိပ်သီးဆွေးနွေးပွဲကို မေလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ တို့တွင် ပြင်သစ်နိုင်ငံ ဒျူးဗီလီတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ကဒါဖီကို ဖယ်ရှားရေးတွင် စစ်ရေးအရ ပြင်သစ်နှင့်ဗြိတိန်တို့က စစ်ဆင်ရေးတွင် ကဏ္ဍသစ်များ ဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်ခဲ့ကြသလို သံတမန်ရေးတွင်လည်း ရုရှားက ကဒါဖီ ဆင်းပေးရေး တောင်းဆိုမှုများတွင် ပါဝင်လာခဲ့သည်။
''ကမ္ဘာ့အသိုင်းအ၀ိုင်းက သူ့ကို လစ်ဗျား ခေါင်းဆောင်လို့ မမြင်ကြတော့ပါဘူး''ဟု ရုရှားသမ္မတ မက်ဗီဒက်က ပြောကြားခဲ့ပြီး ကဒါဖီ ထွက်ခွာသွားခြင်းသည် သူ့ပြည်သူများအတွက် အသုံးဝင်လိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။
''ကဒါဖီနှင့်လစ်ဗျား အစိုးရသည် လစ်ဗျား ပြည်သူတို့ကို ကာကွယ်ရန် တာဝန် ပျက်ကွက်ခဲ့ခြင်းနှင့်အတူ တရားဝင်မှု အားလုံးကို ဆုံးရှုံးသွားပြီ ဖြစ်သည်။ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ဖြစ်လာမည့် လစ်ဗျားတွင် သူ့အတွက် အနာဂတ်ရှိမည် မဟုတ်တော့။ ကဒါဖီ ထွက်ခွာသွားရမည်''ဟု  ဂျီ-၈ ခေါင်းဆောင်များ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ကဒါဖီ အတွက် နောက်ဆုံး သံတမန်ရေး မျှော်လင့်ချက် ရုရှားကိုပါ ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။
ဆီးရီးယား အရေးတွင်မူ ရုရှား၏ ရပ်တည်ချက်မှာ ကျန်နိုင်ငံများနှင့် ကွဲပြားနေဆဲ ဖြစ်ပြီး ဆီးရီးယား၏ အင်အားသုံး ဖိနှိပ်မှုများကို လုံခြုံရေးကောင်စီတင်ကာ ဆွေးနွေးဆုံးဖြတ်မည် ဟူသော အချက်မှာ ရုရှားကန့်ကွက်မှုကြောင့် ကြေညာချက်တွင် မထည့်သွင်းနိုင်ဘဲ ဖယ်ရှားပေးခဲ့ရသည်။
သို့ရာတွင် ဆီးရီးယား ခေါင်းဆောင်ပိုင်းက ပြည်သူများ အပေါ် အင်အားသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ရပ်တန့်ရန် တောင်းဆိုချက်ကိုမူ ကြေညာချက်တွင် ထည့်သွင်းနိုင်ခဲ့သည်။ ကြေညာချက်တွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အစီအစဉ်ကို အင်တိုက်အားတိုက် ထောက်ခံကြောင်းလည်း ဖော်ပြထားသည်။
အာရပ်နွေဦး နိုးထမှု၏ ရှေ့ဆောင်နိုင်ငံများ ဖြစ်သော တူနီးရှားနှင့်အီဂျစ်ကို ဘဏ္ဍာရေး အကူအညီများ ပေးအပ်ရန်လည်း ဂျီ-၈ ခေါင်းဆောင်များ သဘောတူညီခဲ့ကြသည်။ အာရပ်နိုင်ငံများ ဒီမိုကရေစီ အရေးနှင့် ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ ၄၀ ဘီလျံ အထိ အကူအညီနှင့် ချေးငွေများ ပေးသွားရန် သဘောတူညီခဲ့သည်။ လာမည့်နှစ် နှစ်လယ်တွင် အီဂျစ်ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလျံမှ ၁၂ ဘီလျံ အထိ အကူအညီပေးရန်၊ တူနီးရှားကို လာမည့် ငါးနှစ်အတွင်း၂၅ ဘီလျံ အထိ ကူညီပေးရန် သဘောတူညီခဲ့ကြသည်။
ရုရှားသမ္မတ မက်ဗီဒက်က နိုင်ငံ၏ အာဖရိကရေးရာ အကြီးတန်း သံတမန်ကို လစ်ဗျား တိုက်ခိုက်ရေးသမားများ အခြေစိုက် ရာဘင်ဂါဇီသို့ စေလွှတ်ပြီး သံတမန် ဆက်သွယ်ရေး ထူထောင်သွားမည် ဖြစ်သည်။
ဒီမိုကရေစီသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေး၊ တိုးတက်ရေး၊ ဖွံ့ဖြိုးမှု မျှဝေရေးနှင့် ဖွံ့ဖြိုးရေး အတွက် အကောင်းဆုံးလမ်း ဖြစ်သည်ဟု တူနီးရှားနှင့် အီဂျစ် ၀န်ကြီးချုပ်များနှင့် တွေ့ဆုံအပြီးတွင် ဂျီ-၈ ခေါင်းဆောင်များက ကြေညာခဲ့ကြသည်။
၁၉၇၅ ခုနှစ်တွင် ပြင်သစ်က ဦးဆောင် တည်ထောင်ခဲ့သော ဂျီ-၈ (မူလက ဂျီ-၆ ဖြစ်ပြီး ခြောက်နိုင်ငံသာ ပါဝင်)၏ ယခု ဆွေးနွေးပွဲတွင် ပြင်သစ်သမ္မတ ဆာကော်ဇီသည် ဦးဆောင်သူ အခန်းကဏ္ဍမှ တက်တက်ကြွကြွ ပါဝင်နိုင်ခဲ့ကြောင်းလည်း လေ့လာသူတို့က သုံးသပ်သည်။ 
G8  ROUNDUP
အင်တာနက်ဆိုင်ရာ မူဝါဒနှင့် နျူလုံခြုံရေး
ဂျီ-၈ ခေါင်းဆောင်များသည် အင်တာနက်ဆိုင်ရာ မူဝါဒများ ချမှတ်ရေးတွင် အစိုးရ၏ အခန်းကဏ္ဍကို အကန့်အသတ်ဖြင့်သာ ထားရေးကို ထောက်ခံခဲ့သလို ဂျပန်ဆူနာမီကြောင့် ဖြစ်ခဲ့သော နျူအကျပ်အတည်းကြောင့် နျူလုံခြုံရေး စံသတ်မှတ်ချက်များ အဆင့်မြှင့်သွားရန်လည်း သဘောတူညီခဲ့ကြသည်။
သူတို့ကို မေးပါဆိုသော မက်ဗီဒက်
ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်က ၀န်ကြီးချုပ် ဗလာဒီမာပူတင် သမ္မတနေရာအတွက် ပြန်ဝင်ပြိုင်မည့် ၂၀၁၂ တွင် သူကိုယ်တိုင်ရော ၀င်ပြိုင်မပြိုင် ဆိုခြင်းကို ဂျီ-၈ ခေါင်းဆောင်များက မေးမြန်းခဲ့ကြကြောင်း၊ သူကလည်း အမှန်အတိုင်း ဖြေခဲ့ကြောင်း မီဒီယာများကို ထုတ်ဖော်ပြောခဲ့သည်။ သို့ရာတွင် အဖြေမှာ အဘယ်သို့ ဖြစ်သည် ဆိုခြင်းကို မပြောခဲ့ဘဲ 'ကျွန်တော် လိပ်စာတွေ အများကြီး ပေးနိုင်ပါတယ်။သူတို့သာ မေးကြည့်ပါ'ဟု ဝေ့လည်ကြောင်ပတ် ဖြေသွားခဲ့ပြန်သည်။
ဆာကော်ဇီနှင့်ကင်မရွန်တို့၏ မရေရာသေးသော လစ်ဗျားခရီး
ပြင်သစ်သမ္မတ နီကိုလက်စ်ဆာကော်ဇီက သင့်တော်သော အချိန်ရောက်လျှင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်နှင့်အတူ လစ်ဗျားသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။ ဒေးဗစ်ကင်မရွန်က 'နီကိုလပ်စ်ဆာကော်ဇီဟာ အိုင်ဒီယာကောင်းတွေနဲ့ ပြည့်နေတဲ့သူပါ'ဟုသာ ဖြေသွားခဲ့ခြင်းကြောင့် အတည်ပြုရန် ခက်ခဲသွားရပြန်သည်။
လူတိုင်းသိသော လျှို့ဝှက်ချက် ထင်ရှားပေါ်ပေါက်ခြင်း
နျူစွမ်းအင် အရေးမှသည် အာရပ်နိုးထမှုအထိ ကိစ္စကြီးများအတွက် အတည်ပြုနိုင်ခဲ့သော ဂျီ-၈ တွင် ပြင်သစ်နိုင်ငံ၏ လူတိုင်းသိသော လျှို့ဝှက်ချက် ဖြစ်နေသည့် သမ္မတကတော် ကာလာဘရူနီ ကိုယ်ဝန်ရှိနေခြင်းကိုလည်း ပုံမှန်ထက် သိသိသာသာ လုံးဝန်းနေသော ၀မ်းဗိုက်က အတည်ပြုသွားသည်။ သမ္မတနှင့်သမ္မတကတော် တို့က အမြဲတစေ မဖြေဘဲ ရှောင်လွှဲနေခဲ့သည်။ ဂျီ-၈ သတင်းစာ ရှင်းလင်းပွဲတွင်လည်း ဆာကော်ဇီကို သမ္မတကတော် ကျန်းမာရေးနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ 'သူနေကောင်းပါတယ်။ ခင်ဗျား သူ့အကြောင်း မေးကြောင်း ပြန်ပြောပြလိုက်ပါ့မယ်'ဟု ဟိုမရောက် ဒီမရောက် ဖြေသွားခဲ့ပြန်သည်။