Pages

Sunday, June 5, 2011

အမေရိကန်ဒေါ်လာ ဈေး ဆက်တိုက် ထိုးဆင်းနေသောကြောင့် စစ်ခွေးကြီးတွေ စိတ်ထိခိုက်ဖွယ်ရှိနေ




AddThis Social Bookmark Button
6363a အမေရိကန် ဒေါ်လာဈေး၊ ပြည်ပပို့ကုန်မှရငွေဈေး (earning) များ ဆက်တိုက် ထိုးဆင်းနေသော ကြောင့် ပို့ကုန်လုပ်ငန်းများနှင့်အတူ ၎င်းနှင့်ဆက်စပ်နေသော ထုတ်လုပ်မှု လုပ်ငန်းများ ထိခိုက်ဖွယ် ရှိနေကြောင်း စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်များအရ သိရှိရသည်။
“လတ်တလောမှာ အမေရိကန် ဒေါ်လာဈေး ဆက်တိုက်ကျဆင်း လာတာ၊ ပြည်ပပို့ကုန်ကရငွေ ဈေးကျဆင်းနေတာဟာ ပြည်ပပို့ကုန်သမားတွေ အထိနာစေပါတယ်။ ဒေါ်လာဈေးက အကြီးအကျယ်  depreciation ဖြစ်နေတဲ့အခါမှာ ပို့ကုန်ကိုထိခိုက်သလို သူနဲ့ဆက်စပ်တဲ့ထုတ်လုပ်မှု လုပ်ငန်းထိပါတယ်။ ဥပမာ ပဲဆန်၊  ထုတ်လုပ်မှုပိုင်းတွေ မှာ တောင်သူဆီကိုသွားပြီး ဒီအကျိုးဆက်က ရောက်သွားမယ်။ တောင်သူမှာ အရင်းအနှီး မရှိရင်ထုတ်လုပ်မှုကို ထိခိုက်ပြီး စားသုံးမှုကို ထိခိုက်မှာပါ။ နောက်ပြီး အထည်ချုပ်လို ဟာမျိုးတွေ၊ တချို့စက်ရုံတွေဆိုရင် အလုပ်သမား ၁၇၀၀ လောက်ကနေ ၃၀၀၀၊ ၄၀၀၀ လောက် ထိရှိတယ်။ သေးရင်တော့ ၆၀၀၊ ၇၀၀ လောက် ရှိတယ်။ သူတို့အထိနာမယ်။ နောက်ပြီး အခု ဆန်ဝယ်လှောင်ထားတဲ့သူတွေ ထိမယ်။ ပဲလုပ်ငန်းရှင်၊ ဆန်လုပ်ငန်းရှင်တွေ အခြေအနေက တော်တော်လေးရုန်းရမယ်”ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။
“ပြည်ပပို့ကုန်သမားတွေ မကိုက်တာ တော်တော်ကြာပြီ။ earning က ထပ်ထပ်ကျနေတော့ အလုပ်လုပ်ရတာ မလွယ်၊ တက်လိုက်၊ ကျလိုက်ဆိုရင်တောင် ကံတိုက်လို့ပြောလို့ ရသေးတယ်။ အခုဟာက down trend  ထဲ ရောက်နေတာ ငွေပြန်ဖော်တိုင်း ရုန်းရတယ်”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦး က ပြောပြခဲ့သည်။


ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့ လုပ်ဆောင်နေတဲ့ အထဲမှာ ကုန်သွယ်မှု မူဝါဒတစ်ခုတည်း ပြောင်းလဲလို့မရဘူး။  ငွေကြေးစနစ်၊ ငွေကြေးမူဝါဒပါ ပြောင်းလဲမှ . .

“ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် နိုင်ငံ တော်တော်များများကတော့ source ကို စိတ်ဝင်စားတယ်။ ဘယ် ကငွေနဲ့ ဘယ်သူရင်းနှီးမြှုပ်နှံတာလဲ ဆိုတဲ့ ဇစ်မြစ်ကို လိုက်တတ်ကြတယ်။ ဒါသိမှ သူ့ရဲ့ nature ကိုသိမယ်။ အခုပြည်တွင်းမှာ ဒေါ်လာဈေးတွေ ကျနေတာနဲ့ ပတ်သက်ပြီး အပြင်မှာ ကျလို့ကျတာလား၊ ဘာကြောင့် ကျတာလဲဆိုတာ လူတော်တော်များများ စိတ်ဝင်စားကြပါတယ်။ ဒေါ်လာဈေးက တစ်ကမ္ဘာလုံး လိုက်ကျတာ တွေ့ရသလို ပြည်တွင်းမှာလည်း ရောင်းလိုအားများပြီး ၀ယ်လိုအား နည်းနေတာတွေ့ရတယ်။ နောက်ဆုံးတော့ အ၀င်များရင် ဒီပြဿနာ ရှိပါတယ်”ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောပြခဲ့သည်။
အလားတူပင် ပြည်တွင်းတွင် လက်ရှိဖြစ်နေသော ဒေါ်လာဈေး အပြောင်းအလဲများမှာ အိမ်ခြံမြေ လုပ်ငန်းများမှ တစ်ဆင့် အမေရိကန် ဒေါ်လာသန်းနှင့်ချီ၍ ၀င်ရောက်လာခဲ့သည့် အပေါ်တွင် သက်ရောက်မှု ရှိနေခဲ့ကြောင်း သိရှိရသည်။
6363c “အိမ်ခြံမြေလေလံမှာ တစ်ယောက်တည်း ဒေါ်လာသန်း ၂၀၀ ဖိုး ဆွဲသွားတာ မျိုးရှိတယ်။ ဒါတွေ က ၀င်ငွေရလမ်း ဖော်ပြပြီးသားငွေ တွေလား၊ ပြည်ပ လုပ်ငန်းရှင်တွေက အမည်ခံပြီးဆွဲတာလား၊ ဘယ်သူမှ လည်း မသိဘူး။ အခု အိမ်ခြံမြေက တော်တော်လေး တက်သွားတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ real volume နဲ့ ဖြစ်တာလား။ speculate လုပ်ပြီး တက်တာလား၊ ပုံမှန်မဟုတ်ရင် တန်ပြန်သက်ရောက်မှု ဖြစ်နိုင်တယ်။ လေး၊ ငါးလလောက်တော့ စောင့်ကြည့်ရလိမ့်မယ်”ဟု စီးပွားရေးပညာရှင် တစ်ဦးကလည်း ပြောပြခဲ့သည်။
“တကယ်တော့ ဒီလိုမျိုးငွေကြေး ဈေးကွက်မှာ အပြောင်းအလဲ ဖြစ်တယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆိုင်တယ်လို့ ပြောလို့ရပေမယ့် မြန်မာနိုင်ငံရဲ့ လတ်တလော အနေအထား အရတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ အများကြီး ပတ်သက်လှတယ် မထင်ပါဘူး။ မကြာခင်က real estate market က အရမ်းတိုးတက်သွားတယ်။ အဲဒီ တော့ ဒေါ်လာငွေတွေကို မြန်မာငွေနဲ့ ပြန်ဖော်ပြီး အလုံးအရင်းနဲ့ ၀င်လာတယ်။ ဒါကတစ်ပိုင်း၊ နောက်ပြီး တော့ အိမ်ခြံမြေဈေးကွက်မှာ အခွန် ၁၅ ရာခိုင်နှုန်းစနစ်က မကြာခင် သက်တမ်းကုန်တော့မယ်လို့ မျှော်လင့်နေတယ်။ ဒါတွေ ငွေအပြည့်ချေရတော့မယ်။ နာမည်ပေါက် လုပ်ရတော့မယ်။ ဒါ့အပြင် တခြားငွေတွေ ရှိသေးတယ်။ ကျောက်ပွဲလိုဟာမျိုး က၀င်တာ၊ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ၀င်တာတွေ၊ ပုံစံမျိုးစုံနဲ့ ၀င်ရင်းက အခုလို ဒေါ်လာဈေး ထိုးဆင်းတာလို့ ယူဆပါတယ်။ နောက်ဆုံးတော့ exporter ကိုထိတယ်။ ပြီးရင် သူနဲ့ ဆက်စပ်တဲ့ supply chain တစ်ခု လုံးထိမယ်။ ဒါပါပဲ”ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသော အနေအထားများသည် ထုတ်လုပ်သူ တောင်သူများအပေါ်သို့ ထိခိုက်လာနိုင်ကြောင်း မြန်မာ့လူဦးရေ၏ ၆၇ ရာခိုင်နှုန်းမှာ တောင်သူများဖြစ်သောကြောင့် ၎င်းသက်ရောက်မှုကြောင့် ရရှိလာနိုင်သော အကျိုးဆက်များအတွက် နည်းလမ်းများ ရှာဖွေရန် လိုအပ်လာကြောင်း ပညာရှင်များက သုံးသပ်ကြသည်။
6363b “ဈေးကွက်မှာ ဒေါ်လာဈေးကျတဲ့အတွက် ပြည်တွင်းမှာတင် မဟုတ်ဘူး ပြည်ပမှာလည်း ကျပါတယ်။ အဲဒီအချိန်ကြောင့် ရုတ်တရက် ပြောင်းလဲဖို့တော့ မလွယ်သေးပါဘူး။ ဖြစ်နိုင်တာက export promotion ကို ဘယ်လိုလုပ်မလဲ ဆိုတာနဲ့ အစိုးရ ဘက်ကလည်း ဘာတွေလုပ်ပေးနိုင်လဲဆိုတာ အဖြေရှာဖို့ လိုလာတာ ပါပဲ”ဟု ပါမောက္ခ ဒေါက်တာဒေါ်ရီရီမြင့်က ပြောပြခဲ့သည်။

ကျောက်ပွဲလိုဟာမျိုးက၀င်တာ၊ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ဝင်တာတွေ၊ ပုံစံမျိုးစုံနဲ့ဝင်ရင်းက အခုလိုဒေါ်လာဈေး ထိုးဆင်းတာလို့ ယူဆပါတယ်။ နောက်ဆုံးတော့ exporter ကိုထိတယ်။ ပြီးရင် သူနဲ့ဆက်စပ်တဲ့ supply chain တစ်ခုလုံးထိမယ် ..

မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာငွေတန်ဖိုးမှာ မေလကုန် အထိ အမေရိကန်တစ်ဒေါ်လာလျှင် ၈၂၀-၈၃၀ ကျပ်ဝန်းကျင်တွင် ရှိခဲ့ ပြီး ဇွန်လ ၂ ရက်နေ့မှ စတင်ကာ ကျပ် ၇၈၀ အထိကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ပုဂ္ဂလိက ပို့ကုန်ဈေးကွက်တွင် လယ်ယာထွက် ကုန်၊ စိုက်ပျိုးရေးထွက်ကုန်၊ ရေလုပ်ငန်း ထွက်ကုန်ကဲ့သို့ ပို့ကုန်အမယ် များနှင့် လက်ခစား အပ်ကုန်စနစ်ဖြင့် လုပ်ငန်း လည်ပတ်နေသော အထည်ချုပ်လုပ်ငန်းများမှာ အဓိကကျပြီး အမေရိကန်ဒေါ်လာငွေ တန်ဖိုး ကျဆင်းပါက လုပ်ငန်းများထိခိုက်မှု ဖြစ်ပေါ်စေသည်။
ထို့အတူ မြန်မာနိုင်ငံတွင် နိုင်ငံရပ်ခြားသို့သွားရောက် အလုပ်လုပ်ကိုင်သူ သုံးသန်းကျော်ရှိပြီး နိုင်ငံခြား မှပြန်လည်ပေးပို့သော လုပ်ခလစာ များမှာမူ ငွေမာဈေးများဆက်တိုက် ကျဆင်းနေသည့်အတွက် ငွေပြန်ဖော်ရာတွင် မူလရရှိနေသည့် ပမာဏ နှင့် များစွာ ကွာဟနေသောကြောင့် ၀င်ငွေလည်း လိုက်ပါကျဆင်းနေကာ ပြည်ပတွင် အလုပ်သွားလုပ်သော သူများ၏ မိသားစုများလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
“ဒီမှာရှိတဲ့သူတွေ ဒီဝင်ငွေ ဒီကုန်ဈေးနှုန်းနဲ့ ဘယ်လိုစားသောက် အသက်ရှင်နေသလဲဆိုတာ အံ့သြ စရာပဲ။ ကျွန်တော် ပြန်ရောက်တဲ့ တစ်ပတ်လောက်အတွင်းမှာ ဓာတ်ဆီကစလို့ ကြက်ဥ၊ ဘဲဥ စတာ တွေရဲ့ ဈေးနှုန်းတွေက ကျွန်တော် စင်ကာပူမှာနေတုန်းက ၀ယ်စားရတဲ့ ဈေးနဲ့အတူတူလောက် ဖြစ်နေတာ တွေ့တယ်။ ဒါပေမယ့် စင်ကာပူမှာ အောက်တိန်းက 95 RON ၊ ဒီမှာက သိရသလောက် 92 RON ပဲရှိတယ်။ ကွာလတီမတူပေမယ့် ဈေးက အတူတူပဲ။ ဒီကဈေးထက် စင်ကာပူ ကတောင် သက်သာသေးတယ်။ ဟိုမှာ သူတို့ရောင်းတာတွေက အစားအသောက်တွေကအစ သွင်းကုန် တွေ များတယ်။ ဒါပေမယ့် ဒီမှာက ကိုယ့်နိုင်ငံထွက်တွေကိုပဲ ရောင်းတာပေမယ့် ဈေးမြင့်နေတယ်။ အဲဒါကတော့ စဉ်းစားစရာပဲ”ဟု စင်ကာပူ တွင် သုံးနှစ်ခန့်နေထိုင်ခဲ့သူ အင်ဂျင်နီယာတစ်ဦးက ပြောပြသည်။
“အမေရိကန်ဒေါ်လာဈေး ကျဆင်းရင် အရင်ဆုံးထိခိုက်တာက ပို့ကုန်လုပ်ငန်းတွေပါပဲ။ ၂၀၀၈ ခုနှစ် လောက်ကတည်းက တဖြည်းဖြည်း ကျလာတာပါ။ အခုလိုနှုန်းနဲ့ဆိုရင် လည်ပတ်ဖို့ မလွယ်ပါဘူး။  အခု ဆန်ကို ပြည်ပကိုတင်ပို့ခွင့် ပေးလာပေမယ့် အခုငွေတန်ဖိုးနဲ့ဆို ပို့ဖို့ မလွယ်ပါဘူး။ တခြားနိုင်ငံတွေမှာ လည်း ဒေါ်လာဈေးကျရင် သူတို့ငွေ တန်ဖိုးက တကယ်မာတာဖြစ်ပေမယ့် ဒီမှာက ကျပ်ငွေရှားသလို ဖြစ်နေတာပါ။ လုပ်ငန်းရှင်လက်မှာ လည်းငွေမရှိ၊ ပို့ကုန်ကလည်း ကျဖြစ်နေတဲ့သဘောပါ။ စီးပွားရေးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာပါ။ ပို့ကုန်လုပ်ငန်းတွေထိရင် ကျန်တဲ့ ဈေးကွက်တွေကိုပါ သက်ရောက်ပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားပါသည်။
6363d စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များက မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက် မြင့်တက်လာခြင်း ကို ပုံမှန်မဟုတ်သော အကြောင်းအရာတစ်ခုအဖြစ် ရှုမြင်ထားကြပြီး စီးပွားရေး အသိုင်းအ၀ိုင်း တစ်ခုလုံး အတွက် ထိလွယ်ရှလွယ်သော ကိစ္စရပ်တစ်ခုအဖြစ် သုံးသပ်ကြပါသည်။ ထို့ပြင် မြန်မာကျပ်ငွေတန်ဖိုးမှာ  တစ်စတစ်စ မြင့်တက်လာသော်လည်း စားသုံးသူဈေးနှုန်းညွှန်းကိန်း မှာ ကျဆင်းလာခြင်း မရှိသေးဘဲ မြင့်တက်နေဆဲဖြစ်သည်။ ကျပ်ငွေမြင့် တက်မှုကြောင့် မြန်မာပို့ကုန်ဈေးကွက် ထိခိုက်နေသည့်အပြင် ပြည်တွင်းဈေးကွက်များကိုပါ ဆွဲချသကဲ့သို့ ဖြစ်ပေါ်နေကြောင်း ပညာရှင်များ က ထင်မြင်နေပါသည်။
ပါမောက္ခဒေါ်ရီရီမြင့်က “အမေရိကန်ဒေါ်လာ ငွေဈေးကျဆင်းနေတယ်။ ပြည်ပလုပ်ငန်းတွေ အရင်း အနှီးပမာဏများတဲ့ လုပ်ငန်းတွေ လုပ်ဖို့အတွက် ဒေါ်လာကို ကျပ်ပြောင်းတာမျိုးကြောင့်လည်း ဖြစ်နိုင်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကလည်း ဒီလပိုင်းတွေမှာ အ၀င်များနေတယ်။ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်နေ တာကြောင့် ပို့ကုန်လုပ်ငန်းတွေ အတွက် အခက်အခဲဖြစ်စေတယ်။ ကျပ်ငွေမာနေတာကြောင့် ရတဲ့ပို့ကုန် ၀င်ငွေက တွက်ခြေကိုက်မှာ မဟုတ်ဘူး။ သွင်းကုန်ကလည်း တစ်ချိန် ထက်တစ်ချိန် ကျပ်ငွေဈေးမြင့်မြင့် သွားတဲ့အတွက် ဈေးပြန်ချိန်နေရတယ်။ တခြားဘက်မှာလည်း ပြည်တွင်း အခြေခံကုန်ပစ္စည်း ဈေးနှုန်း တွေမြင့်တက်နေတယ်။  ပို့ကုန်ကျဆင်းရင် ပြည်တွင်းဈေးကွက်အေးမယ်။ အရောင်းအ၀ယ် နည်းသွားမယ်။ ကြာလာတာနဲ့အမျှ တခြား စီးပွားရေးကဏ္ဍတွေကိုပါ ရိုက်ခတ်လာလိမ့်မယ်။ ဒါကြောင့် ပို့ကုန် သမားတွေ ရပ်တည်နိုင်တဲ့ ငွေလဲနှုန်း ထားရှိသင့်တယ်”ဟု ရှင်းပြသည်။
“အခုလိုအချိန်မှာ သွင်းကုန်တွေ ပိုသွင်းနိုင်အောင် လုပ်ပေးသင့်တယ်။ ပြည်သူတွေကို ဖြည့်ဆည်းပေးနိုင် တာတွေ ရှိနေတာပဲ။ ကုန်သွယ်ရေး အတားအဆီးတွေ၊ နယ်စပ်ကိစ္စတချို့ကြောင့် သွင်းကုန်အ၀င်နည်းနေတယ်။ ပို့ကုန်တွေကိုလည်း ငွေကြေး ပံ့ပိုးပေးတာမျိုး လုပ်ပေးသင့်တယ်။ ငွေကြေးဈေးကွက်နဲ့ အရင်းအနှီးဈေး ကွက်ထဲကို ကျပ်ငွေတွေထည့်ဝင် ပေးသင့်တယ်”ဟု စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဦးမော်သန်းက သုံးသပ်ပါသည်။
ပါမောက္ခဒေါ်လှမြင့်ကလည်း “ဆက်တိုက်ကို ဒေါ်လာဈေးက ကျလာတယ်။ အဲဒီတော့ မှန်းဆရ မလွယ်ဘူး၊ ဖြစ်ရင် ထိခိုက်ရင် ပိုနာနိုင်တယ်။ ပြည်တွင်းဈေးကွက်က အေးနေတယ်။ ကုန်သွယ်ရေးအတား အဆီးတွေရှိနေတယ်။ ငွေကြေးဈေးကွက်မှာ ကျပ်ငွေရှားသလို ဖြစ်နေတယ်။ ငွေကြေး လည်ပတ်မှုပုံမှန် မဟုတ်ဘူး။ စားသုံးသူလက်ထဲရော၊ အသေးစား အလတ်စားလုပ်ငန်းရှင် တွေလက်ထဲရော ငွေမရှိဘူး။ ဒါတွေ ကိုဖြည့်ဆည်းနိုင်ဖို့လိုတယ်။ အရေးကြီးတာက လုပ်ငန်းရှင်တွေလက်က စီးထွက်သွားတဲ့ကျပ်ငွေတွေနဲ့ အမေရိကန်ဒေါ်လာ ပမာဏ များများ ထုတ်ရောင်းလို့ရတဲ့ ကျပ်ငွေတွေကို ဘယ်မှာသုံးမလဲ ဆိုတဲ့အချက်ပါ။ လှည့်ပတ်သုံးစွဲလို့ရတဲ့ ဈေးကွက် တစ်ခုခုထဲကို ပြန်မ၀င်လာရင် ကျပ်ငွေတန်ဖိုး ပိုမြင့်လာနိုင်တယ်”ဟု ထင်မြင်ချက် ပေးပါသည်။
“ပြီးခဲ့တဲ့မေလအတွင်းက နေပြည်တော်တွင် ပြုလုပ်သွားတဲ့ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးနဲ့ ပတ်သက် တဲ့ ဆွေးနွေးပွဲမှာ ဒါနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားခဲ့ပြီး အခုလို ဒေါ်လာငွေတွေအ၀င် များပြီး ပို့ကုန်လုပ်ငန်းတွေ ထိခိုက်တယ်ဆိုတော့ ဒါကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့မူဝါဒတွေ ပြောင်းလဲရုံ နဲ့ အဖြေရ မရ၊ ဆိုတာနဲ့နည်းလမ်း တွေ ရှာဖွေဖို့လိုအပ်နေပါပြီ”ဟု စီးပွားရေးပညာရှင် တစ်ဦးကလည်း ပြောပြခဲ့သည်။
“သီးနှံနဲ့ ပတ်သက်ပြီးလည်း ပြည်ပ၀ယ်လိုအား နည်းသလို တင်ပို့ပြီးသား အတိုင်းအတာကလည်း ဈေးကောင်းမရတာရှိတယ်။ ဒီကြားထဲ မိုးထိလို့ သီးနှံတွေပျက်စီးတာရှိတယ်ဆိုတော့ ဒီနှစ်စိုက်ပျိုးရေးကဏ္ဍမှာ တော်တော်ရုန်းရမယ့် အခြေအနေ ရှိပါတယ်”ဟု စိုက်ပျိုးရေးပညာရှင် တစ်ဦးက ပြောပြခဲ့သည်။
“စီးပွားရေးလောကမှာ လူတိုင်း သိတဲ့ ကျင့်ဝတ်ရှိတယ်။ ဈေးဖြတ်ပြီးသား ကုန်ပစ္စည်းကို ဈေးဖြတ်တဲ့ အတိုင်းပဲ လျှောက်ရမယ်၊ ရှုံ့ချည် နှပ်ချည်လုပ်လို့မရဘူး။ ဒါက Ethic ပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီ Ethic ကို မချိုးဖောက်ချင်ဘဲ ချိုးဖောက်လိုက်ရတယ်။ တစ်ဒေါ်လာ ကို ကျပ် ၈၅၀ ၀န်းကျင်ပေါက်ဈေး ရှိတဲ့အချိန်က ပြည်ပက အမှာစာ ရတဲ့အတွက် ကွန်တိန်နာခြောက်လုံးစာ ကျွန်တော်ပို့ပေးဖို့ သဘောတူခဲ့တယ်။ ဒါပေမယ့် ရက်ပိုင်းလေးနဲ့ တစ်ဒေါ်လာကို ကျပ် ၇၈၀ အထိ ရောက်သွားတဲ့အတွက် ကျွန်တော် သဘောတူထားတဲ့ ဈေးဖြတ်ပြီးသား ကိစ္စကို ကျင့်ဝတ်ကိုတောင် မစောင့်နိုင်တော့ဘဲ ပြည်ပက၀ယ်လက်ကို ပြန်ပြီး တောင်းတောင်းပန်ပန်နဲ့ ပြောခဲ့ရတယ်။ ကျင့်ဝတ်ဖောက်တာ မဟုတ်ပါဘူး စုံစမ်းကြည့်ပြီး ငဲ့ပေးဖို့ပေါ့။ အဲဒီတော့မှ တစ်ဖက်လုပ်ငန်း ရှင်က ၅ ရာခိုင်နှုန်း ဈေးတိုးပေးပါမယ်။ ဒါပေမယ့် ဒီတစ်ကြိမ်ပဲဆိုပြီး အကြောင်းပြန်တယ်”ဟု ပြည်ပပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
“အရင်တုန်းက ဈေးဖြတ်ပြီး ပို့ပါမယ်လို့ သဘောတူထားတဲ့ ပမာဏကိုတော့ဆက်ပြီး ပို့နေတယ်။ အသစ်ကတော့ လက်မခံရဲဘူး။ ဘယ်အထိ ဈေးကျမယ်ဆိုတာမှ မသိတာ။ ရှင်းရှင်းပြောရရင် တစ်လကျော် လောက်သာ ဒီအတိုင်းငွေဈေး ကျနေရင်၊ ဒါမှမဟုတ် အခုကျွန်တော်တို့ လုပ်ငန်းရှင်တွေ ခန့်မှန်းထားတဲ့ တစ်ဒေါ်လာ ကျပ် ၇၅၀ လောက်ထိ ဖြစ်သွားရင် လုပ်ငန်းအသေးတွေ၊ အလတ်တွေရပ်ပြီဆိုတာ အသေအချာပဲ”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦး ကလည်း ပြောကြားခဲ့သည်။
“အဓိကဖြစ်နေတာက ဒေါ်လာဈေးတစ်ခုထဲကျပြီး ကျန်တဲ့ကုန် ကြမ်းဈေး၊ ကုန်ထုတ်လုပ်စရိတ်၊ ဈေးကွက်ထဲ ပြန်ဝယ်သုံးနေရတဲ့ စရိတ်၊ သယ်ယူစရိတ်တစ်ခုမှ မကျဘူး။ ကဲ ဘာဆက်လုပ်မလဲ”ဟု အသေးစားပို့ကုန် လုပ်ငန်းရှင်တစ်ဦး ကလည်း ရှင်းပြခဲ့ပါသည်။
“ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာ ဘယ်လုပ်ငန်းရှင်မဆို ဘယ်သူမဆို မှန်းထားတာက ကား ဈေးကျလိမ့်မယ်ဆိုတာပဲ။ အခုတော့ ကားဈေးက ပြန်တက်တယ်ဆိုတဲ့ အတွက် မူမမှန်ဘူး Reverse Impact ဖြစ်နေတယ် ပြောရမှာပဲ။ မဖြစ်သင့်ဘူး။ လူတွေက အခုထိလည်း ကာလတိုဈေးကွက်ထဲက ရုန်းမထွက်နိုင် ကြဘူး။ ဆင်းရဲမွဲတေမှုတိုက်ဖျက်ဖို့ လုပ်ဆောင်နေတဲ့အထဲမှာ ကုန်သွယ်မှု မူဝါဒတစ်ခုတည်း ပြောင်းလဲလို့ မရ ဘူး။ ငွေကြေးစနစ်၊ ငွေကြေးမူဝါဒ ပါ ပြောင်းလဲမှရမယ်။ ဒီမှာကဘဏ် စနစ်က မဖွံ့ဖြိုးဘူး။ အတိုးနှုန်းက လည်း နိုင်ငံတကာထက် နှစ်ဆ ရှိတယ်။ ငွေကျုံ့နေချိန်မှာ အတိုးနှုန်း မြင့်လွန်းတာကြောင့် စီးပွားရေး က ‘သေ’နေတယ်။ မတရား အခွင့်အရေးရနေတဲ့သူတွေက ခေတ်နောက် ပြန်ဆွဲနေတယ်။ ဒါကြောင့် အခုဒေါ်လာဈေးလို၊ ကားဈေးလို မဖြစ်သင့်တာတွေ ဖြစ်နေရတယ်”ဟု ဂျာနယ်လစ်တစ်ဦးကလည်း ပြော ကြားခဲ့သည်။
“တောင်သူတွေ ထိပြီ။ ပဲဈေး ထက်ဝက်မက ကျနေပြီ။ မတ်ပဲနဲ့ ပဲစင်းငုံ။ ဆန်ဈေးတက်မလာဘူး။ စပါးဈေးကတော့ အနိမ့်ဈေးမှာပဲ သွားနေတုန်းပဲ။ ပို့ကုန်လုပ်ငန်းရှင်ကလည်း သူရှင်သန်နိုင်တဲ့အတိုင်း အတာထိပဲ တောင်သူတွေဆီက ပေးဝယ်နိုင်မှာပေါ့။ ဒါကြောင့်တောင်သူတွေ ရတဲ့ဈေးကကျတယ်၊ တောင်သူ တွေဝယ်သုံးရတဲ့ သွင်းအားစုဖြစ်တဲ့ ဓာတ်မြေသြဇာဈေးကျလား၊ တခြား ပစ္စည်းဈေးတွေကျလား ဆိုတော့ မကျဘူး။ တောင်သူတွေဟာ ရာသီဥတုကြောင့် တစ်မျိုး အခုငွေဈေးကြောင့် တစ်မျိုး တိုက်ရိုက်ကိုထိခိုက် ခံနေရပြီ”ဟု လယ်ယာထွက်ကုန် ပြည်ပတင်ပို့သည့် လုပ်ငန်းရှင်တစ်ဦး က ရှင်းပြခဲ့သည်။
ယခု ဈေးကျဆင်းမှုသည် သာမန်ဖြစ်စဉ်အဖြစ် သတ်မှတ်၍ မရကြောင်း၊ လုပ်ငန်းအလတ်၊ အငယ်များ အားလုံးအပေါ် ရိုက်ခတ် လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင် များက သုံးသပ်ကြပါသည်။
၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ပြောင်းလဲလာသော ငွေကြေးဈေးနှုန်းများ(ကျပ်)
ရက်စွဲ အမေရိကန်ဒေါ်လာ      အက်ဖ်အီးစီ
၂၀၀၄ ခုနှစ်
၅-၁-၂၀၀၄     ၈၈၅    ၈၈၀
၁၂-၁-၂၀၀၄    ၈၇၅    ၈၇၀
၂၆-၁-၂၀၀၄     ၈၇၅    ၈၇၃
၆-၂-၂၀၀၄     ၈၅၀    ၈၅၀
၁၃-၂-၂၀၀၄    ၈၄၅    ၈၄၅
၂၀၀၅ ခုနှစ်
၁-၈-၂၀၀၅     ၁၁၁၀  ၁၀၈၀
၃-၈-၂၀၀၅      ၁၁၄၀  ၁၁၀၇
၁၂-၁၂-၂၀၀၅   ၁၁၂၅  ၁၁၆၅
၁၉-၁၂-၂၀၀၅   ၁၀၃၀  ၁၁၁၅
၂၀၀၆ ခုနှစ်
၂၆-၁-၂၀၀၆     ၁၁၁၀ ၁၁၄၀
၂၀-၂-၂၀၀၆    ၁၁၂၀  ၁၁၄၇
၂၀-၇-၂၀၀၆     ၁၃၂၅  ၁၂၈၀
၃၁-၇-၂၀၀၆     ၁၃၅၀  ၁၂၈၀
၂၀၀၇ ခုနှစ်
၁-၄-၂၀၀၇      ၁၃၃၇  ၁၂၆၅
၁-၅-၂၀၀၇      ၁၂၆၃  ၁၂၆၀
၁-၆-၂၀၀၇     ၁၂၆၂  ၁၂၅၇
၁-၇-၂၀၀၇     ၁၃၆၅  ၁၃၅၀
၁-၈-၂၀၀၇      ၁၂၉၃ ၁၂၇၀
၉-၉-၂၀၀၇      ၁၂၉၅  ၁၂၇၂
၃၁-၁၀-၂၀၀၇   ၁၃၀၀  ၁၂၀၀
၁-၁၁-၂၀၀၇    ၁၂၈၀  ၁၁၆၅
၂၉-၁၁-၂၀၀၇  ၁၂၇၀  ၁၂၂၅
၁၀-၁၂-၂၀၀၇  ၁၂၇၈  ၁၂၅၀
၂၀၀၈ ခုနှစ်
၇-၁-၂၀၀၈      ၁၂၇၀  ၁၂၅၀
၅-၂-၂၀၀၈      ၁၂၃၅  ၁၂၂၃
၃-၃-၂၀၀၈      ၁၁၃၀  ၁၁၃၀
၁-၄-၂၀၀၈     ၁၁၂၅  ၁၁၁၀
၁၄-၅-၂၀၀၈     ၁၁၂၅  ၁၀၆၅
၂၇-၅-၂၀၀၈    ၁၁၂၀  ၁၀၀၀
၁၇-၆-၂၀၀၈    ၁၁၈၀  ၁၀၀၀
၁၅-၇-၂၀၀၈     ၁၁၈၅ ၉၆၀
၂၉-၇-၂၀၀၈     ၁၁၇၅  ၉၁၀
၎-၈-၂၀၀၈     ၁၁၇၀ ၉၁၅
၁-၉-၂၀၀၈      ၁၂၄၀  ၁၁၄၀
၉-၁၀-၂၀၀၈     ၁၂၀၀  ၁၁၆၀
၂၄-၁၀-၂၀၀၈   ၁၂၆၀  ၁၂၅၀
၆-၁၁-၂၀၀၈     ၁၂၅၅  ၁၂၃၅
၁၉-၁၁-၂၀၀၈   ၁၂၇၀  ၁၂၂၀
၁-၁၂-၂၀၀၈    ၁၂၆၀  ၁၁၉၀
၃၁-၁၂-၂၀၀၈  ၁၁၃၀  ၁၀၂၈
၂၀၀၉ ခုနှစ်
၇-၁-၂၀၀၉      ၁၁၀၀ ၁၀၅၀
၁၃-၂-၂၀၀၉    ၁၀၀၀  ၉၇၀
၂၆-၃-၂၀၀၉     ၁၀၃၀  ၁၀၀၀
၂၂-၄-၂၀၀၉     ၁၀၅၅  ၁၀၁၀
၁၃-၅-၂၀၀၉    ၁၀၆၅  ၁၀၂၀
၇-၆-၂၀၀၉     ၁၀၈၀  ၁၀၂၅
၇-၁၀-၂၀၀၉     ၁၀၆၀  ၁၀၅၅
၉-၁၁-၂၀၀၉     ၁၀၃၀  ၁၀၁၀
၂-၁၂-၂၀၀၉   ၁၀၀၅  ၉၇၅

၂၀၁၀ ပြည့်နှစ် ဧပြီလမှ စက်တင်ဘာလအထိ ပြောင်းလဲလာသော ငွေကြေးဈေးနှုန်းများ(ကျပ်)
ရက်စွဲ အမေရိကန်ဒေါ်လာ     အက်ဖ်အီးစီ     ပြည်ပပို့ကုန်မှရငွေ(earning)
၃၀-၄-၂၀၁၀    ၉၉၀-၉၉၄       ၉၉၅-၁၀၀၃     ၁၀၉၀-၁၀၉၃
၃-၅-၂၀၁၀     ၉၉၀-၉၉၅      ၁၀၀၀-၁၀၀၄    ၁၀၉၀-၁၀၉၃
၁၆-၅-၂၀၁၀    ၉၉၀-၉၉၃      ၉၈၆-၉၉၂      ၉၈၆-၉၉၂       ၁၁၀၂-၁၁၀၅
၂-၆-၂၀၁၀     ၉၈၇-၉၉၁       ၉၇၅-၉၇၈       ၁၀၇၀-၁၀၇၃
၁၁-၆-၂၀၁၀    ၉၈၅-၉၈၈       ၉၂၀-၉၃၀       ၁၀၃၈-၁၀၄၁
၂၁-၆-၂၀၁၀    ၉၈၀-၉၈၃      ၉၄၅-၉၅၅      ၁၀၃၀-၁၀၃၃
၂၇-၇-၂၀၁၀     ၁၀၀၀-၁၀၀၃   ၉၃၀-၉၃၅       ၁၀၂၁-၁၀၂၄
၁၂-၈-၂၀၁၀    ၉၉၃-၉၉၆      ၉၁၀-၉၁၆     ၁၀၀၇-၁၀၀၈
၇-၉-၂၀၁၀    ၉၆၀-၉၇၂      ၈၄၀-၈၄၃      ၉၆၇-၉၆၈