Pages

Saturday, June 18, 2011

အရေးကြီးသည့်တရုပ်ကြီးရဲ့အကျိုးစီးပွားကိုကာကွယ် စောင့်ရှောက်လိုသော ရည်မှန်းချက် ကြောင့် မိမိတပ်မတော်သားများနှင့် KIA အဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတဆင့် ရှင်းလင်း ဖော်ပြ






Saturday, 18 June 2011 12:42
AddThis Social Bookmark Button
ကချင်ပြည်နယ်တွင်းမှ အရေးကြီးသည့် ရေအားလျှပ်စစ် စီမံကိန်းကို ကာကွယ် စောင့်ရှောက်လိုသည့် ရည်မှန်းချက် တစ်ခုတည်းဖြင့် မိမိ တပ်မတော်သားများနှင့် KIA အဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများ၌ ၂၀၁၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ရှင်းလင်းဖော်ပြချက် အရ သတင်းရရှိပါသည်။
ကချင်ပြည်နယ် အခြေစိုက် KIA အဖွဲ့သည် ကချင်ပြည်နယ်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှုများကို တားမြစ်ခြင်း၊ လုပ်ငန်းများ မအောင်မြင်အောင် နှောင့်ယှက်ခြင်း၊ ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေ သည့် တရုတ်နိုင်ငံသား ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဟန့်တား နှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများက ဖော်ပြသည်။
၂၀၁၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က မလိခမြစ် အရှေ့ဘက်ကမ်းရှိ ကျောက်ဖောက်လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ခြင်း၊ မေလ ၅ ရက်နေ့က မလိမမြစ် အရှေ့ဘက်ကမ်းရှိ လာဆာ ရေအားလျှပ်စစ် စီမံကိန်းများသို့ ၀င်ရောက်ပြီး တရုတ်နိုင်ငံသား ၀န်ထမ်းများအား မြစ်အနောက်ဘက်ကမ်းသို့ နှစ်ရက်အတွင်း ပြောင်းရွှေ့ရန်၊ မလိခမြစ် အရှေ့ဘက်ကမ်းသို့ စခန်း တိုးချဲ့ထားမှုကို အမြန် ရုပ်သိမ်းရန် ဟန့်တားမှုများ ပြုလုပ်ခြင်း၊ ဇွန်လ ၈ ရက်နေ့က ကချင်ပြည်နယ် တာပိန် ရေအားလျှပ်စစ် စီမံကိန်းတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်မတော် လုံခြုံရေး တပ်ဖွဲ့မှ စစ်သည်တစ်ဦးအား KIA အဖွဲ့က စစ်ဆေး၍ ကျောပိုးအိတ် သိမ်းဆည်းခြင်းကို တပ်မတော် အရာရှိ နှစ်ဦးက သွားရောက် ဖြေရှင်းရာ ဖမ်းဆီး ထိန်းသိမ်းခြင်းတို့ ရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းများ၏ ဖော်ပြချက်အရ သိရှိရသည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်း တည်ရှိသည့် တာပိန် ရေအားလျှပ်စစ် စီမံကိန်းသည် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံ Datang(yunnan) United Hydropower Developing (DUHD) ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။
စီမံကိန်းနှင့် ပတ်သက်၍ တရုတ် ပညာရှင်များ၊ ၀န်ထမ်းများအား KIA အဖွဲ့က ခြိမ်းခြောက်မှု ပြုလုပ်ခြင်း၊ KIA ဒွန်ဘုံ စခန်းမှ ပစ်ခတ်ခြင်း၊ တာပိန် ရေအားလျှပ်စစ် စီမံကိန်းနှင့် ယင်းသို့ ဆက်သွယ်သည့် လမ်းကြောင်းအား ခြိမ်းခြောက်ခြင်း၊ တာဝါတိုင်အား မိုင်းထောင် ဖောက်ခွဲခြင်းတို့ ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများက ရှင်းလင်းထားသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တပ်မတော်နှင့် KIA တပ်ဖွဲ့များ အကြား ပစ်ခတ်မှုများ စတင် ဖြစ်ပွားကြောင်း၊ တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ KIA ယာယီစခန်း တစ်ခုအား ဇွန်လ ၁၁ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်း ကြားခဲ့သော်လည်း ဖယ်ရှားပေးခဲ့ခြင်း မရှိ၍ ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်းလည်း သိရှိရသည်။
တပ်မတော် စစ်ကြောင်းမှ တိုက်ခိုက်မှုများကြောင့် KIA အဖွဲ့က ပြည်နယ်တွင်းမှ သံပေါင် ဘေလီတံတား ကိုးစင်း၊ သံကူကွန်ကရစ် တံတား ၁၀ စင်း၊ ကွန်ကရစ်တံတား လေးစင်း၊ သစ်သားတံတား နှစ်စင်း၊ စုစုပေါင်း တံတား ၂၅ စင်းအား ဇွန်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ အတွင်း ဖျက်ဆီးခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများက ထုတ်ပြန်ထားသည်။
စီမံကိန်းတွင် တာဝန် ထမ်းဆောင်နေသည့် DUHD ကုမ္ပဏီမှ တရုတ်နိုင်ငံသား ၂၁၅ ဦး ဇွန်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့ အတွင်း ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကာ စက်ရုံအား ဇွန်လ ၁၄ ရက်နေ့မှ စတင် ရပ်နားထားသည်ဟု ဆိုပါသည်။
ကချင်ပြည်နယ်တွင်း၌ KIA အဖွဲ့နှင့် တပ်မတော် အကြား တိုက်ပွဲများ ဖြစ်ပွားနေရခြင်းမှာ အရင်းအနှီးတန်ဖိုး၊ ထုတ်လုပ်မှုတန်ဖိုး ကြီးမားသည့် ရေအားလျှပ်စစ် စီမံကိန်းကို ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်သာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း နိုင်ငံပိုင် သတင်းစာများက ဖော်ပြခဲ့သည်။